ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲခံနေရသော လက္ကာ ရွာသားများ အမှုတွင် တရားလို အပါအဝင် တရားလိုပြ သက်သေ ၄ ဦးကို ဇန်နဝါရီလ ၁၅ ရက်နေ့က တရားရုံး၌ စစ်ဆေးခဲ့ကြောင်း မိသားစုဝင်များနှင့် အမှုလိုက်ရှေ့နေများက ပြောသည်။
ယမန်နေ့ မွန်းလွဲပိုင်းက စစ်တွေခရိုင် တရားရုံးတွင် တရားလိုဖြစ်သည့် စစ်တွေမြို့မ စခန်းမှူး ဒုရဲမှူး အောင်မြဦး အပါ အဝင် တရားလိုပြ သက်သေများ ဖြစ်သည့် လက္ကာရွာ ကျေးရွာအုပ်စုမှ ရပ်ကျေးစာရေး ၁ ဦးနှင့် ကျေးရွာသား ၂ ဦးကို စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း ၎င်းအမှုအား လိုက်ပါဆောင်ရွက်သည့် တရားလွှတ်တော်ရှေ့နေ ဦးအောင်စစ်မင်းက ရှင်းပြသည်။
တရားလွှတ်တော်ရှေ့နေ ဦးအောင်စစ်မင်း က “ဒီနေ့ တရားခွင် ဆောင်ရွက်ချက်မှာ တရားလိုနဲ့ တရားလိုပြ သက်သေ တွေကို စစ်ဆေးခဲ့ပါတယ်။ တရားလို ရဲအရာရှိကို စစ်ဆေးတဲ့အခါမှာတော့ တပ်မတော်က အထောက်အထားနဲ့တကွ လာရောက် တိုင်တန်းလာတဲ့ အတွက်ကြောင့် သူတို့အနေနဲ့ တရားလို အဖြစ် အမှုဖွင့်လှစ် ဆောင်ရွက်ခြင်း ဖြစ်တယ် ဆိုတာ ထွက်ဆိုတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ အကြမ်းဖက်မှု ဥပဒေဖြင့် တရားစွဲခံရသည့် လက္ကာ ကျေးရွာသားများအမှုတွင် တရားလို ဘက်မှ စစ်ဘက်၊ ရဲဘက် နှင့်အရပ်ဘက် အပါအဝင် တရားလိုပြ သက်သေ ၂၆ ဦး အား ရုံးတော်၌ တင်ပြထားကြောင်းလည်း အမှုလိုက်ရှေ့နေများ ထံမှ သိရသည်။
ထိုသို့ တရားလိုဘက်မှ တင်ပြထားသည့် သက်သေ ၂၆ ဦးထဲမှ လက်ရှိအချိန်တွင် တရားလိုပြ သက်သေ ၅ ဦး စစ်ဆေးမှု ပြီးစီးခဲ့ကာ တရားရုံးချိန်း ၂၀ ကျော်အထိ ရှိလာပြီ ဖြစ်သည်။
ယမန်နေ့က စစ်တွေခရိုင်တရားရုံးရှိ အမှု စစ်ဆေးနေသည့် တရားခွင်ရှေ့တွင် ဖမ်းဆီးခံ မိသားစုဝင်များ ရောက်ရှိသည်ကို တွေ့ရှိခဲ့ရပြီး အမှုအား ညနေ ၄ နာရီကျော်အထိ စစ်ဆေးခဲ့သည်။
ဖမ်းဆီးခံ လက္ကာရွာသား ဦးခင်မောင်စိုး၏ ဇနီး ဒေါ်သိန်းမရီက “ကျမတို့ တရားရုံးလာရတဲ့ အခက်အခဲတွေက အများ ကြီးပဲ။ တိုက်ပွဲ ဖြစ်နေရင်လည်း ရုံးချိန်းဆို ရောက်အောင်လာတယ်။ ကျမတို့ မလာဘူးဆိုရင် အထဲက လူတွေက စိတ်အား ငယ်တယ်လေ။ ရုံးချိန်း လာရင်းနဲ့ ကျမတို့မှာ ဘာမှ မကျန်တော့ဘူး။ အကုန် အခက်အခဲရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ရက္ခိုင့်တပ်မတော် (AA) သည် ၂၀၁၉ ခုနှစ် ဧပြီလ ၉ ရက်နေ့ ညဉ့်အချိန်က မြောက်ဦးမြို့ ကိုးသောင်းဘုရား အနီးက ရဲတပ်ရင်း ၁ ခုနှင့် လေးမြို့ မြစ်ကမ်းနံဘေးမှ တပ်မတော် ယာယီ စခန်းချထားသည့် အမြောက်စခန်းတခုကို ဝင်ရောက် တိုက် ခိုက်ခဲ့သည်။
