ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ပင်လယ်ပြင်တွင် ငါးဖမ်းနေသည့် စက်လှေ ၁ စီးကို အမည်မသိ သင်္ဘော ၁ စီး ဝင်တိုက်သဖြင့် လူ ၄ဦး သေဆုံး၍ ၁ဦး ပျောက်ဆုံးခဲ့ရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ယင်းသင်္ဘောကို ကျောက်ဖြူရဲတပ်ဖွဲ့က စုံစမ်းနေ ကြောင်း ဆိုသည်။
ဇန်နဝါရီ ၁၃ ရက်နေ့ ညက ပေါက်တောမြို့နယ် ဆင်တက်မော်ကျေးရွာမှ ရေလုပ်သား ၇ ဦးသည် ကျောက်ဖြူမြို့နယ် အတွင်းက ကင်းချောင်းဝ ပင်လယ် ပြင်တွင် ငါးဖမ်းနေစဉ် အမည်မသိ သင်္ဘော ၁ စီးမှ ဝင်တိုက်သွားခြင်းဖြစ်ပြီး၊ ဇန်နဝါရီ ၁၅ ရက်တွင် တိမ်းမှောက်သွားသည့် ငါးဖမ်းစက်လှေပေါ်မှ စက်လှေပိုင်ရှင် အောင်ကျော်နုအပါအဝင် ၄ဦး၏ ရုပ်အလောင်း များကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ကျောက်ဖြူမြို့မစခန်းမှူး ဒုရဲမှူးကျော်ဇော “ဖြစ်စဉ်က ညဘက် ဖြစ်သွားတာဆိုတာ့ ပင်လယ်ပြင်ကြီး မှာ ဘယ်သင်္ဘောက တိုက်သွားတယ်ဆိုတာ မသိနိုင်ဘူး၊ လောလောဆယ်တော့ ကျနော်တို့ ရဲတပ်ဖွဲ့ရဲ့ လုပ်ထုံး ၊ လုပ်နည်းအတိုင်းပဲ စုံစမ်း ရှာဖွေနေတုန်းပဲ ရှိပါသေးတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ငါးဖမ်းစက်လှေအား ဝင်တိုက်သွားသည့် သင်္ဘောကို ဖမ်းဆီး ရမိနိုင်ရေးအတွက် ဖြစ်ပွားရာ ကင်းချောင်း ဝ ပင်လယ်ပြင်နှင့်အနီးစပ်သည့် ဇင်ချောင်း ရဲကင်းစခန်းမှူးကို စုံစမ်းရှာဖွေရန် တာဝန်ပေး ထားကြောင်းလည်း သိရသည်။
အမည်မသိ သင်္ဘော ဝင်တိုက်သွားမှုကြောင့် ငါးဖမ်းစက်လှေမှာ တိမ်းမှောက် သွားပြီး စက်လှေပေါ်မှ လူ ၇ ဦး အနက် လူ ၂ ဦးကို ပင်လယ်ထဲမှနေ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး၊ တဦးမှာမူ ပျောက်ဆုံးဆဲဖြစ်ကြောင်း သိရသည်။
ကျောက်ဖြူ မြစ်ကမ်းမှ ဆိပ်ကမ်းတာဝန်ခံ ရဲတပ်ကြပ်ကြီး အေးသာ၏ အဆိုအရ ယင်းငါးဖမ်း စက်လှေမှာ ပေါက်တော မြို့နယ်မှ ဖြစ်ကြောင်း၊ ပိုက်ချကာ စက်လှေပေါ်၌ အိပ်နေစဉ် သင်္ဘော အကြီးတစီးက ဝင်တိုက်သွားခြင်း ဖြစ် ကြောင်း သိရသည်။
ငါးဖမ်းစက်လှေမှ ၂ဦးမှာ အသက်ရှင်လျှက် ပလတ်စတစ်ပုံးများ အကူအညီဖြင့် ပင်လယ်ပြင်၌ မျောနေစဉ် ကျောက်ဖြူမှ ငါးဖမ်းလှေ တစီးက ကယ်ဆယ်လိုက်နိုင်သည်။
ထိုသို့ သေဆုံးသွားသည့် ပေါက်တော်မြို့နယ် ဆင်တက်မော်ရွာမှ ရေလုပ်သား ၄ ဦး၏ ရုပ်အလောင်းများကို ကျောက်ဖြူ မြို့ ပြည်သူ့ဆေးရုံ သို့ ပို့ဆောင်ကာ ဆေးစစ်ဆေး ချက်များကို ရယူပြီး ၁၅ရက်နေ့ ညနေပိုင်း ွင် မိသားစုဝင်များက သဂြိုလ်ခဲ့ ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး ကျောက်ဖြူမြို့မ ရဲစခန်းမှ ရေယာဉ်မ ဆင်မခြင်မောင်းနှင်းမှု အပါအဝင် ရာဇသတ်ကြီးပုဒ်မ ၃၀၄ ( က ) တို့ဖြင့် အမှုဖွင့်လှစ်ပြီး ငါးဖက်စက်လှေ ကို ဝင်တိုက်သွားသည့် သင်္ဘောအား စုံစမ်း ရှာဖွေလျှက် ရှိကြောင်း သိရသည်။
You may also like these stories:
ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲရှောင်ဦးရေ တိုးလာ
စစ်ရှောင်ဒုက္ခသည်တွေရဲ့ ဆုတောင်း
ယခုနှစ်ကုန် တနိုင်ငံလုံး လျှပ်စစ်ဓာတ်အား ၅၀ ရာခိုင်နှုန်းထိ ရရှိရေး ကြိုးပမ်းနေ