သတင်း

ကျောက်မဲတွင် မူးယစ်ဆေးဝါး ကျပ် သိန်း ၄၇၀၀ ကျော်ဖိုး ဖမ်းမိ

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့တွင် ကာလတန်ဖိုး ကျပ် သိန်း ၄ ထောင် ၇ ရာကျော် ဖိုးရှိ ဘိန်းဖြူနှင့် ရာဘ ဆေးပြားများကို ဇန်နဝါရီ ၁၄ ရက်နေ့ညက ဖမ်းဆီးရမိကြောင်း သိရှိရသည်။

မူဆယ်- မန္တလေး ပြည်ထောင်စုလမ်းမကြီး ကျောက်မဲမြို့အဝင် အိုရီယမ်တယ် တိုးဂိတ်အနီးတွင် ကျောက်မဲမြို့ပေါ် လှုပ်ရှား မူးယစ် အထူးတပ်ဖွဲ့ တပ်စုအဖွဲ့က သတင်းအရ စောင့်ဆိုင်းနေစဉ် ယာဉ်မောင်း ထွန်းလွင်နှင့် ဗီသင်္ကြန်လွင် (ခ) သားငယ်တို့ မောင်းလာသည့် ကားအတွင်း၌ ရာဘဆေးပြားပေါင်း ၂ သိန်းနှင့် ဘိန်းဖြူ ၂ ဒသမ ၅၉ ကီလိုဂရမ် ကာလတန်ဖိုး ကျပ် သိန်း ၄ ထောင် ၇ ရာကျော် (သိန်း ၄၇၇၇၀၀၀၀၀)ဖိုး ဖမ်းဆီးရမိခြင်း ဖြစ်သည်ဟု ကျောက်မဲမြို့မ စခန်းမှူး (ခေတ္တ) ဒုရဲမှူး အောင်ဌေးဝင်းက ဧရာဝတီသို့ ပြောကြားသည်။

ဒု ရဲမှူး အောင်ဌေးဝင်းက“မနေ့ညက ဖမ်းမိပါတယ်။ အခုဖမ်းမိတဲ့ ၂ယောက်ကို တရုတ် တယောက်က တယောက်ကို ပို့ခ ကျပ် ၁ သိန်းပေးပြီး လားရှိုးကနေ မိုးကုတ်ကို သယ်ခိုင်းတာပါ”ဟု ပြောသည်။

လားရှိုးမြို့တွင် အားယုတ်ဆိုသည့် တရုတ် လူမျိုးတဦးက ၎င်းတို့နှစ်ဦးအား စင်းလုံးငှား ခရီးသည်တင် အငှားယာဉ် တစီးနှင့် လမ်းခရီးတွင် စားသောက်ရန်၊ ကားဆီဖြည့်ရန် အတွက် ငွေ ၃ သိန်းကျပ်ကို ပေး၍ မိုးကုတ်မြို့သို့ ပို့ဆောင် ပေးရန် ပြောပြီး အားယုတ်က မိုင်းရယ် အရောက်တွင် ဆင်းသွားခဲ့သည်ဟု ရဲတပ်ဖွဲ့မှ သိရသည်။

ကျောက်မဲ ဒေသခံတဦးက“အမှန်ကတော့ ဖမ်းမိမှသာ ပမာဏ ဘယ်ရွေ့ဘယ်မျှများတယ် ဆိုတာ သိလာပြီး ပြောနေ ကြတာ။ နေ့စဉ် ပမာဏ ဘယ်လောက်အထိ သယ်နေကြသလဲဆိုတာ စဉ်းစားဖို့လိုမယ်။ ဘယ်လိုလုပ် အမြစ်ပြတ် မလဲ။ အမြစ်ပြတ်ချင်ရင် နေ့စဉ် နေ့၊ ညပါ စဉ်ဆက်မပြတ် ဗျူဟာတရပ်ချပြီး အပြတ်လုပ်မှ ရမှာပါ”ဟု ပြောဆိုသည်။

