လွိုင်ကော်မြို့ ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ ဒေါ်အောင်ဆန်းစုကြည်ထံမှ ရှင်းလင်းသည့် အဖြေမရ ဟုဆို
ကယားပြည်နယ် အစိုးရမှ လွိုင်ကော်မြို့ကန္ဒာဟေဝန် ပန်းခြံတွင် စိုက်ထူထားသည့် ဗိုလ်ချုပ်အောင်ဆန်း မြင်းစီး ကြေးရုပ်အား ဖယ်ရှားပေးရေး တောင်းဆိုနေမှုနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်ထံမှ ရှင်းလင်း တိကျသည့် အဖြေမရခဲ့ကြောင်း ကရင်နီပြည် လူငယ်များထံက သိရသည်။
၆၈ နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားသို့ တက်ရောက်လာသော နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်း စုကြည်နှင့် ကရင်နီပြည် လူငယ်အင်အားစု၊ တောင်သူ လယ်သမားသမဂ္ဂတို့မှ ကိုယ်စားလှယ်များနှင့် လွိုင်ကော်မြို့ ပြည်နယ်အစိုးရ၏ ဧည့်ရိပ်သာတွင် ယနေ့ နေ့လယ်ပိုင်းက တွေ့ဆုံပြီးနောက် ကရင်နီ လူငယ်များက ပြောဆိုခြင်းဖြစ် သည်။
ယနေ့ တွေ့ဆုံပွဲတွင် ကရင်နီပြည် လူငယ်အင်အားစု၊ တောင်သူ လယ်သမား သမဂ္ဂတို့မှ ကိုယ်စားလှယ် ၇ ဦး တက် ရောက်ခဲ့ပြီး တောင်သူလယ်သမား အရေး၊ မြင်းစီးကြေးရုပ်တုအရေးနှင့် လူငယ်ဆိုင်ရာအရေး အချက် ၃ ချက်ကို အဓိ က တင်ပြခဲ့ကြောင်း သိရသည်။
ကရင်နီပြည် လူငယ်များ အင်အားစုမှ ပြောရေးဆိုခွင့်ရှိသူ ခွန်းသောမတ်စ် က “ကြေးရုပ်ကိစ္စမှာ ဒေါ်အောင်ဆန်းစု ကြည်အနေနဲ့ သူကိုယ်တိုင် ဝင်ပါမှာ မဟုတ်ဘူး။ ပါစင်နယ်ကိစ္စ ဖြစ်နေတဲ့အတွက် သူဝင်ပါလို့လည်း မသင့်တော်ဘူး ဆိုတာ ပြောတယ်။ ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ ပြည်ထောင်စုအစိုးရ၊ ပြည်နယ် အစိုးရရယ်၊ ကျနော်တို့ ပါနိုင်တဲ့ တွေ့ ဆုံဆွေးနွေး ညှိနှိုင်းရေးတခု ဖြစ်အောင် ကြိုးစားမယ်ပေါ့။ ဒါပေမယ့် ဘယ်သူဘယ်ဝါက တာဝန်ယူမယ် ဆိုတာက တော့ တိတိကျကျ အဖြေရယ်လို့ မထွက်ဘူး” ဟု ဧရာဝတီကို ပြောသည်။
ထို့အတွက်ကြောင့် ကျေနပ်အားရမှု မရှိကြောင်း၊ တောင်သူ လယ်သမားအရေးနှင့် ပတ်သက်၍ ပြောသွားသည့် အ အတိုင်း အကောင်အထည်ဖော်မည် ဆိုလျှင်တော့ ကျေနပ်အားရစရာ ဖြစ်ကြောင်း၊ တွေ့ဆုံပွဲကို ခြုံငုံပြောရလျှင် အချိန်အတိုင်းအတာနှင့် တင်ပြချက်များအရရော အောင်မြင်မှု မရှိကြောင်း ၎င်းက ဆိုသည်။
ကြေးရုပ်ကိစ္စနှင့် ပတ်သက်၍ အမြန်ဆုံး ဖြေရှင်းဆောင်ရွက်ရန် ပြည်နယ်အစိုးရ၊ ပြည်ထောင်စုအစိုးရ၊ ကရင်နီပြည် လူငယ်များ ပါဝင်သည့် တွေ့ဆုံညှိနှိုင်းမှု လမ်းစဉ်တခုကို ပြန်လည် အကောင်အထည်ဖော်မည့် ပုံစံမျိုး ပြောဆိုသွား သည်ဟု ယနေ့ တွေ့ဆုံပွဲ၏ ကရင်နီ လူငယ်များ၏ အဖွဲ့ခေါင်းဆောင် ခူးရီးရယ်(ခ)ခူးရီးဒူကလည်း အတည်ပြု ပြောဆို သည်။
