ရက္ခိုင်စစ်တပ် (AA) ကို ငွေထောက်ပံ့သည်ဟု စွပ်စွဲကာ အကြမ်းဖက်ဥပဒေဖြင့် တရားစွဲဆို ခံထားရသည့် ရခိုင်အသင်း (စင်ကာပူ) ခေါင်းဆောင်များ၏ မိသားစုဝင်များကို အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာန (စစစ) မှ ခေါ်ယူစစ်ဆေးမှုများရှိသည်ဟု သတင်းရရှိသည်။
ရခိုင်အသင်း (စင်ကာပူ) ခေါင်းဆောင်များဖြစ်သည့် ဦးအောင်မြတ်ကျော် (ခ) ဦးထွန်းအောင်နိုင် (AA စစ်ဦးစီးချုပ်၏ ညီအရင်းတော်စပ်သူ)၊ ဦးဟိန်းဇော်၊ ဦးတင်လှိုင်ဦး၊ ဦးထွန်းအေး၊ ဦးရဲကျော်ထက်၊ ဦးရွှေလှိုင်သန်းနှင့် ဒေါ်အေးမြတ်မွန် တို့၏ ပိုင်ဆိုင်မှုများနှင့် ပတ်သတ်ပြီး မိသားစုဝင်များကို စသုံးလုံး မှ ခေါ်ယူစစ်ဆေးနေခြင်း ဖြစ်သည်ဟု သိရသည်။
ဦးတင်လှိုင်ဦး၏ ဇနီး ဒေါ်မာမာခိုင် က “ပိုင်ဆိုင်မှုနဲ့ ပတ်သတ်ပြီး စသုံးလုံးက ကျမကို ခေါ်စစ်တာ ၃ ကြိမ်လောက် ရှိပါပြီ။ ပြီးခဲ့တဲ့ ၁၁ လပိုင်းတုန်းက စာပို့ပြီး ခေါ်စစ်တာပါ။ ကိုတင်လှိုင်ဦးရဲ့ ပိုင်ဆိုင်မှုက AA က ထောက်ပံ့လို့ ဝယ်ထားတာတွေလို့ သူတို့က ထင်နေတာ” ဟု ပြောသည်။
ခေါ်ယူစစ်ဆေးခံရမှုများနှင့် ပတ်သတ်ပြီး သတင်းမီဒီယာများတွင် ပြန်လည်ဖြေဆိုခြင်း မပြုရန်လည်း အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာနဘက်မှ နှုတ်အားဖြင့် ပြောဆိုမှုများ ရှိသည်ဟု ဒေါ်မာမာခိုင်က ဆိုသည်။
စင်ကာပူနိုင်ငံတွင် ဦးတင်လှိုင်ဦး အလုပ်လုပ်စဉ်က ၁၀ နှစ်ခန့် လစဉ် ဝင်ငွေ တရားဝင် ရရှိကြောင်း နှင့် အခွန်ဆောင်ထားသည့် စာများ စသုံးလုံးသို့ ပြသော်လည်း အတုများ ဖြစ်နိုင်သည်ဟု ပြောကာ မြန်မာနိုင်ငံ ဆိုင်ရာ စင်ကာပူသံရုံးတွင် စစ်မှန်ကြောင်း တံဆိပ်တုံး ထုပေးရန် စသုံးလုံးဘက်မှ မိသားစုကို ပြောသည်ဟု သိရသည်။
ဦးတင်လှိုင်ဦး၏ ညီမတော်စပ်သူ ဒေါ်မာလှိုင် က “ကိုတင်လှိုင်ဦးပြောတာက သူတို့ တုံးထုခိုင်းတာ စင်ကာပူကို မယုံတာပဲ။ စင်ကာပူမှာ အတုလုပ်ပြီး နေရင် ဘယ်လို နေလို့ရမှာလဲ။ သူ အလုပ်လုပ် တာလည်း ၁၀ နှစ်ကျော်ပါပြီ။ ကျမတို့မှာ ရှိတာ တင်ပြတာပဲ။ သူတို့က တုံးထုခိုင်းလို့ အခု သွားလုပ်ပြီး ပြန်ပေးရမှာ” ဟု ပြောသည်။
လက်ရှိတွင် မိသားစုဝင်များ နေထိုင်နေသည့် အိမ်တွင် ဦးတင်လှိုင်ဦး ဝယ်ယူထားသည့် အိမ်ဖြစ်သဖြင့် ပိုင်ဆိုင်မှုကို ဝင်ငွေအစစ်အမှန်ဖြင့် ဝယ်ယူထားခြင်း ဟုတ်မဟုတ် စစ်ဆေးနေခြင်း ဖြစ်သည်ဟုလည်း ဒေါ်မာလှိုင်က ပြောသည်။
