တနင်္သာရီ တိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ ကျွဲကူးကျေးရွာ၊ ကျွဲကူး လှေဒေါက်ကျင်းတွင် ဆိုက်ထား သည့် စက်လှေပေါ်မှ ကျပ် ၂၇.၆၄ ဘီလီယံ(ကျပ်သိန်း ၂၇၆,၄၀၀)ခန့် တန်ဖိုးရှိ ကတ်တမင်း ၄၉၀ ကီလို နှင့် ICE ၂၀၁ ကီလိုအား ဇန်နဝါရီ ၁၃ ရက်နေ့ ညပိုင်းက ဖမ်းမိခဲ့ကြောင်း မြိတ်မြို့မရဲစခန်းက သိရသည်။
မြိတ်မြို့မရဲစခန်းမှူး ဒုရဲမှူး ချိုလွင်က “ရပ်ထားတဲ့ စက်လှေပေါ်မှာ မိတာပါ။ လှေက နာမည်လည်း မရှိဘူး။ လှေပိုင်ရှင် ကိုတော့ မမိသေးဘူး။ မဖမ်းရသေးဘူး။ ကျနော်တို့ စခန်းမှာတော့ ၃ ယောက်ကို လာလွှဲထား တာပေါ့။ သူတို့က ပြည်ပပို့ဖို့လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်၊ သေချာတော့ မပြောနိုင်သေးဘူး”ဟု ဧရာဝတီသို့ပြောသည်။
အဆိုပါ စက်လှေပေါ်တွင် မူးယစ်ဆေးဝါးများ နှင့်အတူ မြင့်ဇော်၊ မောင်သိန်းကျော်နိုင်(ခ)မောင်ရေ နှင့် မျိုးဝင်း ဆိုသူ တို့ကိုလည်း ဖမ်းမိခဲ့ပြီး မြိတ်မြို့မရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားသည်။
ဖမ်းမိထားသည့် မူးယစ်ဆေးဝါးများအား ဒေသပေါက်ဈေး ခန့်မှန်းတန်းဖိုးအရ ကတ်တမင်နှင့် ICE မူးယစ် ဆေးဝါး ၁ ကီလိုလျှင် ကျပ်သိန်း ၄၀၀ နှုန်းဖြင့် တွက်ချက်ထားခြင်းဖြစ်သည်ဟုလည်း သိရသည်။
လက်ရှိတွင် ဖမ်းမိထားသူ မြင့်ဇော်ပါ ၃ ဦးအား မြိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)/၂၀(က)/၂၂(ခ)/၂၁ တို့ဖြင့် အမှုဖွင့် စစ်ဆေးလျှက်ရှိ ရာတွင် ကွင်းဆက်အနေဖြင့် မြင့်ဇော်၏နေအိမ်တွင် ၎င်း၏ အစ်ကိုဝမ်းကွဲ တော်စပ်သူ အင်ကို ဆိုသူအား မူးယစ်ဆေးနှင့် လက်လုပ် လေသေနတ် ၁ လက်တို့နှင့်အတူ ဖမ်းမိခဲ့ကြောင်းလည်း ပြည်ထဲရေးဝန်ကြီး ဌာနက ယနေ့တွင် သတင်း ထုတ်ပြန်ထားသည်။
ယင်းထုတ်ပြန်ချက်အရ မြင့်ဇော်၏ နေအိမ် အိပ်ခန်းအတွင်းရှိ လက်ဆွဲအိတ်အတွင်း ပလတ်စတစ်အိတ်ဖြင့် ထည့်ထားသည့် ICE မူးယစ်ဆေး ၁ ကီလို၊ ICON စကားပြောစက် ၁ လုံး၊ လက်လုပ်လေသေနတ် ၁ လက်နှင့် ဖုန်းတလုံးတို့နှင့်အတူ အင်ကို ဆိုသူအား ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။
ယင်းသို့ဖမ်းမိမှုနှင့် ပတ်သက်၍လည်း မြင့်ဇော်နှင့် အင်ကို ဆိုသူတို့အား ကော့သောင်းမြို့မရဲစခန်း တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/ ၂၁ / ၂၂(ခ) တို့ဖြင့် အမှုဖွင့် ဖမ်းဆီးစစ်ဆေးလျှက်ရှိကြောင်း သိရသည်။
၂၀၁၉ ခုနှစ်အတွင်းကလည်း တနင်္သာရီ ကမ်းရိုးတန်း၊ ကော့သောင်းပင်လယ်ပြင်အတွင်း စက်လှေဖြင့် တင်ဆောင်လာသည့် ICE မူးယစ်ဆေးများနှင့် ပင်လယ်ပြင်တွင် မျောပါလာသည့် ICE မူးယစ်ဆေးဝါး ကျပ် ၇၅ ဘီလီယံကျော်ဖိုးကိုလည်း တပ်မတော်ရေ ဖမ်းမိခဲ့သည်။
ယင်းဖမ်းဆီးရမိမှုများတွင် စက်လှေပေါ် လိုက်ပါလာသူများမှာ အခကြေးငွေရယူကာ နောက်ကွယ်က ပို့ဆောင် ခိုင်းသူများ၏ သတ်မှတ်နေရာသို့ ပို့ဆောင်ရခြင်းဖြစ်ပြီး ထိုင်းနိုင်ငံရေပြင်အနီးနှင့် မလေးရှားနှင့် အင်ဒိုနီးရှား ရေပြင်အကြားတို့ကို ပို့ဆောင်ရန် ထွက်ခွာလာခြင်း ဖြစ်ကြောင်း ရဲထံ ထွက်ဆိုထားမှုများ ပြုလုပ်ထားသည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၄ ရက်နေ့ကလည်း ထိုင်းနှင့်မလေးရှား ရေပိုင်နက် အစပ်သို့ ပို့ဆောင်မည့် ICE မူးယစ်ဆေး(တန်ဖိုး ရူပီး ကုဋေ ၃၀၀၊ ကန်ဒေါ်လာအားဖြင့် အမေရိကန်ဒေါ်လာ ၂၄ သန်းခန့်)များနှင့် မြန်မာနိုင်ငံသား ၆ ဦးလိုက်ပါလာသည့် စက်လှေတစင်းအား အိန္ဒိယနိုင်ငံပိုင် နီကိုဘာကျွန်းအနီးတွင် တွေ့ရှိသဖြင့် လိုက်လံဖမ်းဆီးနိုင်ခဲ့ကြောင်း အိန္ဒိယ ကမ်းခြေစောင့်တပ်ဖွဲ့က ကြေညာထားသည်။
ထို့ပြင် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၀ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ ပါရမီမီးပွိုင့် အနီးတွင် ရပ်တန့်ထားသည့် ယာဉ်တစီးပေါ်မှ ကျပ် ၆၆.၆ ဘီလီယံခန့် တန်ဖိုးရှိ ICE မူးယစ်ဆေးဝါးများကိုလည်း ဖမ်းမိခဲ့သေးသည်။
ဆက်စပ်လင့်
ရန်ကုန်တွင် ကျပ် ၆၆ ဘီလီယံကျော်ဖိုး ICE မူးယစ်ဆေးများ ဖမ်းမိ
တရားမဝင်ကုန်စည် ဝင်ရောက်မှု ရေကြောင်းရဲများ ဖွဲ့၍ဖမ်းဆီးရန် စီစဉ်နေ