မကွေးတိုင်း မင်းဘူးခရိုင်ရှိ ရွှေစက်တော်ဘေးမဲ့တောတွင် မွေးမြူထားသည့် ကြယ်လိပ် အကောင်ရေ ၁၅၀ ကျော် ပျောက်ဆုံးမှုကြောင့် တာဝန်ရှိသည့် ဝန်ထမ်းများကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သစ်တော ဦးစီးဌာန၊ သဘာဝပတ်ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေး ဌာနခွဲ မှ သိရသည်။
အဆိုပါ ဌာနခွဲ မှ ညွှန်ကြားရေးမှူး ဒေါက်တာ နိုင်ဇော်ထွန်း က “လိုက်လံ ဖော်ထုတ်စစ်ဆေးဆဲပဲ။ သတင်းအချက်အလက် ဘာမှ မရသေးဘူး။ ရဲတွေ သစ်တောတွေနဲ့ ပေါင်းပြီးတော့ ရှာတုန်းပဲ ရှိသေးတယ်။ ဝန်ထမ်းတွေကိုလည်း စစ်မှာ ကျနော်တို့ မလုပ်ရသေးဘူး။ ဌာနဆိုင်ရာ စစ်ဆေးဖို့ ကျနော်တို့ လုပ်မှာ” ဟု ပြောသည်။
ထိုသို့ ဌာနတွင်း စစ်ဆေးမှုကို မကြာမီစတင်မည်ဟု သိရသော်လည်း အသေးစိတ်အချက်အလက်များကိုမူ ထုတ်ဖော် ပြောဆိုခြင်း မရှိပါ။
ဖြစ်စဉ်မှာ ရွှေစက်တော် ဘေးမဲ့တောတွင် ဇန်နဝါရီ ၁၂ ရက်နေ့က ကြယ်လိပ် ၁၅၇ ကောင် ခိုးယူခံခဲ့ရခြင်း ဖြစ်သည်။ ယင်းသို့ ဖောက်ထွင်းခိုးယူခံရမှုကို စကုနယ်မြေ ရဲစခန်းတွင် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်း ဆိုင်ရာ ဥပဒေပုဒ်မ ၄၁၊ ပုဒ်မခွဲ (က) အရ စုံစမ်းဖော်ထုတ် အရေးယူနိုင်ရန်အတွက် သစ်တောဦးစီးဌာနမှ အမှုဖွင့် တိုင်ကြားထားသည်။
ထိုကဲ့သို့ ဖောက်ထွင်း ခိုးယူခံခဲ့ရသည့် လိပ်ခြံကို ပြန်လည်ပြင်ဆင်ထားပြီး လက်ရှိတွင် လိပ်ခြံအား ထိန်းသိမ်း စောင့်ရှောက်ရန် အတွက် ဝန်ထမ်း ၆ ဦးကို တာဝန်ပေးထားကြောင်း သဘာဝပတ်ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေး ဌာနခွဲ မှ သိရသည်။
ရွှေစက်တော် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် လိပ်မျိုးစိတ်များစွာထဲမှ ကြယ်လိပ်ကို အဓိက မွေးမြူစောင့်ရှောက် လျက်ရှိပြီး လက်ရှိတွင် အကောင် ၅၀၀ ကျော်ကို မွေးမြူစောင့်ရှောက်ထားသည်။ ထို့အပြင် ဂင်လိပ် (Yellow Tortoise) နဲ့ လိပ်ပုတ် (Myanmar Black Turtle) အချို့လည်း မွေးမြူ စောင့်ရှောက်ထားသည်။
လိပ်မျိုးဆက်ရှင်သန်ရေးအဖွဲ့ ဒါရိုက်တာ ဒေါက်တာ ကလျာက “ကြယ်လိပ်တွေက လူတွေရဲ့ ပယောဂသာ မပါရင် သူတို့ရဲ့ ပြန့်နှံ့နှုန်းတွေ သားပေါက်နှုန်းတွေက အရမ်းကောင်းတယ်။ လူတွေ ပယောဂသာ မပါရင် ကြယ်လိပ်တွေရဲ့ အနာဂတ်က စိတ်မပူရဘူး။ ဒါပေမယ့် အခု ကြယ်လိပ်က ဈေးကွက် ဝင်နေတယ်။ တရုတ်နိုင်ငံက ဝယ်လိုအား ကောင်းနေတော့ ပြည်တွင်းကလည်း စီးပွားရေး ကြပ်တည်းကျတော့ ကြယ်လိပ်ကိုမြင်ရင် ခိုးယူစရာ ငွေရစရာလို့ မြင်ကြတာပေါ့” ဟု ပြောသည်။
မြန်မာ့ကြယ်လိပ်သည် မြန်မာနိုင်ငံတွင်သာ တွေ့ရှိရပြီး ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေး နယ်မြေများ ကာကွယ် စောင့်ရှောက်ခြင်း ဆိုင်ရာ ဥပဒေအရ “လုံးဝ ကာကွယ်ထားသော တောရိုင်းတိရစ္ဆာန်များ” စာရင်းတွင် ပါဝင်ပြီး တနိုင်ငံ လုံးတွင် ၁ နှစ်လျှင် ကြယ်လိပ် ပေါက်ဖွားမှုနှုန်းသည် ပျမ်းမျှ အကောင် ၃၀၀၀ မှ ၅၀၀၀ အထိ ပေါက်ဖွားနိုင်ကြောင်း သိရသည်။
ထို့ပြင် အပြည်ပြည်ဆိုင်ရာ သဘာဝ အရင်းအမြစ်များ ထိန်းသိမ်းရေးအဖွဲ့ (IUCN) ရဲ့ သတ်မှတ်ချက် အရတော့ မျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိသော မျိုးစိတ် အဖြစ် သတ်မှတ်ထားသည်။
မြန်မာနိုင်ငံတွင် ကြယ်လိပ်များကို ရွှေစက်တော် ဘေးမဲ့တော၊ မင်းစုံတောင်ဘေးမဲ့တော၊ လောကနန္ဒာ ဘေးမဲ့တော ဥယျာဉ် နှင့် ရတနာပုံ ဥယျာဉ် တို့တွင် မွေးမြူစောင့်ရှောက်လျက်ရှိပြီး အကောင်ရေ ၉၀၀၀ ကျော်ရှိကြောင်း သိရသည်။
You may also like these stories:
နတ်မတောင် အမျိုးသားဥယျာဉ်အတွင်း အဆင့်မြင့် နည်းပညာသုံး၍ ကင်းလှည့်ဆောင်ရွက်နေ