မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည့် တရုတ်သမ္မတ ရှီကျင့်ဖျင် ခရီးစဉ်အတွင်း ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံ ကိန်း အပါအဝင် ရေနက် ဆိပ်ကမ်း တည်ဆောက်ရန် အစိုးရနှင့် သဘောတူ လက်မှတ်ထိုးမည့် ကိစ္စအား ရပ်တန့် ထားရန် ရခိုင်သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ကွန်ရက်မှ ယနေ့ တောင်းဆိုလိုက်သည်။
ရခိုင်ပြည်နယ်အတွင်း လက်ရှိအချိန်တွင် စစ်ရေးပဋိပက္ခ တင်းမာ နေသည့် အချိန် တခုဖြစ်သည်နှင့်အညီ ပြည်သူ ၁ သိန်း ကျော်မှာ စစ်ဘေးရှောင်ဘဝဖြင့် ထွက်ပြေးနေရသည်ဖြစ်ရာ ၎င်းတို့ ဘေးကင်း လုံခြုံစွာ အိမ်ပြန်နိုင်ငံကိုသာ ဦးစား လုပ်ဆောင်သင့်သည့် အချိန်ကာလ ၁ ခု ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရခိုင်သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ကွန်ရက်မှ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းကြည်က “ ဒီစီမံကိန်းက ကြီး လည်း ကြီးမားတယ်။ မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအတွက် လိုအပ်တယ်ဆိုတာထက် အဓိက တရုတ်နိုင်ငံ ဖွံ့ဖြိုးရေးအတွက် လိုအပ်တဲ့ စီမံကိန်း တခုလို့ ပြောလို့ရတယ်။ အခွင့်အလမ်းနဲ့ စိန်ခေါ်မှု ကြီးမာတဲ့ ဒီလို စီမံကိန်းမျိုးကို အခုလို မြန်မာ နိုင်ငံရဲ့ မဖြေရှင်းနိုင်သေးတဲ့ နိုင်ငံရေး ပြဿနာနဲ့ စစ်ရေးပဋိပက္ခ ပြင်းထန်နေတဲ့ ကာလမှာ မလုပ်သင့်ဘူးမြင်လို့ ဒီကြေငြာချက်ကို ထုတ်ပြန်လိုက်တာပါ ” ဟု ဧရာဝတီသို့ ပြောသည်။
မြန်မာအစိုးရအနေဖြင့် နှစ်ပေါင်းများစွာ သက်ဆိုးရှည်လာသော ပြည်တွင်းစစ်ကို အဆုံးသတ်ပြီး တိုင်းရင်းသား ပြည်သူ တရပ်လုံး မျှော်လင့်နေကြသည့် အမျိုးသား ညီညွတ်ရေး၊ တန်းတူရေးနှင့် စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်း လာရေးကိုသာ ဦးစားပေး လုပ်ဆောင်ရမည့် ကာလ ၁ ခု ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တရုတ်သမ္မတ အနေဖြင့်လည်း မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံဖြစ်သည် နှင့်အညီ မိတ်ဆွေကောင်း ပီသစွာဖြင့် ဖွံဖြိုး တိုးတက်ရေးကို အထောက်အကူ ပြုနိုင်မည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အစဉ်တစိုက် ကူညီဆောင်ရွက်ပေးရန်လည်း ယင်းကွန်ရက်က တောင်းဆိုထားသည်။
ယင်းအပြင် တိုင်းရင်းသား လူထုတရပ်လုံး လိုအပ်နေသော တန်းတူရေးနှင့် စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီ ပြည် ထောင်စု စနစ်ကို တည်ဆောက်ရေးကို တရုတ်နိုင်ငံ အနေဖြင့် ပြီးမြောက်အောင် ကူညီဆောင်ရွက်ပေးပြီးမှသာ ဒေသခံ များ၏ သဘောထားဆန္ဒကို ရယူ၍ စီမံကိန်းအား အကောင်အထည် ဖော်သင့်ကြောင်း ထုတ်ပြန်ချက်တွင် တိုက်တွန်း ထားသည်။
ကျောက်ဖြူ မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံက တိုင်းပြည်နှင့် ဒေသခံ ပြည်သူလူထုအတွက် အကျိုး ရှိမည်ဆိုပါက စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် အပေါ် ကြိုဆိုမည် ဖြစ်သလို မြေသိမ်း၊ ယာသိမ်း လုပ်ငန်းများနှင့်အတူ ဒေသခံများ လျှစ်လျူရှုပြီး ဂရုမစိုက်သည့် သဘောဖြင့် လုပ်သွားမည် ဆိုပါက ကန့်ကွက် သွားမည် ဖြစ်ကြောင်း ပြောသည်။
