တပ်မတော် အစိုးရလက်ထက်က အပြီးဆောက်လုပ်ခဲ့တဲ့ အစိုးရ ရုံးစိုက်ရာ နေပြည်တော်ကို မြန်မာရဲ့ အိမ်နီးချင်း နိုင်ငံကြီး တခု ဖြစ်တဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖျင် ဒီနေ့ ရောက်ရှိလာပါတယ်။
သူ့ခရီးစဉ်အတွင်းမှာ တခြား နိုင်ငံခေါင်းဆောင်တွေ လာရင် ကြိုသလိုမျိုး ပုံမှန်မဟုတ်တဲ့ ကိစ္စအများအပြားကိုလည်း သတိထားမိတာကြောင့် အများစိတ်ဝင်စားနိုင်မယ့် အကြောင်းအရာတချို့ကို ပြောပြချင်ပါတယ်။
ပထမဆုံး တရုတ် သမ္မတ ရောက်လာတော့မယ်လို့ အသံကြားတဲ့အချိန်မှာပဲ နေပြည်တော်က လမ်းမကြီးတချို့ မှာ ဆေးပြန်သုတ်တာတွေ၊ ဖြူနီကြား ဆေးပြန်မှုတ်နေတာတွေကို စပြီး သတိထားမိပါတယ်။ လေဆိပ်ကနေ နေပြည်တော်ကို ဝင်တဲ့ လမ်းတလျှောက် လမ်းအပေါက်၊ အနာအဆာတချို့ကိုလည်း ပြန်ပြင်ထားတာမျိုးတွေ ရှိပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ ဇန်နဝါရီလ ၁၄ ရက်နေ့ကစလို့ နေပြည်တော်ရဲ့ လမ်းမတွေအပေါ်မှာ ရဲတပ်ဖွဲ့ ဝင်တွေ စပြီး ချထားတာပါ။ နေပြည်တော်က ရဲတွေသာမက နယ်ဒေသအသီးသီးမှာ ရှိတဲ့ ရဲတပ်ရင်းတွေကိုလည်း ခေါ်ယူ အသုံးပြု ခဲ့တယ်လို့ သိရပါတယ်။
တခု ထူခြားတာကတော့ သူနေပြည်တော်မှာ ရှိနေစဉ်ကာလအတွင်း သွားလာမယ့် လမ်းတလျှောက်မှာ မီးစက်တွေ လိုက်ပြီး ချထားတာပါ။ အားလုံး ၁၇ လုံးတောင် ရှိပါတယ်။ သူ ယာဉ်တန်း ဖြတ်သွားစဉ်မှာ မီးပျက်သွားမှားဆိုးလို့ အရေးပေါ် မီးစက်တွေ ချထားပေးရတာ ဖြစ်ပါတယ်။
သူတည်းခိုမယ့် Horizontal Lake View ဟိုတယ်ကိုလည်း လုံခြုံရေးအရ တခြား တည်းခိုမယ့်သူတွေကို ခွင့်မပြုတော့ သလို တခြားဟိုတယ် တခုဖြစ်တဲ့ ရွှေစံအိမ်ဟိုတယ်မှာလည်း လုံခြုံရေး အစောင့်အရှောက် များစွာနဲ့မိုလို့ ဘယ်ဟို တယ်မှာ တည်းမလဲဆိုတာ ပြောရခက်ပါတယ်။ သူတည်းခိုမယ့် အခန်းကိုတော့ ကျည်ကာမှန်တွေ ကြိုပြီး တပ်ထား တယ်လို့လည်း ဆိုကြပါတယ်။
တရုတ်သမ္မတ မတိုင်ခင် တပတ်လောက်ကြိုပြီး နေပြည်တော် လေဆိပ်မှာ တရုတ်အမှတ်တံဆိတ်နဲ့ တရုတ်ဘိုးရင်း လေယာဉ်ကြီးတစီး ရပ်ထားတာ တွေ့ ရလို့ ကြိုတင်ရောက်နေတဲ့အဖွဲ့ တွေက တရုတ်သမ္မတ လာရင် အဆင်ပြေအောင် မြန်မာ အစိုးရ အရာရှိတွေနဲ့ ကြိုတင်ညှိနှိုင်းမှုတွေ လုပ်နေတာပါ။
