သတင်း

တရုတ်စီမံကိန်းများ အခိုင်အမာ စတင်အကောင်အထည်ဖော်ရန် ရှီကျင့်ဖျင် တောင်းဆို

Want create site? Find Free WordPress Themes and plugins.

မြန်မာနှင့် တရုတ်နိုင်ငံတို့သည် ရလဒ်အခြေပြု ရပ်ဝန်းနှင့် လမ်းအစီအစဉ်ကို ပိုမိုနက်ရှိုင်းစွာ လိုအပ်ပြီး  အယူအဆဆိုင်ရာအဆင့်မှ တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံတဝန်း အခြေခံအဆောက်အအုံများကို ရှေ့ဆက် ခိုင်မာသော စီမံကိန်းချမှတ် အကောင်အထည်ဖေါ်ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံပိုင်သတင်းစာတွင် ကြာသပတေးနေ့က ဆောင်းပါးတပုဒ်ရေးသားခဲ့သည်။

မြန်မာနိုင်ငံသို့ ရှီ၏ ခရီးစဉ်မတိုင်မီ တရက်အလိုတွင် “နှစ်ပေါင်းထောင်ချီ ကြာမြင့်သော ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို ဆက်လက်ပုံဖော်မည့် စာမျက်နှာသစ်များ” အမည်ရှိ ဆောင်းပါးသည် အစိုးရသတင်းစာတွင်ပေါ်လာခြင်းဖြစ်သည်။ ပေါက်ဖေါ်ဟူသော အသုံးအနှုန်းသည် တရုတ်နှင့် မြန်မာအကြား ချစ်ကြည်ရင်းနှီးသည်ဟု ယူဆရသော ဆက်ဆံရေးကို သရုပ်ဖေါ်ရန် ၁၉၅၀ ခုနှစ်များက စတင်အသုံးပြုခဲ့သော စကားလုံးဖြစ်သည်။

ထိုဆောင်းပါးတွင် နှစ်ဖက်စလုံးမှ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုသည် တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် (CMEC)ဖြစ်သော ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ အကောင်အထည်ဖေါ်ရန် အရေးပါကြောင်း သူရေးသားသည်။

CMEC ၏ မဏ္ဍိုင် သုံးခုဖြစ်သော ကျောက်ဖြူအထူးစီးပွားရေးဇုန်၊ တရုတ်-မြန်မာနယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်နှင့် ရန်ကုန်မြိုသစ် စီမံကိန်းတို့ကို အကောင်အထည်ဖေါ်ရေးအတွက် အားထုတ်ရန် လိုသည်ဟု ထိုဆောင်းပါးတွင် ရှီရေးသားသည်။

“မိမိတို့သည် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်ဓါတ်အား၊ စွမ်းအင်၊ သယ်ယူပို့ဆောင်ရေး၊ စိုက်ပျိုးရေး၊ ဘဏ္ဍာရေးနှင့် နှစ်နိုင်ငံပြည်သူများကို ပိုမိုအကျိုးရှိစေမည့် လက်တွေ့ကျသော အပြန်အလှန် အကျိုးရှိသည့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်းစွာ လုပ်ဆောင်ရန် လိုသည်” ဟု သူရေးသားသည်။

စာမျက်နှာ ၂ မျက်နှာအပြည့် ဖော်ပြသော ဆောင်းပါးတွင် မြန်မာနိုင်ငံနှင့် ပေါက်ဖေါ်ဆက်ဆံရေးကို အသစ်တဖန် ပြန်လည်အသက်သွင်းလိုကြောင်း သူရေးသားပြီး ယခုခရီးစဉ်အတွင်း အနာဂတ် ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးမည်ဟုလည်း ရေးသည်။

မြန်မာနိုင်ငံသည် ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် အချက် ၁၅ ချက်ပါသော နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပြီး  ရှီ၏ ရည်မှန်းချက်ကြီးမားသော ရပ်ဝန်းနှင့်လမ်းအစီအစဉ်၏ တရားဝင် အဖွဲ့ဝင်ဖြစ်လာသည်။ ခန့်မှန်းခြေ ၁၇၀၀ ကီလိုမီတာရှိသော CMEC သည် တရုတ်နိုင်ငံယူန်ပြည်နယ် မြို့့တော် ကူမင်းနှင့် မြန်မာနိုင်ငံ၏ စီးပွားရေးအချက်အခြာများဖြစ်သော မန္တလေး၊ရန်ကုန်နှင့် မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်မှ ကျောက်ဖြူ အထူးစီးပွားရေးဇုန် တို့ကို ဆက်သွယ်မည်ဖြစ်သည်။