ဇန်နဝါရီ ၉ ရက်ကလည်း ရန်ကုန်မြို့ရှိ မဟာနွယ်နှင့် Phoenix အမည်ရှိ ရခိုင်အစားအစာ ရောင်းသည့် စားသောက်ဆိုင် နှစ်ဆိုင်ကို ဦးအောင်မြတ်ကျော်၏ ရှယ်ယာများ ပါဝင်သဖြင့် ငွေကြေး ခဝါချသည်ဟု ယူဆကာ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဗဟိုက ယာယီချိတ်ပိတ်လိုက်သည်။
ဦးဟိန်းဇော်နှင့် မိသားစုဝင်များ ဖြစ်သည့် အမျိုးသမီး၊ သမီး၊ မိခင်နှင့် အခြားမိသားစုဝင်များ ပူးတွဲ ဖွင့်လှစ် ထားသည့် ဘဏ်အကောင့် ၅ ခုကိုလည်း ဗဟိုဘဏ်၏ ညွှန်ကြားချက်ကြောင့်ဟု ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ကတည်းက ကမော္ဘဇဘဏ်မှ အသုံးပြုခွင့် ပိတ်ထားသည်။
ဦးဟိန်းဇော်၏ မိခင် ဒေါ်အုန်းအုန်း က “ကာယကံရှင်ဖြစ်တဲ့ မောင်ဟိန်းဇော်က ဆိုက်ကားတောင် ကိုယ်ပိုင် တစီးမရှိတာ သူများကို ထမင်းကျွေးဖို့ နေနေသာသာပါ။ အန်တီတို့မှာ ရှိတဲ့ ပိုက်ဆံ တဆယ်လေးနဲ့လည်း ဘာမှလုပ်လို့ ရမယ် ကျမ မထင်ပါဘူး။ ထည့်လည်း မထည့်ဘူး။ ပေးလည်း မပေးဘူးလို့ပဲ ကျမသိတယ်။ ကျမသိတာ ဒါပဲ” ဟု ပြောသည်။
ဦးဟိန်းဇော်၏ အမျိုးသမီး ဒေါ်ခင်သန္တာစိုးက ၎င်း၏ အမျိုးသားဖြစ်သူမှ စင်ကာပူတွင် အလုပ်လုပ် ကိုင်စဉ် လစဉ် ရရှိသည့် ဝင်ငွေအချို့ကို မိသားစုများထံသို့ ပို့ပေးပြီး ငွေစုထားခြင်း ဖြစ်ပြီး ငွေအများဆုံး ဘဏ်အကောင့်မှာ သိန်း ၅၀ ရှိပါသည်ဟု ပြောသည်။
မိသားစုဝင်များ ပြောဆိုချက်အရ ကိုဟိန်းဇော်သည် စင်ကာပူနိုင်ငံတွင် အင်ဂျင်နီယာ အလုပ် တရားဝင် လုပ်ကိုင်နေသည်မှာ ၄ နှစ်ခန့်ရှိပြီဖြစ်ပြီး တလလျှင် မြန်မာငွေကျပ် သိန်း ၃၀ ခန့် လစာ ရရှိသည်ဟု သိရသည်။
ဆက်လက်ပြီး ဒေါ်ခင်သန္တာစိုး က “ကျမတို့ကိုလည်း စသုံးလုံးက လာခဲ့ စစ်မယ်ဆိုပြီး ပြောတယ်။ ကျမတို့ကို တရားဝင်စာပို့ပါဆိုတော့ သူတို့ မပို့ပါဘူး။ ကိုဟိန်းဇော်မှာတော့ တခြား ဘာပိုင်ဆိုင်မှုမှ မရှိဘူး။ သူ့လစာထဲက တလချင်းစီ နည်းနည်းစီ ပိုက်ဆံပို့တာကို စုထားတာပဲ ရှိတာပါ” ဟု ပြောသည်။
တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ရခိုင်အသင်း (စင်ကာပူ) ခေါင်းဆောင်များကို ဖမ်းဆီး တရားစွဲဆိုထားသည့် ပုဒ်မမှာ အကြမ်းဖက် ဥပဒေဆိုင်ရာ ပုဒ်မများ ဖြစ်သဖြင့် အမှုရင်ဆိုင် နေရစဉ် ငွေမည်းများကို ငွေကြေးခဝါချထားသည်ဟူသည့် စွပ်စွဲချက်ရှိပါက ပိုင်ဆိုင်မှုများကို ချိတ်ပိတ်ခြင်း၊ ခေတ္တသိမ်းဆည်းထားခြင်းများ ဥပဒေကြောင်းအရ လုပ်ဆောင်နိုင်သည် ဟု ပြောသည်။
