ရန်ကုန် – မန္တလေး အမြန်လမ်းပေါ်တွင် မောင်းနှင်နေသည့် ခရီးသည်တင် အဝေးပြေးကားကို လိုက်လံနှောင့်ယှက်ခဲ့သည့် အိမ်စီးကား ၁ စီးမှ ယာဉ်မောင်းဖြစ်သူကို မော်တော်ယာဉ် မဆင်မခြင် မောင်းနှင်မှု ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၂၇၉ ဖြင့် အရေးယူ အမှုဖွင့်ခဲ့ကြောင်း ရေတာရှည်မြို့နယ်၊ သာဂရရဲစခန်းမှ ရဲအုပ် ကျော်စွာလတ်က ပြောသည်။
ရဲအုပ်ကျော်စွာလတ် က “သူတို့က မူးနေကြတယ်။ ကျနော်တို့ ကားပေါ်မှာ အရက်ပုလင်း၊ ဘီယာပုလင်းတွေလည်း တွေ့တယ်။ အခုတော့ ကားမောင်းသူကို အမှုဖွင့်ထားပြီ။ ကျနော်တို့က တပ်မတော်သား ၁ ယောက်ကို ဖမ်းထိန်းထားလို့ မရတော့ သူ့တပ်ကို ဆက်သွယ်ထားတယ်။ သူ့တပ်က ဘာဆက်လုပ်မလဲတော့ ကျနော်တို့မသိဘူး” ဟု ဆိုသည်။
ဇန်နဝါရီ ၁၅ ရက်နေ့ မနက်ပိုင်းက ရန်ကုန်မှ မန္တလေးသို့ မောင်းနှင်နေသည့် Famous ယာဉ်လိုင်း ပိုင် ခရီးသည်တင်ကား ၁ စီးကို Demio အိမ်စီးကားက အမြန်လမ်း မိုင်တိုင် ၁၅၈ မှ ၁၆၆၊ ၄ ဖာလုံအထိ လိုက်လံ နှောက်ယှက် ခဲ့သည်ဟု သိရသည်။
“ဖြစ်စဉ်က သူက ကျော်တက်လိုက်၊ ခရီးသည်ကားက ကျော်လိုက်နဲ့ ခရီးသည်ကားကို ပွတ်မိသွားတာ။ တမင်ရည်ရွယ်ပြီး နှောင့်ယှက်တာမျိုးတော့ မဟုတ်ဘူး။ နောက်ပြီး ကျနော်တို့ အမှုစစ်က စစ်ဆေးလိုက်တဲ့အခါ မောင်းလာသူ အောင်ကို ကိုဦးက စိတ်နဲ့ ပတ်သက်တဲ့ ဆေးကို သောက်နေရတဲ့သူ။ ဆေးနဲ့အရက်နဲ့ မတည့်တဲ့အခါ ဖြစ်သလိုပေါ့။ အရက်မူးနေ လို့ပါ။ တဖက်လူတွေကတော့ တမင် ရည်ရွယ် နှောင့်ယှက်တယ်လို့ ပြောမှာပါ” ဟု ပြောပြသည်။
ထိုသို့ နှောင့်ယှက်သူ အောင်ကိုကိုဦးကို သာဂရ ရဲစခန်းတွင် အမှုဖွင့်ခဲ့သော်လည်း ၎င်းနှင့်အတူ ကား ၁ စီးထဲ လိုက်ပါလာသည့် မုံရွာမြို့နယ်ရှိ ထောက်/ပို့တပ်မှ တပ်သား နေထက်ဝင်းကိုမူ မည်သို့ဆောင်ရွက်မည် မသိသေးဘဲ သက်ဆိုင်ရာတပ်နှင့် ဆက်သွယ် အကြောင်းကြားထားကြောင်း သိရသည်။
အဆိုပါကားတွင် လိုက်ပါစီးနင်းခဲ့သည့် တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ယင်းအိမ်စီးကားသည် လူများကို အစုလိုက်အပြုံလိုက် သေစေနိုင်သည့် လုပ်ရပ်မျိုးကို ကျူးလွန်ခဲ့ကြောင်း ပြောသည်။
ဦးရောဘတ်စန်းအောင်က “ဒီဟာမျိုးက ထိုက်တန်တဲ့ ပြစ်ဒဏ်ကို ချသင့်တာ။ ငွေဒဏ်လောက်နဲ့ မထိုက်တန်ဘူး။ တာဝန်ရှိလို့ စစ်ဆေးတဲ့ ရဲကိုတောင် သူက ဗိုလ်မှူးပါဆိုပြီး ဟန့်တားမှုတွေကို လုပ်ခဲ့တာ။ နောက်ပြီး ကားထဲမှာလည်း ရန်ကုန်က မင်္ဂလာဒုံ လေတပ်စခန်းဌာနချုပ်ဆိုတဲ့ ကားဝင်ထွက်ခွင့် ကတ် ၁ ခု ပါတယ်။ ရေတာရှည်ရဲစခန်းနဲ့ တရားရုံးတို့ အနေနဲ့ အများပြည်သူ အကျိုးအတွက် စံပြအနေနဲ့ကို ဆုံးဖြတ်သင့်တယ်”ဟု ပြောပြသည်။