၂၀၁၃ ခုနှစ်တွင် ထုတ်ဖေါ်ကြေညာသော ရပ်ဝန်းနှင့်လမ်းအစီအစဉ်သည် ရှီ၏ အဓိက နိုင်ငံခြားရေးမူဝါဒ စီမံကိန်းဖြစ်သည်။ ထိုစီမံကိန်းသည် တရုတ်နိုင်ငံမှ ဗဟိုအာရှ၊ အရှေ့အလယ်ပိုင်းနှင့် ရုရှားကို ဖြတ်သန်းပြီး ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ရန် နိုင်ငံပေါင်း ၇၀ တွင် လမ်းများ၊ ရထားလမ်းများနှင့် သင်္ဘောလမ်းကြောင်းများ၏ ကွန်ရက်တခုကို တည်ဆောက်ရန် ရည်ရွယ်သည်။

CMEC အရ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအနေဖြင့် အိန္ဒိယ သမုဒ္ဒရာကို တိုက်ရိုက်အဆက်အသွယ်ရစေမည့် ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းနှင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မှ နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်များကိုအကောင်အထည်ဖေါ်ရန်လိုသည်။ ၂၀၁၈ ခုနှစ် နိုဝင်ဘာလက မြန်မာနိုင်ငံသည် ကျောက်ဖြူအထူးစီးပွားရေးဇုန်အတွက် မူဘောင်သဘောတူညီမှုကို လက်မှတ်ရေးထိုးပြီး ရှယ်ယာအချိုးအစားကို ညှိနှိုင်းထားသည်။

မြန်မာအစိုးရသည် ၂၀၁၇ ခုနှစ်က နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ဘေ့ဂျင်းတွင် BRI ညီလာခံတက်စဉ်အတွင်း နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးဇုန်များ ထူထောင်ရန် သဘောတူထားသည်။ ထိုဇုန်များသည် ရှမ်းပြည်နယ် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဇုန်မှ လောက်ကိုင်မြို့နယ်မှ ချင်းရွှေဟော်၊ ရှမ်းပြည်နယ်မှ မူဆယ်နှင့် မြန်မာအစိုးရနှင့် မဟာမိတ် နယ်ခြားစောင့်တပ်ဖြစ်သော ဒီမိုကရေစီသစ်တပ်မတော် ကချင် ပြည်သူ့စစ် က ထိန်းချုပ်ထားသည့် ကချင်ပြည်နယ်အထူးဒေသ ၁ မှ ကန်ပိုက်တီး တို့တွင် တည်ရှိသည်။

ချင်းရွှေဟော်နှင့် မူဆယ်သည် မြန်မာနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်အကြား အဓိက ကုန်သွယ်ရေးဇုန်များ ဖြစ်သည်။ ကန်ပိုက်တီးသည်လည်း တရုတ်နိုင်ငံနှင့် ပုံမှန်ကုန်သွယ်ရေး ရှိသည်။ ထိုဇုန်များကိုတည်ဆောက်ရန် ကုန်ကျစရိတ်ကို မတွက်ချက်ရသေးပေ။

မြန်မာအစိုးရသည် ရန်ကုန်မြို့သစ်စီမံကိန်းအတွက် မူဘောင်သဘောတူညီချက်ကိုလည်း လက်မှတ်ရေးထိုးထားသည်။ ထိုစီမံကိန်းတွင် မြို့သစ်တခု၊ စက်မှုဇုန်နှင့် မြို့ပြဖွံ့ဖြိုးရေးတို့ပါဝင်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (NYDC) နှင့် တရုတ်ဆက်သွယ်ရေးဆောက်လုပ်ရေး ကုမဏီ (CCCC) တို့အကြား လက်မှတ်ရေးထိုးထားသည်။ ထိုစီမံကိန်းကို ပြည်ထောင်စု စီးပွားရေးကော်မတီသို့ တင်ပြထားသော်လည်း အစိုးရက တရားဝင် ခွင့်ပြုခြင်း ရှိ၊ မရှိကြေညာခြင်း မရှိသေးပေ။

“မြန်မာနိုင်ငံသည်  BRI တွင် အရေးပါသော ပူးပေါင်းဆောင်ရွက်သည့် နိုင်ငံဖြစ်သောကြောင့် နှစ်ဖက်သည် မိမိတို့ဖွံ့ဖြိုးတိုးတက်ရေး သေနင်္ဂဗျူဟာများ တူညီမှုကို အသုံးချရမည်ဖြစ်သည်” ဟု ဆောင်းပါးတွင် ရှီရေးသားသည်။

