ကရင်ပြည်နယ် မြန်မာ-ထိုင်း နယ်စပ်၊ မြဝတီမြို့တွင် တရားမဝင် ဝင်ရောက်နေထိုင်သည့် တရုတ်နိုင်ငံသား ၁ ဦးနှင့် တည်း ခိုနေထိုင်ခွင့်ပြုထားသည့် အိမ်ရှင် ၄ ဦးအား တရားစွဲ အရေးယူမည် ဖြစ်ကြောင်း ပြည်နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့ စွမ်းအား အရင်းအမြစ် (လဝက) ဝန်ကြီး ဦးမင်းကိုခိုင်က ပြောသည်။
ဝန်ကြီး ဦးမင်းကိုခိုင် က “တဦးက တခြားဂိတ်ကနေ တရားမဝင် ဝင်တာပေါ့။ အဲဒီ ၁ ယောက်ကိုတော့ ကျနော်တို့ ဖမ်းပြီး တော့ တရားစွဲမယ်။ နောက်တခုက အိမ်ရှင် ၅ ယောက်မှာ ၄ ယောက်ကို အရေးယူ တရားစွဲမယ်ပေါ့။ ကျန်တဲ့တယောက် က သူ့အိမ်မှာနေတာက မြန်မာနိုင်ငံသား တရုတ်တွေ၊ နိုင်ငံသား စိစစ်ရေးကတ်ပြားတွေ ရှိတယ်။ သူ့ကိုတော့ မဖမ်းတော့ ဘူး။ လ ဝ က ဥပဒေပုဒ်မနဲ့ပဲ စွဲမယ်။ နိုင်ငံခြားသားတွေက အိမ်တွေမှာ တည်းခိုးခွင့် မရှိဘူးလေ” ဟု ပြောသည်။
ခရိုင်ရဲတပ်ဖွဲ့နှင့် လ.ဝ.က တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့ အနေဖြင့် ဇန်နဝါရီ ၁၄ ရက်က မြဝတီမြို့ အမှတ် ၃ ရပ်ကွက်နှင့် အမှတ် ၄ ရပ်ကွက်အတွင်းရှိ နေအိမ် ၅ လုံးအား ဝင်ရောက် စစ်ဆေးခဲ့ပြီး တရုတ်နိုင်ငံသား ၃၂ ဦးအား ထိန်းသိမ်းစစ် ဆေးခဲ့ကြောင်း သိရသည်။
စစ်ဆေးပြီးနောက် တရုတ်နိုင်ငံသား ၃၁ ဦးက နိုင်ငံကူးလက်မှတ် အထောက်အထားများ တင်ပြနိုင်သည့်အတွက် ပြန် လွှတ်ပေးခဲ့ပြီး ၁ ဦးမှာ တရားဝင်ဂိတ်မှ မဟုတ်ဘဲ အခြားဂိတ်မှ တရားမဝင် ဝင်ရောက်လာသည့်အတွက် တရားစွဲခြင်းဖြစ် ကြောင်းလည်း လ ဝ က မှ တာဝန်ရှိသူက ရှင်းပြသည်။
မြဝတီမြို့ပေါ် ရပ်ကွက်များအတွင်း နိုင်ငံခြားသားများ အကြောင်းကြားခြင်း မရှိဘဲ နေထိုင်ခြင်း ရှိမရှိနှင့် တရားမဝင် ဝင် ရောက်မှုများ ရှိ မရှိအား ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးခြင်းကို ဇန်နဝါရီ ၁၅ ရက်တွင်လည်း ပြုလုပ်လျက်ရှိပြီး ဖမ်းဆီးရမိမှု အခြေအနေအား မသိရှိရသေးပေ။
မြဝတီမြို့အနီး ကာစီနို လောင်းကစားဝိုင်းများ များပြားလာခြင်းနှင့် ရွှေက္ကိုလ်ဒေသတွင် တည်ဆောက်နေသည့် မြို့သစ် စီမံကိန်းတို့နှင့် ပတ်သက်ပြီး တရုတ်နိုင်ငံသား ထောင်ဂဏန်းဝန်းကျင် ဝင်ထွက် သွားလာလျက်ရှိရာတွင် စည်းကမ်း ဖောက်ဖျက်မှုများကြောင့် မြို့ခံများနှင့် ပြဿနာ ဖြစ်ပွားမှုများလည်း ရှိခဲ့သည်။
မြဝတီမြို့ခံ တဦး က “အစိုးရ စစ်ဆေးတာတွေ လုပ်နေပေမယ့် ထိထိရောက်ရောက် လုပ်တာတော့ မတွေ့ရသေးဘူး။ အိမ် တွေလောက်ပဲ စစ်သေးတယ်။ ဟိုတယ်ကို အပြတ်ငှားပြီး အများကြီး နေကြတာလည်း ရှိသေးတယ်။ လောင်းကစားဝိုင်း တွေကလည်း များလာပြီး နောက်ဆက်တွဲ မူးယစ်ဆေးပြဿနာတွေ ပိုဆိုးလာကိုလည်း စိုးရိမ်စရာပါပဲ” ဟု ပြောသည်။
