တရုတ်နိုင်ငံ၏ ရပ်ဝန်းတခု လမ်းကြောင်းတခု စီမံကိန်း (BRI) အရ စီးပွားရေး၊ ကုန်သွယ်ရေး နှင့် အခြေခံ အဆောက်အဦ တည်ဆောက်ခြင်း လုပ်ငန်းများ မြန်မြန်ရောက်ရန် ဆုတောင်းမေတ္တာပို့ နေကြောင်း “ဝ” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) က သတင်းထုတ်ပြန် ထားသည်။
မြန်မာ–တရုတ် ဆက်ဆံရေး နှစ် ၇၀ ပြည့် အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံကို လာရောက် လည်ပတ်မည့် တရုတ်သမ္မတ ရှီကျင့်ဖျင် ၏ ခရီးစဉ်ကို UWSA က ကြိုဆိုကြောင်း ဇန်နဝါရီလ ၁၅ ရက်က ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားခြင်းဖြစ်သည်။
BRI စီမံကိန်း အရ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် အခြေခံဆောက်လုပ်ရေး ကဏ္ဍများ တည်ဆောက်ရေးသည် ဖွံ့ဖြိုးမှုနောက်ကျနေသော မြန်မာနိုင်ငံမြောက်ပိုင်း တိုင်းရင်းသားဒေသများသို့ စောလျင်စွာ အကျိုးသက်ရောက် ရန်လည်း UWSA အနေနှင့် ဆုတောင်းမေတ္တာပို့နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
UWSA ပြင်ပဆက်ဆံရေး တာဝန်ခံ ဦးညီရန်း က “ကျနော်တို့ အပြုသဘော ကြိုဆိုဝမ်းမြောက်ပါတယ်။ ဒါကတော့ အိမ်နီးနားချင်းတွေနဲ့ ပူးပေါင်းခြင်းအားဖြင့် ဒေသအတွင်း အဘက်ဘက်က ဖွံ့ဖြိုးတိုးတက်မှုတွေကို အထောက်အကူပြုတယ်” ဟု ဧရာဝတီသို့ ပြောကြားသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၁ ရက်ဝန်းကျင်ကလည်း တရုတ်နိုင်ငံ၏ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကော့ရှန် သည် UWSA ဌာနချုပ်ရှိရာ ပန်ဆန်းသို့ လာရောက်ခဲ့ပြီး ဗဟိုပေါလစ်ဗျူရို လူကြီးများနှင့် တွေ့ဆုံခဲ့သေးကြောင်း သိရသည်။
မြန်မာနိုင်ငံမြောက်ပိုင်း၏ ငြိမ်းချမ်းရေး ပြဿနာသည် မြန်မာ–တရုတ်နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပြည်သူလူထု ဆက်ဆံရေး ဖွံဖြိုးမှုတို့နှင့် သက်ဆိုင်ကြောင်း UWSA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံမြောက်ပိုင်း ပြဿနာကို ဖြေရှင်းရန် လက်တွေ့ အခြေအနေနှင့် ကိုက်ညီပြီး ထိရောက်သည့် နိုင်ငံရေးနည်းလမ်း ရှာတွေ့နိုင်ရေး မျှော်လင့်ကြောင်း၊ လိုအပ်သော စွမ်းဆောင်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း UWSA ၏ ထုတ်ပြန်ချက်တွင် ဆိုထားသည်။
လာမည့် ဇန်နဝါရီလ ၁၇ ရက်၊ ၁၈ ရက်တွင် တရုတ်သမ္မတ ရှီကျင့်ဖျင် မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်ပြီး BRI စီမံကိန်းဆိုင်ရာ လုပ်ငန်းများအတွက် နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးမည်ဟု တရုတ်ဘက်က သတင်းများထွက်နေသည်။
မြန်မာအစိုးရ တာဝန်ရှိသူများကမူ တရုတ်သမ္မတ၏ ခရီးစဉ်အတွင်း ကျောက်ဖြူရေနက် ဆိပ်ကမ်း စီမံကိန်း ဒုတိယအဆင့် စာချုပ်အပါအဝင် နားလည်မှုစာချွန်လွှာ အချို့လက်မှတ်ရေးထိုးမည်ဟု ပြောထားသည်။
You may also like these stories:
တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ခရီးစဉ်အတွင်း အစီအစဉ်များစွာ ရှိနေ
တရုတ်သမ္မတ ခရီးစဉ်အတွင်း ဆန်ကွဲ လွတ်လပ်စွာ တင်ပို့နိုင်ရေး MOU ရေးထိုးမည်
တရုတ်သမ္မတ ရှီကျင့်ဖျင် ရှေ့အပတ် သောကြာနေ့ ရောက်မည်