ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးကို အဓိက ဆက်သွယ်ထားသည့် ရန်ကုန် – ပုသိမ် အဝေးပြေးလမ်း ခင်းရန်အတွက် ညောင်တုန်းမြို့နယ်ရှိ ဗိုလ်မြတ်ထွန်း မြစ်ကူးတံတားကို ဇန်နဝါရီလ ၁၅ ရက်နေ့ ည သန်းခေါင်းယံအချိန်မှစတင်၍ ရက် ၂၀ ခန့် ယာယီပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန် – ပုသိမ်လမ်းခင်းခြင်းလုပ်ငန်းကို ဆောက်လုပ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ လမ်းဦးစီးဌာနမှ တာဝန်ယူ၍ ၂၀၁၉ ခုနှစ် နိုဝင်ဘာလကစတင် ဆောင်ရွက်နေခြင်းဖြစ်ပြီး ဗိုလ်မြတ်ထွန်းတံတားအဆင်းတွင် ကွန်ကရစ်လမ်း လျှင်မြန်စွာခင်းနိုင်ရန် ယခုလို တံတားကိုယာယီ ပိတ်လိုက်ခြင်းဖြစ်ကြောင်း ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက “ကျနော်တို့က ဗိုလ်မြတ်ထွန်းတံတားရဲ့ ရန်ကုန်ဘက်အဆင်း ၄ ဖာလုံလောက်ကို ကနဦးအနေနဲ့ ပေ ၃၀ အပြည့် ကွန်ကရစ်ခင်းချင်တယ်။ လမ်းအတွက် လိုင်းတွေဘာတွေ အပြီးဆွဲချင်တယ်။ အဲတော့ အဲဒီနေရာကို တံတားပိတ်ပြီး လုပ်လိုက်မယ်ဆိုရင် ပိုမြန်မယ်။ ဒါကြောင့် ဇန်နဝါရီလ ၁၅ ရက်နေ့ ညသန်းခေါင်းယံမှာ တံတားကို စပိတ်ပါတယ်။ ခန့်မှန်းချေရက် ၂၀ လောက်ဆိုရင် ပြီးသွားမှာပါ။ အဲ့ကျရင် ပြန်ဖွင့်ပါမယ်” ဟု ဧရာဝတီကိုပြောသည်။
ရန်ကုန် – ပုသိမ် အဝေးပြေးလမ်းပေါ်ရှိ အဓိကကျသည့် ဗိုလ်မြတ်ထွန်းတံတားကို ယာယီပိတ်ထားချိန်တွင် ရန်ကုန် – ပုသိမ်သွားသောကားများ အနေဖြင့် အခြားသော ဧရာဝတီမြစ်ကူးတံတားတစ်စင်းဖြစ်သည့် ဧရာဝတီတံတား (ညောင်တုန်း) မှ ဖြတ်သန်းသွားလာနိုင်ရန် အစိုးရက စီစဉ်ပေးထားကြောင်း သိရသည်။
ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့မှ အငှားယာဉ်မောင်း ကိုဇော်သစ်က “ဗိုလ်မြတ်ထွန်းတံတားပိတ်ပေမယ့် သွားလာရေးကတော့ အခက်အခဲမရှိပါဘူး။ လမ်းလွဲှအတိုင်း ဧရာဝတီ တံတား (ညောင်တုန်း)ကနေ ဖြတ်မောင်းသွားရုံပဲ။ အဆင်ပြေပါတယ်။ အဓိကပြောချင်တာက ကျနော်တို့ ကားသမားတွေအနေနဲ့ ရန်ကုန် – ပုသိမ်လမ်း စုတ်ပြတ်နေတဲ့ အခြေအနေကို နှစ်ပေါင်းများစွာ မောင်းခဲ့ရတဲ့ အတွက် ဧရာဝတီတိုင်း အစိုးရအနေနဲ့ အခုလို လမ်းသစ်ခင်းချိန်မှာ အရည်အသွေးပြည့်မီအောင် လမ်းခင်း ပေးဖို့ပဲ ပြောချင်ပါတယ်” ဟု ပြောသည်။
ရန်ကုန် – ပုသိမ်လမ်းခင်းခြင်းကို ဧရာဝတီတိုင်းအစိုးရနှင့် ရန်ကုန်တိုင်းအစိုးရတို့ ပူးတွဲဆောင်ရွက်နေခြင်း ဖြစ်ပြီး ရန်ကုန်တိုင်းဘက်ခြမ်းတွင် လမ်းအရှည် ၁၇ မိုင်၊ ဧရာဝတီတိုင်း ဘက်ခြမ်းတွင် ၂၄ မိုင်၊ စုစုပေါင်း ၄၁ မိုင်ကို ကွန်ကရစ်လမ်းခင်းမည်ဖြစ်ကြောင်း သိရသည်။
