ရန်ကုန်တိုင်း အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ရန်ကုန်နှင့် ကိုကိုးကျွန်းကို ၁ လ တကြိမ် သင်္ဘောပြေးဆွဲပေးမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)က အတွင်းရေးမှူး ဦးလှအောင် က ဧရာဝတီသို့ ပြောသည်။
၎င်းက “သင်္ဘောကတော့ တိုင်းအစိုးရရဲ့ စီမံခန့်ခွဲမှုနဲ့ YRTA ပေါင်းစပ်ပြီး ပြေးဆွဲပေးမှာ ဖြစ်တယ်။ အဓိကတော့ ကိုကိုး ကျွန်းကို သွားနေတဲ့ ပြည်သူတွေနဲ့ ကုန်စည် ပို့ဆောင်ရေးမှာ ချောမွေ့ဖို့ ဆောင်ရွက်တာ ဖြစ်တယ်။ ဒီလ နောက်ဆုံး ပတ် မှာ စတင်ပြေးဆွဲဖို့ ပြင်ဆင်နေတယ်” ဟု ရှင်းပြသည်။
အဆိုပါ ရေယာဉ် ခရီးစဉ် ပြေးဆွဲရန်အတွက် တိုင်းအစိုးရအဖွဲ့က YRTA သို့ တာဝန်ပေးထားပြီး လက်ရှိတွင် ပြေးဆွဲမည့် ရေယာဉ်၏ ရေကြောင်း ပို့ဆောင်ရေးဆိုင်ရာ အချက်အလက်များ ပြည့်စုံမှု ရှိ/မရှိကို စိစစ်လျက် ရှိသည်ဟု ၎င်းက ဆို သည်။ သို့သော် မည်သည့် သင်္ဘောအမျိုးအစားဖြင့် ပြေးဆွဲသွားမည်ကိုမူ မေးမြန်းသော်လည်း ပြန်လည် ဖြေဆိုခြင်း မရှိ ပေ။

ဦးလှအောင်က “အခုလောလောဆယ် ပထမအကြိမ် သွားမယ့် အပိုင်းမှာတော့ သင်္ဘောစီးခ ကောက်ခံဖို့ ဘာမှ လျာထား တာတော့ မရှိဘူး။ ကျွန်းနဲ့ ပတ်သက်တဲ့ ပြည်သူတွေကိုပဲ ပို့နိုင်အောင် လုပ်ဦးမယ်။ နောက်ပိုင်းကျမှ ဘာလုပ်မယ်ဆိုတာ လာမယ်” ဟု ပြောသည်။
အဓိကအားဖြင့် ကိုကိုးကျွန်းပေါ်တွင် နေထိုင်သော ပြည်သူများ သွားလာရေး အဆင်ပြေ လွယ်ကူစေရန် YRTA က ပို့ ဆောင်ပေးခြင်း ဖြစ်ပြီး ရန်ကုန်မှ ကိုကိုးကျွန်းသို့ အသွားတကြောင်းလျှင် နာရီ ၄၀ ခန့် ခုတ်မောင်းရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ကိုကိုးကျွန်းမြို့နယ်ရှိ ပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ ဒေသ ဖွံ့ဖြိုးရေး ပိုမို ဆောင်ရွက်ပေးနိုင်ရန်နှင့် ကျွန်းသို့ အလည်အပတ် သွားရောက်နိုင်ရန်အတွက် ရည်ရွယ်၍ (ရန်ကုန်-ကိုကိုးကျွန်း) အသွားနှင့် အပြန် ၆ ရက်တာ ခရီး စဉ်ကို ၁ လလျှင် ၁ ခေါက်နှုန်းဖြင့် ယခုနှစ် ဇန်နဝါရီလမှ စတင်ကာ သင်္ဘော စတင် ပြေးဆွဲမည် ဖြစ်ကြောင်း တိုင်းအစိုးရ အဖွဲ့က ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်းက ထုတ်ပြန်ထားသည်။
တိုင်းအစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက “ဒေသခံတွေရော၊ အဓိကတော့ ဝန်ထမ်းတွေ အတွက်ပေါ့။ သူတို့ အနေ နဲ့ ပုံမှန် သွားလာခွင့် ရှိမယ်ဆိုရင် ကောင်းလာမယ်။ ကိုကိုးကျွန်းမှာ ၁ နှစ်၊ ၂ နှစ် တာဝန်သွားရောက် ထမ်းဆောင်ရင် မိသားစုနဲ့ အဆက် အသွယ်တွေ ပြတ်ပြီးတော့ ဘယ်လိုမှ အဆင်မပြေဘူး။ ဒါကြောင့် သင်္ဘောနဲ့ တလ ၁ ကြိမ် ပြေးဆွဲပေး မယ်ဆိုရင် အထိုက်အလျှောက် ပြေလည်လာမယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောသည်။
အဆိုပါ ကျွန်းခရီးစဉ်သည် ၁ လမှ ၁ ကြိမ်သာ ပြေးဆွဲပေးမည် ဖြစ်သောကြောင့် ခရီးသွား လုပ်ငန်းအတွက် များစွာ မျှော် လင့်ထား၍ မရသေးကြောင်း ၎င်းက ဆိုသည်။
ယခင်က ရန်ကုန်နှင့် ကိုကိုးကျွန်း ခရီးစဉ်ကို မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းက ပြေးဆွဲခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လည် ရပ်နားခဲ့သည်။
ကိုကိုးကျွန်းသည် မြန်မာနိုင်ငံ တောင်ဘက် ဘင်္ဂလား ပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ကြားတွင် တည်ရှိပြီး ယခင်က ပုဒ်မ ၅ဖြင့် ဖမ်းဆီးထားသည့် နိုင်ငံရေးအကျဉ်းသားများ(လက်ဝဲသမား)များကို အကျဉ်စခန်းဖွင့် ပို့ဆောင်ရာ နေရာဖြစ်သည်။