တရုတ်ဘက်က တောင်းဆိုမှုတွေ အရမ်းများတယ်လို့ မြန်မာ အစိုးရ အရာရှိငယ်တဦးက ပြောပြလို့ သိရပါတယ်။
တရုတ်ဘက်က ဘယ်လောက်တောင် တောင်းဆိုလဲဆိုရင် သမ္မတ ရှီကျင့်ဖျင် နေပြည်တော် လေဆိပ်ကို ရောက်လာ ရင် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ကြိုဆိုပေးရမယ်ဆိုတဲ့ အချက်မျိုးတောင် ပါဝင်တယ်လို့ သိရပါတယ်။
ဒီနေ့ တကယ်ရောက်လာချိန်မှာတော့ မြန်မာဘက်က ဒုတိယ သမ္မတ ဦးမြင့်ဆွေ သွားကြိုတာ တွေ့ ရလို့ အတိုင်ပင်ခံ ကိုယ်တိုင် ကြိုဆိုရမယ့် အစီအစဉ်ကို မြန်မာဘက်က ငြင်းပယ်ခဲ့ပုံ ရပါတယ်။
ဒါပေမယ့် မြန်မာဘက်က ကြိုဆိုရေး အစဉ်အစဉ်မှာတော့ တခြားနိုင်ငံ ခေါင်းဆောင်တွေထက် ဦးစားပေးခဲ့တာတော့ သိသာပါတယ်။ သူလာမယ့် လမ်းတလျှောက်မှာ တရုတ်-မြန်မာ အလံတွေ ဓါတ်တိုင်တိုင်းနီးပါး စိုက်ပေးခဲ့တာမျိုး တွေ့ ရပါတယ်။
သူမတိုင်ခင် နေပြည်တော်ကို လာခဲ့တဲ့ အိန္ဒိယ၊ ဗီယက်နမ်၊ တောင်ကိုးရီးယားနဲ့ လာအိုခေါင်းဆောင်တွေကို ဒီလိုမျိုး ကြိုဆိုတာမျိုး မတွေ့ ရပါဘူး။
ပြီးတော့ သူလာမယ့် လမ်းကြောင်းတလျှောက်မှာ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို မြန်မာနိုင်ငံမှ လှိုက်လဲှစွာ ကြိုဆိုပါ၏ ဆိုတဲ့ ဆိုင်းဘုတ်တွေ၊ တရုတ်-မြန်မာ ယဉ်ကျေးမှုနဲ့ ခရီးသွားလာရေးနှစ် စတင် ခြင်း အထိမ်းအမှတ် ဆိုင်းဘုတ်တွေ၊ တရုတ်-မြန်မာ ၂ နိုင်ငံအကြား ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး အဓွန့် ရှည်ပါစေဆိုတဲ့ ဆိုင်းဘုတ်တွေကိုလည်း တွေ့ မြင်ရပါတယ်။
တကယ်ရောက်လာတဲ့ ဒီနေ့မှာတော့ နေပြည်တော် လေဆိပ်အထွက်လမ်းတလျှောက် တရုတ်-မြန်မာ အလံကို ကိုင် ထားတဲ့ ကျောင်းသား၊ ကျောင်းသူလေးတွေ၊ နောက်ကနေ ကက်ဆက်ဖွင့်ပေးရပြီး ကပြရတဲ့ ယဉ်ကျေးမှုဌာနက လူတွေနဲ့ နိုင်ငံခြားရေးက ဝန်ထမ်းတွေက နေ့လယ် နေပူပူထဲမှာ ၁ နာရီလောက် ကြိုရောက်ပြီး မတ်တပ်ရပ်စောင့်နေ ရတာပါ။