ဥပဒေကြောင်းအရ ချိတ်ပိတ်ခြင်း၊ ခေတ္တသိမ်းဆည်းထားခြင်းများ ပြုလုပ်ခံရပြီး အမှုပြီးဆုံး ပါက ပိုင်ရှင်ထံ ပြန်ပေးအပ်ခြင်း သို့မဟုတ် ပြည်သူပိုင် သိမ်းခြင်းကို ဥပဒေအရ လုပ်ဆောင်ခံရမည်ဟု လည်း ဦးကြီးမြင့်က ပြောသည်။
ဦးကြီးမြင့် က “လုပ်ငန်းက ဘယ်လိုလုပ်တယ်။ ဝင်ငွေဘယ်လိုဆိုတာပြ၊ သူတို့မှာ တကယ်သုံးစွဲနေတဲ့ ရှိနေတဲ့ ပစ္စည်းတွေ တန်ဖိုးတွေနဲ့ သူတို့ပြတဲ့ စာရင်းနဲ့ အစိုးရက ပြတာနဲ့ သူတို့ ပြတာ တအား ဟ နေရင်တော့ စွဲချက်တင်ခံရမှာပဲ။ အဲ့လိုမဟုတ်ပဲ အနီးကပ်ဆုံး မှန်ကန်ရင်တော့ စွဲချက် မတင်ခံပဲ လွတ်သွားမှာပေါ့” ဟု ဆိုသည်။
ယနေ့ ဇန်နဝါရီ ၁၇ ရက်တွင် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံး၌ ရခိုင်အသင်း (စင်ကာပူ) ခေါင်းဆောင် များကို ရုံးထုတ်ပြီး တရားလိုပြသက်သေ ရဲအုပ် ဝင်းမင်းလတ်ကို စစ်ဆေးခဲ့သည်။
ရန်ကုန်အနောင်ပိုင်းခရိုင်တရားရုံး၏ သတင်းနှင့်ပြန်ကြားရေး အရာရှိ ဦးဇော်ဇော်ထွန်းက ရခိုင်အသင်း (စင်ကာပူ) မှ တရားစွဲဆိုခံထားရသူများ၏ မိသားစုဝင်များကို စသုံးလုံးမှ ခေါ်ယူစစ်ဆေးခြင်း၊ ပိုင်ဆိုင်မှုများ ချိတ်ပိတ်ခံရခြင်းမှာ တရားရုံး၏ လုပ်ဆောင်ချက် မဟုတ်ကြောင်း၊ တရားရုံးနှင့် မသက်ဆိုင်ကြောင်း ပြောဆိုသည်။
တရားခွင်အပြီးတွင် လုံခြုံရေးရဲတပ်ဖွဲ့မှ သတင်းမီဒီယာများကို စကားလှမ်းမပြောရန် တားဆီး နေသော်လည်း ရခိုင်အသင်း (စင်ကာပူ) ခေါင်းဆောင်များမှ ၎င်းတို့ ပြောလိုသည်များ အော်ဟစ် ပြောဆိုသွားသည်။
ဦးအောင်မြတ်ကျော် က “ကမ္ဘာကရော ပြည်တွင်းကပါ ကျနော်တို့ ဘာဖြစ်နေတယ် ဆိုတာ မသိအောင် အမှောင်ချထားတယ်။ ကျနော်တို့ကို စကားပြောခွင့် မပေးဘူး။ ရခိုင်လူထုလည်း ကျနော်တို့ ဘာဖြစ် နေတယ်ဆိုတာ မသိဘူး။ ကျနော်တို့ စွဲဆိုမခံသင့်တဲ့ ပုဒ်မတွေနဲ့ တရားစွဲခံထားရပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်ခံနေရပါတယ်” ဟု ပြောဆိုသွားသည်။
ဦးတင်လှိုင်ဦးကလည်း ၎င်းတို့နှင့် မသက်ဆိုင်သည့် အကြမ်းဖက်ဥပဒေပုဒ်မဖြင့် တရားစွဲဆိုခံထား ရသည်မှာ တရားမျှတမှု မရှိပါဟု အော်ဟစ် ပြောဆိုသည်။