ယင်း မြို့ နယ်တွင် တပ်မတော်နှင့် ဌာနဆိုင်ရာ ဝန်ထမ်း အများစု နေထိုင်လျက်ရှိကာ လူဦးရေ ၂ ထောင်ကျော် ရှိကြောင်း ပြည်သူ့ အင်အားဦးစီးဌာန စာရင်းများ အရ သိရသည်။
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် အောက်တိုဘာလက ရန်ကုန်တိုင်း လွှတ်တော် အစည်းအဝေး၌ ပန်းဘဲတန်း မဲဆန္ဒနယ် တိုင်းဒေ သကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ကိုကိုးကျွန်းသို့ သင်္ဘော ပြေးဆွဲပေးရန် ရှိမရှိ မေးခွန်း မေးမြန်းခဲ့ရာ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က (ရန်ကုန်-ကိုကိုးကျွန်း) ပုံမှန်ရေကြောင်း ခရီးစဉ် ပြေးဆွဲရန် ပုဂ္ဂလိက လုပ်ငန်းရှင်များကို တင်ဒါ ခေါ်ယူထားကြောင်း ပြန်လည် ဖြေကြားထားသည်။
ဦးသန်းနိုင်ဦးက “စီးပွားရေးအရ တွက်ချေ မကိုက်ပေမယ့် သယ်ယူပို့ဆောင်ရေး အတွက် အရှုံးခံပြီးတော့ ရေကြောင်း ပြေး ဆွဲပေးဖို့ မေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီတော့ ပြီးခဲ့တဲ့ လွှတ်တော်မှာ ကျပ်သန်း ၅၀၀၀ နဲ့ ဆောင်ရွက်မယ့် ကုမ္ပဏီတခုက တင်လာတာရှိတယ်။ ပြေးဆွဲပေးမှာတော့ ကြိုက်တယ်။ ဒါပေမယ့် Business Model ကို ပြည်သူ့ဘဏ္ဍာငွေနဲ့ အကျိုးအ မြတ်တွက်တော့ တော်တော်များက ကန့်ကွက်လို့ ပျက်သွားတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထို့ကြောင့် ပွင့်လင်းမြင်သာစွာဖြင့် အစိုးရ အစီစဉ်နှင့် ပြေးဆွဲပေးရန်သာ လိုလားကြောင်း၊ ယခု YRTA မှ တာဝန်ယူပြီး သင်္ဘော ပြေးဆွဲပေးမည် ဆိုလျှင် စီးပွားရေးအရ အမြတ်မရှိသော်လည်း ကျွန်းပေါ်တွင် နေထိုင်သည့် သူများအတွက် လူ နေမှု အဆင့်အတန်း အကျိုးသက်ရောက်မှုများမှာ ပိုမိုကောင်းမွန်လာနိုင်မည် ဖြစ်ကြောင်း ၎င်းက သုံးသပ်ပြောဆိုသည်။
ထို့ပြင်၂၀၁၇ ခုနှစ်တွင်လည်း အမျိုးသား လွှတ်တော် အစည်းဝေး၌ ရန်ကုန်တိုင်း မဲဆန္ဒနယ် အမှတ် ၈ မှ ဦးကျော်ထွေးက ကိုကိုးကျွန်းမှ ရန်ကုန်သို့မဟုတ် အခြားမြို့နယ်များသို့ သွားလာရေး လွယ်ကူစေရန် စီစဉ်ဆောင်ရွက်မှု ရှိ မရှိ မေးမြန်းခဲ့ရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒု ဝန်ကြီး ဦးကျော်ကျော်မျိုးက ရေယာဉ် ခရီးစဉ်များ ပြေးဆွဲရန် စီစဉ်နေ သည် ဟု ဖြေကြားထားသည်။
ကိုကိုးကျွန်းမြို့နယ်သည် သာယာလှပ၍ ပင်လယ် ဆိပ်ကမ်းမြို့ ဖြစ်သည့်အတွက် ကမ္ဘာလှည့်ခရီးသွားများအား ဆွဲဆောင် နိုင်မည့် Tourist Attraction ဒေသတခု အဖြစ် စီမံကိန်းချ ဆောင်ရွက်ပါက ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သည့်အပြင် ဒေသ ခံများအတွက်လည်း လူနေမှု အဆင့်အတန်း တိုးတက်ကာ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာမည် ဖြစ်သော ကြောင့် နှစ်တို၊ နှစ်ရှည် စီမံကိန်းများ ချမှတ် ရေးဆွဲလျက် ရှိကြောင်း ဒုဝန်ကြီးက ပြောဆိုခဲ့သည်။
လက်ရှိတွင် ရန်ကုန်မှ ကိုကိုးကျွန်းသို့ သွားရောက်ခြင်း၊ ကုန်စည်ပို့ဆောင်ခြင်းများ လုပ်ဆောင်ပါက အစိုးရ တာဝန်ရှိ သူ များထံသို့ ခွင့်ပြုချက်တင်၍ တပ်မတော် စစ်ရေယာဉ်နှင့် လေယာဉ်များ အသုံးပြုသွားခြင်းများ ရှိနေပြီး သာမာန် ပြည်သူ များ အနေနှင့် သွားလာရန် ခက်ခဲသည့် နေရာတခုလည်း ဖြစ်ကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှုရန်
ကိုကိုးကျွန်းသို့ ပြေးဆွဲမည့် သဘောၤဝယ်ယူမှု အစီအစဉ် ကန့်ကွက်မှုဖြင့် ကြုံနေရ