မြဝတီမြို့နယ်အတွင်း နေထိုင် သွားလာနေကြသည့် တရုတ်နိုင်ငံသားများနှင့် ပတ်သက်ပြီး ဒေသတွင်း လက်နက်ကိုင် တပ်ဖွဲ့အချို့၏ ကာကွယ်ပေးမှုများ ရှိနေသည့်အတွက်လည်း ကိုင်တွယ်ဖြေရှင်းရန် အခက်အခဲ ရှိကြောင်းလည်း ဒေသခံ အချို့က ဝေဖန်ထောက်ပြ ကြသည်။
မြဝတီမြို့နယ် မဲဆန္ဒနယ်အမှတ်၂ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်အောင် က “မနေ့က စစ်တာတော့ နယ် ခြားစောင့် (BGF) တပ်ဖွဲ့တွေလည်း ပါပါတယ်။ တချို့ကတော့ လက်နက်ကိုင် တပ်ဖွဲ့တွေက ကာဗာ ပေးထားတာတွေ လည်း ရှိတယ်။ သူတို့အနေနဲ့ ကျနော်တို့နိုင်ငံရဲ့ ဥပဒေနဲ့အညီ နေထိုင်၊ လုပ်ကိုင်မယ်ဆိုရင် ဘာပြဿနာမှ မရှိပါဘူး။ ဒါထက်မှ ပိုလွန်ပြီး ဥပဒေမဲ့တွေ ဖြစ်လာရင်တော့ ဥပဒေနဲ့အညီပဲ ဆောင်ရွက်သွားရမှာပါပဲ” ဟု ပြောသည်။
မြဝတီမြို့ခံများနှင့် တရုတ်နိုင်ငံသား အချို့ ပြဿနာဖြစ်ပွားမှုများ ရှိခဲ့ပြီးနောက် တရုတ်နိုင်ငံသားများ ဝင်ရောက် နေထိုင်မှု အပေါ် ကိုင်တွယ် ဖြေရှင်းပေးရေး အစိုးရထံ တောင်းဆိုမှုများလည်း ရှိခဲ့ပြီး ပြီးခဲ့သည့် လပိုင်များတွင် မြို့ပေါ်ရှိ တရုတ်ဘာ သာဖြင့် ရေးသားထားသည့် ဆိုင်းဘုတ်များအား မြို့နယ် စည်ပင်သာယာ တာဝန်ရှိသူများက လိုက်လံ ဖြုတ်သိမ်းမှုများ ပြုလုပ်ခဲ့သည်။
ဝန်ကြီး ဦးမင်းကိုခိုင် က “အခြေအနေ ကြည့်ပြီးတော့ မြဝတီမြို့ပေါ်မှာ စစ်ဖို့ ပြောထားပြီးသားပါ။ သူတို့ စစ်ပါလိမ့်မယ်။ သတင်းရရင် ရသလို ဝင်စစ်တာတွေလည်း ရှိပါတယ်။သူတို့က Business ဗီဇာနဲ့ လာကြတာ။ လာတာက ရွှေကုက္ကိုလ် တခုတည်းတော့ မဟုတ်ပါဘူး။ တခြားနေရာမှာ လုပ်ကြတဲ့သူတွေလည်း ရှိပါတယ်။ သွားစစ်တဲ့ အချိန်ကတော့ အိမ်တွေ မှာပဲ တွေ့တာ၊ ကာစီနိုတို့ ဘာတို့မှာတော့ မဟုတ်ပါဘူး” ဟု ပြောသည်။
မြဝတီမြို့နယ်အတွင်း တရုတ်နိုင်ငံသားများနှင့် ပတ်သက်၍ အစိုးရ ဌာနဆိုင်ရာများ၏ ကိုင်တွယ် ဆောင်ရွက်မှုများ ထိ ရောက်မှု ရှိမရှိကို ဆက်လက် စောင့်ကြည့်ရမည် ဖြစ်ပြီး မြို့ခံလူထု၏ သဘောထားနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ဆက် လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်အောင် ကလည်း ပြောဆိုသည်။
You may also like these stories:
မြဝတီရောက် တရုတ်များကိစ္စ သေချာပေါက် ကိုင်တွယ်မည်ဟု ပြည်နယ်ဝန်ကြီး ပြော
ဝေဖန်မှုများနေသည့် ရွှေကုက္ကိုလ်မြို့သစ် စီမံကိန်း MIC တိုင်းဦးစီးမှူး ကွင်းဆင်းစစ်ဆေး
နိုင်ငံခြားသားများ ဥပဒေကို လေးစားလိုက်နာရန် ရန်ကုန် မြို့တော်ဝန်ပြော