အခင်းဖြစ်နေရာတွင် ကားမောင်းသူကို ခရီးသည်များနှင့် ရဲတပ်ဖွဲ့ဝင်များမှ စစ်မေးသည့်အခါ ဗိုလ်မှူးဖြစ်သည်ဟု အယောင်ဆောင်ကာ ခြိမ်းခြောက် ပြောကြားခဲ့ကြောင်း၊ ထိုကဲ့သို့ ပြောဆိုမှုမျိုးကပင် ရာဇဝတ်ကြောင်းအရ ပြစ်မှုမြောက်နေသည့်အတွက် တရားရုံးမှ မည်ကဲ့သို့ စီမံမည်ကို စောင့်ကြည့်နေကြောင်း ၎င်းက ဆက်ပြောသည်။
ယာဉ်မတော်တဆမှုနှင့် ပတ်သက်ပြီး ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၇၉ ကို ဖောက်ဖျက်ကျူးလွန်လျှင် ၂ နှစ်အထိ ထောင်ဒဏ် ၁ မျိုးမျိုးဖြစ်စေ၊ ကျပ်တထောင်အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ် ၂ ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်။
ယခုနှစ်ပိုင်းများက အမြန်လမ်းအတွင်း ခရီးသွားကားများကို လေးခွဖြင့် ပစ်ခတ်ခြင်း၊ ခဲများဖြင့် ပစ်ပေါက်ခြင်း၊ ကားလမ်းကို ထင်းတုံးကြီးများ ပိတ်ဆို့ထားခြင်း စသည့် ယာဉ်မတော်တဆမှု အန္တရာယ်ဖြစ်အောင် ပြုလုပ်ခဲ့သည့် သတင်းများ ထွက်ပေါ် ခဲ့သော်လည်း ယခုနှစ်ပိုင်းအတွင်းတော့ ထိုကဲ့သို့ ဖြစ်စဉ်မျိုးများပင် မတွေ့ရတော့ဟု ရဲအုပ်ကျော်စွာလတ်က ပြောသည်။
အမြန်လမ်း ရဲတပ်ဖွဲ့များ အနေဖြင့်လည်း ညဘက်တွင် တာဝန်ခွဲဝေကာ လှည့်ကင်းများ ဆောင်ရွက်နေသည့်အတွက် ဖြစ်စဉ်ကြီးကြီးမားမားများ မဖြစ်တော့ဟု ၎င်းက ရှင်းပြသည်။
အမြန်လမ်းတွင် ၅ မိုင်ပတ်လည်တွင် ရဲကင်း ၁ ခုစီ ထားရှိထားပြီး လမ်းပေါ်တွင် အန္တရယ်တခုခု ဖြစ်ပေါ်လာလျှင် နီးစပ်ရာ ရဲစခန်းများကို ဆက်သွယ်ရန် ခက်ခဲနေလျှင်လည်း အမြန်လမ်း၏ အရေးပေါ်ဖုန်းဖြစ်သည့် ၁၈၈ဝ ကို ဆက်သွယ်အကူညီ တောင်းခံနိုင်ကြောင်း ဖြူးမြို့နယ်၊ အမြန်လမ်း ၁၁၅ မိုင် မီးသတ်စခန်းတွင် ၃ နှစ်တာမျှ တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ဝေါမြို့နယ်မှ မီးသတ်စခန်းမှူး ဦးသိန်းထွန်းက ပြောသည်။
၎င်းတာဝန်ထမ်းဆောင်စဉ် ကာလအတွင်း ထိုကဲ့သို့ ခရီးသည်တင်ကားများကို လိုက်လံနှောင့်ယှက်မှုကြောင့် ဖြေရှင်း ပေးခဲ့ရသည်မှာ ၂ ကြိမ်မျှ ရှိခဲ့ကြောင်း သူက ဆက်ပြောသည်။
ဦးသိန်းထွန်းက “ခရီးသည်တင်ကားတွေကို လိုက်နှောင့်ယှက်တာကတော့ မလိုလားအပ်တဲ့ ယာဉ်မတော်တဆမှုတွေ ဖြစ်လာနိုင်တယ်။ တချို့က ခရီးသည်တင်ကားရှေ့ကနေ လမ်းပိတ်မောင်းတာမျိုးလည်း ရှိခဲ့တယ်။ ကားကြီးတွေက ရှောင်တိမ်းမောင်းနေရင်း ခရီးသည်တွေ အသက်ဆုံးရှုံးတာတွေ ဖြစ်လာနိုင်တယ်။ တကယ်လို့ အဲဒီလိုကြုံရင် ခုနက အမြန်လမ်း အရေးပေါ်ဖုန်းကို ဆက်လိုက်ရင် ကားနံပတ်သိတယ်ဆို အဲဒီကားနံပတ်ကို တိုးဂိတ်တွေမှာ ပိတ်ပြီး စောင့်ဖမ်း အရေးယူကြပါတယ်” ဟု ဆိုသည်။
You may also like these stories:
အမြန်လမ်းတွင် အိမ်စီးယာဉ်တိမ်းမှောက်ပြီး ၄ ဦးသေ ၅ ဦး ဒဏ်ရာရ
၂၀၁၈ အတွင်း အမြန်လမ်း ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၁၀၀ ကျော်ရှိ