ရခိုင်ပြည်နယ် မြောက်ဦးမြို့ပေါ်အနီးတွင် တည်ရှိသည့် တပ်မတော် အမှတ် ၅၄၀ ခြေမြန်တပ်ရင်းမှ တပ်ကြပ်ကြီး အဆင့်ရှိသူ ၁ ဦး ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးခံလိုက်ရကြောင်း သတင်း ရရှိသည်။
ဖမ်းဆီးခံရသူမှာ တပ်ကြပ်ကြီး မြင့်ထွန်း ဖြစ်ပြီး ယမန်နေ့ နံနက်ပိုင်းက မြောက်ဦးမြို့မ ဈေးထဲတွင် ဈေးဝယ်နေစဉ် လူတစုက ရိုက်နှက်ကာ ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း မြောက်ဦးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်ဌေးက ပြောပြသည်။
ရဲမှူး မြင့်ဌေးက“မနေ့က သူ ဈေးထဲမှာ ဈေးဝယ်နေတဲ့အချိန် လူ သုံး၊ လေး ယောက် လောက်ကနေ ဝိုင်းရိုက်တော့ လဲသွားတဲ့အခါ ဆေးခန်းကို ပို့ပေးမယ် ဆိုပြီးတော့ သုံးဘီး ဆိုင်ကယ်နဲ့ တင်ပြီး ခေါ်သွားတယ်။ အဲဒီလောက်တော့ သတင်းရတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ တပ်မတော်သား ၁ ဦး ဈေးလိုက်ဝယ်နေစဉ် အဖမ်းခံရသည် ဆိုသော သတင်း ဈေးအတွင်း ပျံ့နှံ့သွားသည့် အတွက် ဈေးသူ ဈေးသားများ စိုးရိမ်ထိန့်လန့်မှု ဖြစ်ကာ ဆိုင်ခန်းများကို ပိတ်ထားကြကြောင်းလည်း မြို့ခံများက ပြောဆိုသည်။
မြောက်ဦးမြို့ခံ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်က“မနေ့က တပ်မတော်သား တယောက်အဖမ်း ခံရတယ်ဆိုပြီး ဈေးထဲမှာ သတင်းပျံ့သွားတော့ လူတွေက စိုးရိမ်ကြတာပေါ့။ အဲဒါနဲ့ မနေ့က ဈေးထဲက ဆိုင်ခန်း အားလုံး ပိတ်ကြတယ်။ အပြင်တန်းလောက်မှာပဲ ဆိုင်ခန်း အနည်းငယ်လောက် ဖွင့်တာရှိတယ်။ လူတွေက အစစ်ဆေး ခံရမှာကိုကြောက်ပြီး အပြင်လည်း မထွက်ရဲကြတော့ဘူး”ဟု ဧရာဝတီသို့ ပြောသည်။
ယင်းသို့ တပ်မတော်သားတဦး အဖမ်းခံရသောကြောင့် ယမန်နေ့ နံနက်ပိုင်းကနေ သက်ဆိုင်ရာ လုံခြုံရေး တပ်ဖွဲ့ဝင် များက အခင်းဖြစ်ပွားသည့် နေရာအနီးဝန်းကျင်သို့ လာရောက် စစ်ဆေးခဲ့သည်ဟုလည်း ဆိုသည်။
လက်ရှိအချိန်တွင် သက်ဆိုင်ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များက လူအသွားအလားများသည့် နေရာများ၊ စက်လှေဆိပ်၊ ကားဂိတ် အပါအဝင် မြို့လယ် လမ်းခွဆုံများနှင့် လုံခြုံရေး ဆောင်ရွက်ကာ စစ်ဆေး မေးမြန်းမှုများ ပြုလုပ်နေကြောင်း သိရသည်။
ရဲတပ်ဖွဲ့အနေဖြင့် လတ်တလော စုံစမ်းလေ့လာ တွေ့ရှိချက်များအရ ရက္ခိုင် စစ်တပ် (AA) အဖွဲ့က ဖမ်းသွားခြင်း ဖြစ်နိုင်သည်ဟု သုံးသပ် ရရှိထားပြီး အမြန်ဆုံး ပြန်လည် ကယ်တင်နိုင်ရေး အတွက် ဆောင်ရွက်လျက် ရှိကြောင်း မြောက်ဦးမြို့နယ် ရဲတပ်ဖွဲ့က ပြောသည်။
တပ်ကြပ်ကြီး မြင့်ထွန်းအား AA အဖွဲ့က ဖမ်းဆီးသွားသည် ဆိုသော ကိစ္စနှင့်ပတ်သက်ပြီး ဧရာဝတီက AA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။
အဖမ်းခံရသည့် တပ်ကြပ်ကြီး မြင့်ထွန်းသည် မြောက်ဦးမြို့ အမှတ် ၅၄၀ ခြေမြန်တပ်ရင်းတွင် တာဝန်ကျနေသည်မှာ ၁၀ နှစ်ခန့်ရှိပြီး တပ်ရင်းအတွက် ရိုက္ခာ ပစ္စည်းများကို အမြဲတမ်း လာရောက် ဈေးဝယ်နေကျ ဖြစ်ကာ ဒေသခံများနှင့်လည်း ရင်းနှီးကျွမ်းဝင်သူ ဖြစ်ကြောင်း သိရသည်။
You may also like these stories:
တနင်္သာရီတိုင်းအတွင်း အမျိုးသမီးများအကြမ်းဖက်ခံရမှု တိုးလာ
တရုတ်စီမံကိန်းများ အခိုင်အမာ စတင်အကောင်အထည်ဖော်ရန် ရှီကျင့်ဖျင် တောင်းဆို
ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်း ရပ်တန့်ထားရန် ရခိုင် သယံဇာတ ကွန်ရက် တောင်းဆို