ရခိုင်အသင်း (စင်ကာပူ) မှ ခေါင်းဆောင်များသည် ၂၀၁၉ ခုနှစ်၊ ဇူလိုင် ၆ ရက်နှင့် ၇ ရက်တွင် စင်ကာပူနိုင်ငံတွင်း စင်ကာပူရဲတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးမှု ခံခဲ့ရပြီး မြန်မာနိုင်ငံမှ အကြမ်းဖက် အဖွဲ့အဖြစ် သတ်မှတ်ထားသည့် AA ကို ငွေကြေးထောက်ပံ့ခြင်း၊ AA တည်ထောင်မှု ၁၀ နှစ်ပြည့် အခမ်းအနားကို စင်ကာပူနိုင်ငံတွင်း ကျင်းပခြင်း၊ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် ဗီဒီယိုကော မိန့်ခွန်း နားထောင်ခြင်း ဟူသည့် စွပ်စွဲချက်များဖြင့် ပြည်နှင်ဒဏ် ပေးခဲ့သည်။
မြန်မာနိုင်ငံသို့ ပြန်ရောက်စဉ် ဦးတင်လှိုင်ဦးနှင့် ဒေါ်အေးမြတ်မွန်တို့ ငှားရမ်းထားသည့် ကားဆရာ ဦးမြတ်မင်းဦး ကိုလည်း အကြမ်းဖက်ဥပဒေပုဒ်မများဖြင့် အမှုတွဲ တတွဲတည်း မြန်မာနိုင်ငံသတင်း ရဲတပ်ဖွဲ့မှ တရားစွဲဆိုထားသည်။
လက်ရှိတွင် အင်းစိန် အကျဉ်းထောင်တွင် အချုပ်ကျနေပြီး တရားရင်ဆိုင်နေရသည်မှာ ကားဆရာ ဦးမြတ်မင်းဦးနှင့် ရခိုင်အသင်း (စင်ကာပူ) မှ ခေါင်းဆောင် ၇ ဦး၊ စုစုပေါင်း ၈ ဦး ဖြစ်သည်။
မြန်မာနိုင်ငံ သို့ ပြန်ရောက်ပြီးနောက် ရဲတပ်ဖွဲ့မှ လိုက်လံဖမ်းဆီးခဲ့ပြီး အထူးသတင်းတပ်ဖွဲ့မှ ရဲမှူး တင့်ရွှေက တရားလိုလုပ်ကာ အကြမ်းဖက်ဥပဒေပုဒ်မ ၅၀ (ည)၊ ၅၂ (က) တို့ဖြင့် တရားစွဲဆို ခဲ့ခြင်း ဖြစ်သည်။
ပုဒ်မ ၅၀ (ည) သည် အစိုးရ သတ်မှတ်ထားသည့် အကြမ်းဖက်အဖွဲ့ကို ငွေကြေး ထောက်ပံ့သည်ဟု ယူဆလျှင် ထိုပုဒ်မဖြင့် တရားစွဲဆိုနိုင်ပြီး ပြစ်မှုရှိသည်ဟု တရားရုံးမှ ဆုံးဖြတ်ပါက ထောင်ဒဏ် တသက်နှင့် ငွေဒဏ်ကျခံရနိုင်သည်။
ပုဒ်မ ၅၂(က)သည် အစိုးရမှ သတ်မှတ်ထားသည့် အကြမ်းဖက်အဖွဲ့၏ တာဝန်များ လုပ်ကိုင်ပေးခြင်း ရှိသည်ဟု စွပ်စွဲခံရပါက တရားစွဲဆိုနိုင်သည့် ပုဒ်မဖြစ်ပြီး ပြစ်ဒဏ်ထင်ရှားသည်ဟု တရားရုံးက ဆုံးဖြတ်လျှင် အနည်းဆုံး ထောင်ဒဏ် ၃ နှစ်မှ အများဆုံး ၇ နှစ်ထိ ကျခံရနိုင်သည်။
You may also like these stories:
ဗိုလ်ချုပ် ထွန်းမြတ်နိုင်၏ ဇနီးနှင့် ကလေး ၂ ဦးကို မြန်မာနိုင်ငံသို့ လွှဲပြောင်းမည်
AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ဇနီး အဖမ်းခံရ
AA စစ်ဦးစီးချုပ်၏ ညီမနှင့် ယောက်ဖတို့ကို အကြမ်းဖက်မှု ဥပဒေဖြင့် တရားရုံးတင်