ထိုတိုက်ပွဲအတွင်း စစ်ကူလာသော တပ်မတော် စစ်ကြောင်းတခုကိုလည်း AA က လက္ကာရွာအနီး တွင် ကြားဖြတ် တိုက်ခိုက်ခဲ့သည်။
ယင်းသို့ တိုက်ပွဲဖြစ်ပွားမှု အပြီး ဧပြီလ ၁၀ ရက်နေ့ နေ့လည်ပိုင်းတွင် တပ်မတော် စစ်ကြောင်းတခုက အဆိုပါ လက္ကာ ကျေးရွာအတွင်းသို့ ဝင်ရောက်ပြီး ဒေသခံ ၂၇ ဦးကို AA တပ်ဖွဲ့ဝင်များ ဖြစ်သည်ဟုဆိုကာ ဖမ်းဆီးခဲ့ပြီး ၎င်းတို့သည် အယောင်ဆောင်ထားခြင်း ဖြစ်သည်ဟု တပ်မတော်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဧရာဝတီသို့ ပြောဆို ထားသည်။
ထိုသို့ ဖမ်းဆီးခဲ့ပြီးနောက် လက္ကာ ရွာသားများကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ ( က ) ၊ ၅၀ ( ဈ ) ၊ ၅၄ ၊ ၁၉၄၉ လက်နက်အရေးပေါ် ယာယီ ဥပဒေ ပုဒ်မ ၂၁ (က) တို့ဖြင့် ၂၀၁၉ ခုနှစ်၊ မေလ ၃၁ ရက်နေ့က မြောက်ဦးခရိုင် တရားရုံး၌ တရားစွဲဆိုခဲ့သည်။
သို့သော် လုံခြုံရေးအခြေအနေကြောင့် လက်ရှိအချိန်တွင် စစ်တွေခရိုင်တရားရုံးသို့ ရုံးပြောင်းကာ အမှု စစ်ဆေးနေခြင်း ဖြစ်သည်။
ယင်းသို့ အကြမ်းဖက် ဥပဒေ ဖြင့် တရားရင်ဆိုင်နေရသည့် လက္ကာ ရွာသားများအမှုတွင် အသက်အပြည့်သေးသူ လူငယ် ၂ ဦးပါဝင်ပြီး လက်ရှိအချိန်တွင် ၎င်းလူငယ် ၂ ဦး ကို အကြမ်းဖက် ဥပဒေဖြင့် မြောက်ဦးမြို့နယ် ကလေးသူငယ် တရားရုံး တွင် ၁ ဦး နှင့် စစ်တွေမြို့နယ် ကလေးသူငယ် တရားရုံးတွင် ၁ ဦး အမှု စစ်ဆေးနေကြောင်းလည်း အမှုအား လိုက်ပါ ဆောင်ရွက်ပေးနေသူ တရားလွှတ်တော် ရှေ့နေ ဦးအောင်စစ်မင်းက ဆိုသည်။
ယင်းမြောက်ဦးမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်းက AA တပ်ဖွဲ့ဝင်များ ဖမ်းဆီး ခံရမှု မရှိကြောင်း AA သတင်းပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက ဧရာဝတီ သို့ ပြောဆိုထားသည်။
လက္ကာကျေးရွာသားများအား တပ်မတော်က ဖမ်ဆီး စစ်ဆေးခဲ့စဉ်က ညှဉ်းပန်းနှိပ်စက်မှုများကို ဆိုးဝါးစွာ ခံခဲ့ရကြောင်း လည်း ဖမ်းဆီးခံ ရွာသားများက မေလ ၁၇ ရက်နေ့က ဒုတိယအကြိမ် ရမန်ယူပြီး စစ်တွေမြိ့နယ် တရားရုံးမှ အပြန် သတင်းမီဒီယာများသို့ ပြောကြားခဲ့သည်။