ဧရာဝတီတိုင်းဘက်ခြမ်းတွင် ဧရာဝတီတိုင်းနယ်စပ်မှ ဗိုလ်မြတ်ထွန်းတံတား ခြေရင်းအထိ ခင်းကျင်းမည့်
လမ်းအရှည် ၂၄ မိုင်အတွက် ပြည်ထောင်စုအစိုးရ လမ်းဘတ်ဂျတ်မှ ချထားပေးငွေ ၂၈ ဘီလီယံ အသုံးပြုသွားမည်ဖြစ်ပြီး လမ်းအကျယ်မှာ လမ်းပခုံးအပါအဝင် ၃၆ ပေ ရှိမည်ဖြစ်ကြောင်း သိရသည်။ ရရှိထားသည့် ဘတ်ဂျတ်အနေအထားရ လမ်းအရှည် ၁ မိုင်လျှင် ငွေကျပ်သိန်း ပေါင်း ၁ သောင်း ၁ ထောင်ကျော် အကုန်အကျခံ၍ ခင်းကျင်းမည်ဖြစ်သည်။
“လမ်းခင်းခြင်းလုပ်ငန်းကို ကျနော်တို့ အဖွဲ့ ၅ ဖွဲ့နဲ့ ကြိုးစားပြီး ဆောင်ရွက်နေပါတယ်။ မိုးမကျခင် လမ်းခင်းတာ ပြီးစီးအောင် လုပ်သွားမှာပါ။ အခုလည်း အားထည့်ပြီး ကြိုးစားဆောင်ရွက်နေပါတယ်”ဟု ဝန်ကြီး ဦးဝင်းဌေးက ပြောသည်။
ရန်ကုန် – ပုသိမ်အဝေးပြေးလမ်းမှာ ၁၁၂ မိုင် ရှည်လျားပြီး လက်ရှိတွင် ၂၄ မိုင်သာ လမ်းခင်းနိုင်သည့်အတွက် ပုသိမ်မြို့အထိ လမ်းခင်းရန် ၈၈ မိုင်ကျန်ရှိနေကြောင်း သိရသည်။ ကျန်ရှိနေသည့်လမ်းပိုင်းများကို ဆက်လက် ခင်းကျင်းသွားနိုင်ရန် လာမည့်ဘဏ္ဍာရေးနှစ်များတွင် ထည့်သွင်းရေးဆွဲသွားမည်ဖြစ်ပြီး လမ်းမခင်းနိုင်မီ ကာလများအတွင်း လမ်းများဆိုးရွားစွာ မပျက်စီးစေရန် ပြုပြင်ထိမ်းသိမ်းသွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က ပြောသည်။
ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းရှိ မြို့ပေါင်း ၂၆ မြို့ဆက်သွယ်ရေးအတွက် အရေးပါသည့် ရန်ကုန် – ပုသိမ် အဝေးပြေးလမ်းကို ဦးထွန်းမြင့်နိုင် (ခေါ်) စတီဗင်လော ပိုင်ဆိုင်သည့် အေးရှာဝေါလ်ကုမ္ပဏီကို စစ်အစိုးရလက်ထက်တွင် BOT စနစ်ဖြင့် နှစ် ၃၀ လုပ်ကိုင်ခွင့် ချထားပေးခဲ့ကြောင်း သိရသည်။
အေးရှားဝေါလ်ကုမ္ပဏီမှ လမ်းပိုင်း တာဝန်ယူစဉ် ကာလအတွင်း ရန်ကုန် – ပုသိမ်အဝေးပြေးလမ်းမှာ လမ်းကျဉ်းမြောင်းခြင်း၊ လမ်းများအနိမ့်အမြင့် မညီခြင်း၊ လမ်းပိုင်းများ ဆိုးရွားစွာ ပျက်စီးခဲ့မှုများကြောင့် ယာဉ်တိုက်မှုများ၊ ယာဉ်တိမ်းမှောက်မှုများ မကြာခဏ ဖြစ်ပေါ်ခဲ့သည်။
ထို့နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် – NLD အစိုးရ လက်ထက် ၂၀၁၈ ခုနှစ်တွင် ရန်ကုန် – ပုသိမ်လမ်းကို ဆောက်လုပ်ရေးဝန်ကြီး ဌာနက အေးရှားဝေါလ် ကုမ္ပဏီထံမှ ပြန်လည်သိမ်းယူခဲ့ပြီးနောက် လမ်းအသုံးပြုခ ကောက်ခံသည့်ဂိတ်များအားလုံး ပိတ်သိမ်းခဲ့ပြီး ပြည်ထောင်စုအစိုးရဘတ်ဂျတ်ဖြင့် လမ်းတိုးချဲ့ ခင်းကျင်းခဲ့ခြင်း ဖြစ်သည်။
You may also like these stories:
ဧရာဝတီတိုင်း လွှတ်တော် ဒု ဥက္ကဋ္ဌဟောင်း ငွေကြေး အလွဲသုံးမှုဖြင့် ဖမ်းဆီး ထိန်းသိမ်းခံရ
ဧရာဝတီတိုင်း ဝန်ကြီးချုပ်သစ် ခန့်အပ်ရန် အရေးပေါ် လွှတ်တော်အစည်းအဝေး ကျင်းပမည်