ဆက်လက်၍ ၎င်းက “အချိန်က တအား နည်းလွန်းတယ်။ ပြဿနာ တခုကို အမြန်ဆုံး ဖြေရှင်းချင်တယ်၊ နည်းလမ်း ကျကျ ဖြေရှင်းဆောင်ရွက်ချင်တယ် ဆိုရင်တော့ အချိန်ပေးပြီးတော့မှ အပြန်အလှန် နားလည်မှုပေးနိုင်တဲ့ အထိ၊ ယုံ ကြည်မှု တည်ဆောက်နိုင်တဲ့အထိ အချိန်တခုထားပြီး ဖြေရှင်းမယ်ဆို ပိုကောင်းမယ်လို့ မြင်တယ်” ဟု မှတ်ချက်ပြု သည်။
သို့သော်လည်း ရရှိသည့် အချိန် ၁၀ မိနစ်အတွင်းတွင် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြမည် ဟူ၍ ရည်ရွယ်ထားသော အချက်အားလုံးကို တင်ပြနိုင်ခဲ့သလို ဗိုလ်ချုပ်ကြေးရုပ်ကိစ္စနှင့် ပတ်သက်၍လည်း တိုက် ရိုက် ပြောဆိုခွင့်ရခြင်း အပေါ် ကျေနပ်ကြောင်း ကရင်နီပြည် လူငယ်များ အင်အားစုက ပြောဆိုသည်။
တောင်သူအရေးကိစ္စနှင့် ပတ်သက်၍ နေပြည်တော် ပြန်ရောက်သည်နှင့် ရှေ့နေချုပ်ရုံးဖြင့် တိုင်ပင်ကာ အမှုကို ပြန် လည် ဆန်းစစ်ပြီး လက်ရှိဖြစ်နေသည့် ပြဿနာကို အမြန်ဆုံး ဖြေရှင်းကူညီမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြော ဆိုသွားကြောင်း ၎င်းတို့ထံက သိရသည်။
ကရင်နီပြည် တောင်သူလယ်သမား သမဂ္ဂ ဥက္ကဋ္ဌ ခူးတူရယ် က “ဒီနေ့တော့ တောင်သူဘက်က အနေနဲ့ပြောရင် မျှော် လင့်စရာ တစုံတရာ ရတယ်လို့ ယူဆတယ်။ ဒါပေမယ့် အဲဒီ မျှော်လင့်ထားတဲ့ဟာ အကောင်အထည် ဖြစ်လာမလားဆို တာတော့ ထပ်ပြီး မျှော်လင့်ရမှာပေါ့” ဟု ပြောသည်။
တောင်သူများဘဝနှင့် ရင်းပြီး ခံစားနေရသည့် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာအရ ဖိနှိပ်ခံ ခြိမ်းခြောက်ခံနေရသည့် စိုးရိမ်မှုများ ရှိနေသည့် တောင်သူများ၏ အခြေအနေများ တွေ့ဆုံပြောခွင့်ရသည့်အတွက်လည်း ကျေးဇူးတင်ကြောင်း ၎င်းက ပြောဆိုသည်။
လတ်တလောတွင် တပ်မတော်မှ သိမ်းယူထားသည့် မြေယာကိစ္စများနှင့် ပတ်သက်၍ တရားစွဲခံထားရသည့် တောင် သူ ၄၀ ဦး ရှိပြီး ၁၁ ယောက်မှာ ထောင်အချုပ်ဖြင့် ရင်ဆိုင်နေရကြောင်း သိရသည်။
ထို့ပြင် ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်အား ဖယ်ရှားပေးရေး ကရင်နီပြည်လူငယ်များက တောင်းဆိုထားမှုနှင့် ပတ်သက်၍လည်း ယနေ့အချိန်ထိ အဖြေမထွက်သေးဘဲ ရှိနေခြင်း ဖြစ်သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ပြုလုပ်သည့် ကယားပြည်နယ်နေ့ အခမ်းအနား သို့ တက်ရောက်ကာ မိန့်ခွန်းပြောကြားခဲ့ပြီး ကရင်နီပြည်လူငယ်များ အင်အားစု၊ တောင်သူလယ် သမားသမဂ္ဂတို့မှ ကိုယ်စားလှယ်များ အပြင် ဒေသခံများ၊ ရပ်မိရပ်ဖများ၊ နိုင်ငံရေးပါတီမှ ပုဂ္ဂိုလ်များနှင့်လည်း တွေ့ဆုံခဲ့ကြောင်း သိရ သည်။
ဆက်စပ်ဖတ်ရှုရန်
ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ ပြည်သူအများစု ဆန္ဒကို ရှေးရှုဆောင်ရွက်ရန် KNPP တိုက်တွန်း