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံက “ကျနော်တို့ ပြောချင်တာ တိုက်တွန်းချင်တာက ပြည်သူလူထုအတွက် အမှန်တကယ် အကျိုးရှိတယ်။ ဒေသအတွက်လည်း အမှန်တကယ် အကျိုးပြုမယ်။ နိုင်ငံအတွက်လည်း အကျိုးရှိမယ် ဆိုရင်တော့ ကျနော်တို့ကတော့ ကြိုဆိုတယ်။ အဲဒါမျိုး မဟုတ်ဘဲ၊ မြေသိမ်း၊ ယာသိမ်း ကိစ္စတွေနဲ့ ပြဿနာပေါင်း သောင်း ခြောက်ထောင် ဖြစ်ပြီးတော့ နိုင်ငံခြားက လာတဲ့ လူတွေပဲ အလုပ်အကိုင် အခွင့်လမ်း ရပြီးတော့ ပြည်သူတွေပဲ ဒုက္ခရောက် မယ့် အနေအထားဆိုရင်တော့ ကျနော်တို့က ကန့်ကွက်ရမှာ ဖြစ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
တရုတ်သမ္မတ ခရီးစဉ်အတွင် ကျောက်ဖြူ အထူးစီပွားရေးဇုန် အကောင်ထည်ဖော် ဆောင်ရွက်ရန် သဘောတူ လက်မှတ် ထိုးမည်ဆိုသည့် ကိစ္စနှင့် ပတ်သက်ပြီး ကျောက်ဖြူ အထူးစီပွားရေး ဇုန်လေ့လာ စောင့်ကြည့်ရေး အဖွဲ့ကလည်း စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် အပေါ် ရပ်တန့်ထားရန် ယမန်နေ့ ဇန်နဝါရီလ ၁၆ ရက် ရက်စွဲဖြင့် သဘောထား ကြေငြာချက် တစောင်ထုတ်ပြန်ထားသည်။
ထိုသဘောထား ကြေငြာချက်တွင် ရခိုင်ပြည်နယ် အတွင်းက စစ်ရေး ပဋိပက္ခနှင့်အတူ စစ်ဘေးရှောင် ပြည်သူ ၁ သိန်း ကျော် အိမ်ပြန်နိုင်ရေးကို ဦးစားပေး စဉ်းစား လုပ်ဆောင်သင့်ကြောင်း၊ ယခင် အကောင်အထည် ဖော်ဆောင်ရွက်ခဲ့သည့် ဂတ်စ်ပိုက်လိုင်းနှင့် ရေနံပိုက် စီမံကိန်းများကြောင့် ဒေသခံပြည်သူ လူထုမှာ လက်ရှိအချိန် အထိ မြေယာ လျော်ကြေး အငြင်းပွားမှု ပြဿနာနှင့်အတူ မိရိုးဖလာ လုပ်ကိုင် စားသောက်နေသည့် လုပ်ကွက်များမှာလည်း ပျက်သုန်းခဲ့ရကြောင်း ဖော်ပြထားသည်။
ကျောက်ဖြူ အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်း ဧရိယာ အတွင်း ကျရာက်မည့် ဒေသခံ လယ်သမားများနှင့် ပြည်သူ များ အပေါ်တွင်လည်း အစိုးရနှင့် ကုမ္ပဏီများက လုံလောက်သည့် သတင်းအချက်အလက်ကို မျှဝေခြင်း မရှိသလို နေရာ ပြောင်းရွှေ့ရေး၊ မြေယာလျော်ကြေး နှင့် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးရေး စသည့် လုပ်ငန်းများအတွက်လည်း လက်ရှိအချိန်အထိ တစုံတရာ ညှိနှိုင်းတိုင်ပင် ဆွေးနွေးခြင်းများ မရှိကြောင်း ၎င်းစီမံကိန်း လေ့လာစောင့်ကြည့်ရေး အဖွဲ့၏ ထုတ်ပြန်ချက် တွင် ရေးသား ဖော်ပြထားသည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ဇန်နဝါရီလ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် မြန်မာနိုင်ငံ လာရောက်ကာ နှစ်ရက်တာ လည်ပတ်ပြီး နေပြည်တော်တွင် အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များ နှင့်တွေ့ဆုံမည် ဖြစ်ကြောင်းလည်း သိရသည်။
ထိုသို့ တရုတ်သမ္မတနှုင့် အစိုးရခေါင်းဆောင်များနှင့် တွေ့ဆုံရာတွင် မြန်မာနိုင်ငံ အတွင်း က တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ အပါအဝင် စစ်မီးတောက်လောင် နေသည့် ရခိုင်ပြည်နယ်အတွင်းမှ ကျောက်ဖြူ အထူးစီးပွားရေးဇုန် ၊ ရေနက်ဆိပ်ကမ်း စသည့် လုပ်ငန်းတချို့ကိုလည်း စတင် အကောင်ထည် ဖော်တည်ဆောက်ရန် သဘောတူလက်မှတ် ရေးထိုးကြမည်ဟု သတင်းများ ထွက်ပေါ်နေသည်။
You may also like these stories:
ကျောက်ဖြူ စီမံကိန်းကြီးတွေက အကျိုးကျေးဇူးဆိုတာ ဒေသခံတွေအတွက် ဘာမှ မရှိသေးဘူး
တရုတ်သမ္မတ ခရီးစဉ်၌ ကျောက်ဖြူ စီးပွားရေးဇုန် လက်မှတ်ထိုးမည်ဆိုသည့် အပေါ် ဒေသခံများ သဘောထား
တရုတ်စီမံကိန်းကြီးများကြောင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုထိခိုက်မှုများ စိုးရိမ်ရ