ကျောက်မဲမြို့တွင် ယခု ဇန်နဝါရီလအတွင်း မူးယစ်မှုပေါင်း ၇ မှုဖမ်းမိရာ ကာလတန်ဖိုး အရ ယခုဖမ်းမိသည့်အမှုသည် ဒုတိယအများဆုံး ဖမ်းမိဖြစ်ပြီး ပထမဆုံးဖမ်းမိသည့် ဘိန်းဖြူပေါင်းသည် ကာလတန်ဖိုး ကျပ် သိန်း ၁သောင်း ၃ထောင် ၂ ရာ ဖိုး ဖမ်းမိခဲ့သည်ဟု ဒု ရဲမှူး အောင်ဌေးဝင်းက ပြောသည်။

ဒေသအတွင်း အလုပ်အကိုင်ရှားပါးမှုကြောင့် မူးယစ်ဆေးဝါး သယ်ဆောင်ပေးသူ၊ ပြန်လည်ရောင်းချသူ၊ ဆေးပြားများ  လွယ်ကူစွာ ရရှိနေသည့် အတွက် သုံးစွဲသူ များလာခြင်းတို့ကြောင့် ဆေးဝါးဖြန့်ဖြူးသူများလည်း များပြားလာကြောင်း လည်း ၎င်းက ပြောဆိုသည်။

လာရှိုး မူးယစ်တပ်ဖွဲ့စုမှ ရဲအုပ် ဖိုးလပြည့်က တရားလိုပြုလုပ်၍ မူးယစ်ဆေးဝါးများအား သယ်ဆောင်လာသူ ထွန်းလွင် နှင့် ဗီသင်္ကြန်လွင်(ခ) သားငယ်တို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉(က)၊ ၂၀(က)နှင့် ပုဒ်မ ၂၁ တို့ဖြင့် အရေးယူထားကြောင်း ကျောက်မဲမြို့မ ရဲစခန်းက ပြောသည်။

ပုဒ်မ ၁၉(က)သည် မူးယစ်ဆေးဝါး ရောင်းချရန် သယ်ဆောင်ခြင်း၊ လက်ဝယ်ထားရှိခြင်း၊ လွှဲပြောင်းခြင်း၊ ပေးပို့ခြင်း ဆိုင်ရာ ပုဒ်မဖြစ်ပြီး ယင်း ပုဒ်မ ၁၉ (က) ကို ကျူးလွန်ပါက အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်မှ နှစ်အကန့်အသတ်မရှိ ချမှတ်နိုင်သည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ဆိုသည်။

ပုဒ်မ ၂၀(က) သည် လက်ဝယ် တွေ့ရှိမှု အတွက် အရေးယူသော ပုဒ်မဖြစ်ပြီး ပုဒ်မ ၂၁ သည် မူးယစ်ဆေးဝါး သယ်ဆောင် ရာတွင် အားပေးကူညီမှု အတွက် အရေးယူသော ပုဒ်မ ဖြစ်ကြောင်း၊ ယင်း ပုဒ်မ ၂ ခုလုံးသည် ပြစ်ဒဏ် အရ ထောင်ဒဏ် ၅ နှစ်မှ နှစ်အကန့် အသတ်မရှိ ချမှတ်နိုင်ကြောင်း သိရသည်။

You may also like these stories:

လွိုင်ကော်မြို့ ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ ဒေါ်အောင်ဆန်းစုကြည်ထံမှ ရှင်းလင်းသည့် အဖြေမရ ဟုဆို

အစိုးရ ဝန်ထမ်းဟောင်းများဖြင့် ဖွဲ့စည်းလိုက်သည့် လူ့အခွင့်အရေး ကော်မရှင်သစ် ဝေဖန်ခံရ

ကိုကိုးကျွန်းသို့ ယခုလ နောက်ဆုံးပတ်မှစ၍ သင်္ဘောဆွဲတော့မည်

Did you find apk for android? You can find new Free Android Games and apps.
Loading