မြန်မာနိုင်ငံသည် တောင်အာရှနှင့်အရှေ့တောင်အာရှအကြားနှင့် တရုတ်နိုင်ငံကုန်းတွင်းပိတ် ယူနန်ပြည်နယ်နှင့် အိန္ဒိယ သမုဒ္ဒရာအကြားတွင် တည်ရှိပြီး BRI အတွက် ထူးခြားသော ပထဝီအနေအနေအထားတွင်ရှိသည်။

“မိမိတို့သည် CMEC အတွက် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်များလက်မှတ်ရေးထိုးထားပြီး မှန်မှန်တိုးတက်မှုကို ကြီးကြပ်ရန် ပူးတွဲ CMEC ကော်မတီကိုလည်း ထူထောင်ထားသည်” ဟု တရုတ်သမ္မတက ရေးသားသည်။

၂၀၁၉ ဧပြီလတွင် မြန်မာနှင့် တရုတ်နိုင်ငံတို့သည် ဘေ့ဂျင်းတွင်ကျင်းပသည့် ဒုတိယအကြိမ် BRI ညီလာခံတွင် ၂၀၁၉ မှ ၂၀၃၀ အထိ CMEC အတွက် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာကိုလည်း လက်မှတ်ရေးထိုးထားသည်။

ယခုနှစ်သည် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးထူထောင်သည့် နှစ် ၇၀ ပြည့်နှစ်လည်းဖြစ်သည်။ မြန်မာနိုင်ငံသည် ကွန်မြူနစ်မဟုတ်သော နိုင်ငံများတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ၁၉၄၉ ခုနှစ်တွင် ထူထောင်စဉ် ပထမဆုံး အသိအမှတ်ပြုသော နိုင်ငံလည်း ဖြစ်သည်။

နှစ်ဖက်လုံးသည် ထိုနှစ်ပတ်လည်ကို ကျင်းပရန် အနုပညာနှင့် ရုပ်ရှင် ပွဲတော်များစွာ ပြုလုပ်ပြီး ဖြစ်သည်။ တရုတ်သမ္မတ၏ အဆိုအရ မြန်မာနှင့် တရုတ်နိုင်ငံတို့သည် ၂၀၂၀ ခုနှစ်ကို တရုတ်မြန်မာ ယဉ်ကျေးမှုနှင့် ခရီးသွားနှစ်အဖြစ် သတ်မှတ်ခဲ့သည်။

“မိမိတို့သည် ကုန်သွယ်ရေးနှင့် စီးပွားရေး အပြန်အလှန်ဆက်ဆံမှုများကို ပိုမိုနက်ရှိုင်းစေခြင်းဖြင့် အပြန်အလှန်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုအတွက် တွန်းအားသစ်များလိုသည်” ဟု ရှီရေးသားသည်။

တချိန်တည်းတွင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် ဒုတိယ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံသူနှင့် အကြီးမားဆုံး ကုန်သွယ်ဖက်ဖြစ်ကြောင်း မြန်မာအစိုးရ၏ ရင်းနှီးမြှုပ်နှံမှုဌာန၏ အဆိုအရ သိရသည်။

တရုတ်သမ္မတ၏ ဆောင်းပါးတွင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အထူးသဖြင့် နှစ်နိုင်ငံနယ်စပ်တွင် လှုပ်ရှားနေသည့် တိုင်းရင်းသား လက်နက်ကိုင်များနှင့် ပတ်သက်ပြီး အဓိကကျသော အခန်းမှပါဝင်သည်ဟု ဖေါ်ပြထားခြင်း မရှိပေ။ “မြန်မာနိုင်ငံက နိုင်ငံရေးဆွေးနွေးခြင်းမှတဆင့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ် ဖော်ဆောင်နေမှုကို တရုတ်နိုင်ငံမှ ထောက်ခံအားပေးပါသည်” ဟု ရေးသားသော်လည်း အသေးစိတ်ရှင်းလင်းခြင်း မရှိပေ။ “၂ ဦး ၂ ဘက်သည် နယ်စပ်ဒေသ၏ တည်ငြိမ်အေးချမ်းမှုကို အတူတကွ ထိန်းသိမ်းရပါမည်” ဟု သူရေးသည်။

၂၀၁၃ ခုနှစ်က တရုတ်နိုင်ငံသည် တရုတ်နိုင်ငံဖက်ခြမ်း နယ်စပ်မြို့ရွှေလီတွင် ကျင်းပသည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် မြန်မာအစိုးရ ကိုယ်စားလှယ်များ အကြား ပထမဆုံးဆွေးနွေးပွဲတွင် တရုတ်နိုင်ငံသည် အရေးပါသော အခန်းမှ ပါဝင်ခဲ့သည်။