ဖမ်းဆီးခံ ရွာသား ၂၇ ဦးတွင် တပ်မတော် စစ်ကြောရေး၌ အသက် ၂၅ နှစ်အရွယ် ကိုဇော်မျိုးထွန်း၊ အသက် ၃၅ နှစ်အရွယ် ဦးသိန်းထွန်းစိန်နှင့် အသက် ၄၁ နှစ်ရှိ ဦးမောင်သန်းနု တို့မှာ သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသွားသည့် ကျေးရွာသား ၃ ဦးနှင့် ပတ်သက်ပြီး တပ်မတော်ဘက်က ထုတ်ပြန်ရာတွင် ဆေးပြတ်၍ သေဆုံးသူ ၁ ဦး၊ ဆွဲကြိုးချသေဆုံးသူ ၁ ဦးနှင့် နှလုံးဖောက်၍ သေဆုံးသူ ၁ ဦး စသည့် ဖြစ်စဉ်များကြောင့် သေဆုံးကြောင်း ထုတ် ပြန်ခဲ့သည်။
ရွာသား ၃ ဦး သေဆုံးမှုနှင့် ပတ်သက်ပြီးလည်း လုပ်ထုံးလုပ်နည်းနှင့်အညီ စစ်တွေမြို့ ပြည်သူ့ဆေးရုံကို ပို့ဆောင်ကာ ရင်ခွဲ စစ်ဆေးချက်များကို ရယူခဲ့ပြီး တဖက်တွင်လည်း သက်ဆိုင်ရာ ရဲစခန်းတွင် သေမှုသေခင်း နှင့် အမှု ဖွင့်ခဲ့ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဧရာဝတီသို့ ပြောဆိုထားသည်။
သို့သော်လည်း သေဆုံးသူ မိသားစုဝင်များက အလောင်းများကိုလည်း တွေ့မြင်ခွင့် မရခဲ့သလို တပ်မတော်ဘက်က အကြောင်းချက်ပေးသည့် အပေါ်လည်း အယုံအကြည် မရှိဟု ဆိုကြသည်။
လက်ရှိအခြေအနေတွင် အကြမ်းဖက်ဥပဒေဖြင့် တရားရင်ဆိုင်နေရသော အဆိုပါ လက္ကာကျေးရွာသား ၂၄ ဦးထဲမှ ရွာသား ၁၆ ဦးကို မြောက်ဦးရဲတပ်ရင်းကို ဝင်တိုက်ရာတွင် ပါဝင်သည်ဟုဆိုကာ ရဲတပ်ဖွဲ့ကနေ အကြမ်းဖက်မှု ဥပဒေ ဖြင့် ထပ်မံ တရားစွဲဆိုမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက်ဥပဒေပုဒ်မဖြင့် ထပ်မံတရားစွဲဆိုခဲ့ရသည့် လက္ကာကျေးရွာသားများမှာ ဦးခင်မောင်စိုး၊ ဦးဖိုးသာလူ၊ ကိုကျော်သန်းနိုင်၊ ဦးထွန်းမောင်၊ ဦးထွန်းကြည်၊ ကိုပျက်ယေ အပါအဝင် လက္ကာရွာသား ၁၆ ဦး ဖြစ်ကြောင်း မိသားစုဝင်များနှင့် အမှုလိုက်ပါ ဆောင်ရွက်သည့် ရှေ့နေများက ပြောသည်။
ထိုအမှုတွင် တရားခံပြေး အဖြစ် AA ခေါင်းဆောင်များ ဖြစ်ကြသည့် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၊ ဗိုလ်မှူးချုပ် ဒေါက်တာ ညိုထွန်းအောင်၊ ဗိုလ်မှူးကြီး ကျော်ဟန်နှင့် ဦးခိုင်သုခ အပါအဝင် လူပေါင်း ၁၆၀ ကျော် ပါဝင်ကြောင်း သိရသည်။
You may also like these stories:
ICJ အရေး ဖြေရှင်းနေစဉ် AA အဖွဲ့က ဖိအားပေးတိုက်နေဟု တပ်မတော်ပြော
ချင်းအမတ် ဦးဝှေ့တင်း အသက်ရှင်နေကြောင်းကို သက်သေပြမည် မဟုတ်ဟု AA ပြော