၂၀၁၇ ခုနှစ်မှ စတင်ပြီး တရုတ်နိုင်ငံသည် တပ်မတော်နှင့် KIA ၊ တအန်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ၊ ရက္ခိုင့်တပ်မတော် ( AA) နှင့် မြန်မာအမျိုးသာ ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် ( MNDAA) တို့ပါဝင်သည့်  ပြည်ထောင်စုနိုင်ငံရေး ညှိနှိုင်းမှုကော်မတီအကြားတွင် တရားဝင် ငြိမ်းချမ်းရေး အကျိုးဆောင်အဖြစ်ဆောင်ရွက်နေသည်

“မြန်မာအစိုးရမှ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ကြိုးပမ်းဆောင်ရွက်မှုအပေါ် ထောက်ခံအားပေးကာ မြန်မာနိုင်ငံမှ နိုင်ငံတကာစင်မြင့်၌ ရသင့်ရထိုက်သည့် အခွင့်အရေးနှင့် နိုင်ငံ့ဂုဏ်သိက္ခာကို ကာကွယ်စောင့်ရှောက်ခြင်းအပေါ်ကိုလည်း ထောက်ခံအားပေးပါသည်”ဟုလည်း ရှီ ရေးသည်။ “မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ အချက်အခြာကျသော အကျိုးစီးပွားနှင့် အရေးကြီးကိစ္စရပ်များ၌ တရုတ်နိုင်ငံအပေါ် ပြတ်သားစွာ ထောက်ခံအားပေးပါသည်” ဟုလည်း ရေးသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းနေ မွတ်ဆလင်များအပေါ် ဆက်ဆံပုံနှင့် မြန်မာ့တပ်မတော်၏ စစ်ဆင်ရေးများသည် လူမျိုးတုံးသတ်ဖြတ်မှုနှင့် စစ်ရာဇဝတ်မှုများဖြစ်သည်ဟူသော စွပ်စွဲချက်များအကြားတွင် တရုတ်အစိုးရသည် မြန်မာနိုင်ငံကို ဆက်လက်ထောက်ခံပေးနေသည်။ ရခိုင်ပြည်နယ်တွင် လူမျိုးတုံးသတ်ဖြတ်မှုဖြစ်သည် ဆိုသောပြောဆိုမှုကို စုံစမ်းစစ်ဆေးရန် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းရန် အဆိုပြုချက်ကို တရုတ်နိုင်ငံက ၂၀၁၈ ခုနှစ်တွင် ဆန့်ကျင်ခဲ့သည်။

ရှီသည် သောကြာနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်သို့ ဆိုက်ရောက်ခဲ့ပြီဖြစ်ပြီး BRI စီမံကိန်းများအတွက် မြန်မာခေါင်းဆောင်များထံမှ ကတိကဝတ် ရယူရန် လုပ်ဆောင်မည်ဖြစ်သည်။ ထိုခရီးစဉ်အတွင်း နှစ်နိုင်ငံတို့သည် ကျောက်ဖြူအထူးစီးပွားရေးဇုန် အကောင်အထည်ဖေါ်ရေး၊ နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဇုန်များ၊ ကုန်သွယ်ရေး၊ လမ်းများအဆင့်မြှင့်တင်ရေးနှင့် ကုန်သွယ်မှု ဆက်ဆံရေးနှင့် လူမှုစီးပွားတိုးတက်ရေးအကူအညီများအပါအဝင် သဘောတူစာချုပ် တဒါဇင်ကို လက်မှန်ရေးထိုးရန် ရှိသည်။

(Nan Lwin ၏  Xi Jinping Calls for ‘Concrete Planning and Implementation’ of Chinese Projects Ahead of Myanmar Visit ကို ဆီလျော်အောင် ဘာသာပြန်သည်။)

You may also like these stories:

တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် စီမံကိန်းများ အောင်မြင်နိုင်သလား

တရုတ်သမ္မတ၏ မြန်မာပြည် ခရီးစဉ်နှင့် နယ်စပ်ကုန်သွယ်ရေး မျှော်လင့်ချက်

တရုတ်နှင့် မြောက်ပိုင်းမဟာမိတ် အဖွဲ့များ BRI အတွက် နားလည်မှု ယူထားပြီးပြီလား

အရပ်ဘက် အဖွဲ့တွေရဲ့ တိုက်တွန်းမှုကို သမ္မတ ရှီကျင့်ဖျင် နားထောင်ပါ့မလား

Did you find apk for android? You can find new Free Android Games and apps.
Loading