အရင်ခေတ် အစိုးရတာဝန်ရှိသူတွေက သူတို့လာရင် ထွက်ကြိုရတဲ့ ကိုယ်တွေရဲ့ ကျောင်းသားဘဝတွေကိုတောင် ပြန်သတိရမိပါ သေးတယ်။ လာကြိုတဲ့အထဲက ကျောင်းအုပ်ဆရာကြီး တဦးကတော့ ဒီကျောင်းသားတွေဟာ သူတို့ သဘောၤဆန္ဒနဲ့ လိုက်တာဖြစ်ပြီး အားလုံး ကျောင်းသား ၅၀၀ ဝန်းကျင် ရှိတယ်လို့ ရှင်းပြပါတယ်။
အဲလိုနဲ့ သမ္မတ ရှီကျင့်ဖျင် နေပြည်တော်ကို ရောက်လာတဲ့အခါ လာကြိုတဲ့သူတွေ အကုန်လုံးက တရုတ်သမ္မတကြီး ကျန်းမာပါစေ၊ တရုတ်-မြန်မာ ၂ နိုင်ငံ ချစ်ကြည်ရေး အဓွန့်ရှည်ပါစေလို့ အော်တဲ့သူကအော်၊ ကက်ဆက်ဖွင့်ပြီး ကတဲ့သူတွေက ကကြပေါ့။ တရုတ်သမ္မတကြီးက ကားထဲကနေ လက်ပြနုတ်ဆက်တာတောင် မတွေ့ ရပါဖူး။
နေ့လယ် ၁ နာရီကျော်ကျော်က နေပြည်တော်လေဆိပ်ကို ရောက်လာတဲ့ တရုတ်သမ္မတ ရှီဟာ သူတည်းခိုမယ့် ဟို တယ်ကို အရင်ဆုံးသွားပြီး ညနေ ၄ နာရီ မိနစ် ၂၀ လောက်ကျမှ သမ္မတအိမ်တော်ကို ယဉ်တန်းကို ရောက်ရှိလာတာ ပါ။
သူစီးလာတဲ့ ကျည်ကာ မော်တော်ယာဉ်ကလည်း နေပြည်တော်ကို တရုတ်နိုင်ငံကနေ သူမလာခင် က တည်း က ကြိုရောက်နေတာပါ။ သူအိမ်တော်ကို မရောက်မီ မိနစ် ၂၀ အလို ညနေ ၄ နာရီလောက်မှာတော့ သူ့ရှေ့ပြေး အဖွဲ့ နဲ့ တရုတ်လုံခြုံရေးတချို့ ကြိုရောက်လာပါတယ်။
မြန်မာသမ္မတ ဦးဝင်းမြင့်ကတော့ သူမရောက်မီ ၅ မိနစ်လောက်မှာ ဂုဏ်ပြုတပ်ဖွဲ့ နဲ့ ကြိုဆိုမယ့် နေရာကို ကြိုရောက် လာပြီး တရုတ် သမ္မတ ရှီကျင့်ဖျင်ကို သေသေချာချာကို ကြိုဆိုခဲ့တာပါ။ တရုတ်သမ္မတရဲ့ လုံခြုံရေးတွေဟာ တခြား နိုင်ငံခေါင်းဆောင်တွေရဲ့ လုံခြုံရေးတွေထက် ပိုများပါတယ်။ သူ့ယာဉ်ဘေးမှာ အနီးကပ်ပြေးလိုက်တဲ့သူကို ၁၀ ယောက် ကျော်ပါတယ်။
သမ္မတရှီ ကားပေါ်က ဆင်းလာတော့ သူ့ပုံစံကို ကြည့်ရတာ တကယ့်ကို အေးအေးဆေးဆေးပါပဲ။ ပြုံးပြုံးရွှင်ရွှင်နဲ့ ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးတဲ့အခါ သမ္မတ ဦးဝင်းမြင့်နဲ့တောင် စကားတွေ ပြောပြီး ရယ်နေပါသေးတယ်။
တရုတ်သမ္မတနဲ့ မြန်မာ သမ္မတတို့ ဂုဏ်ပြုတပ်ဖွ့ဲကို စစ်ဆေးပြီးတဲ့အခါ သမ္မတ အိမ်တော်မှာ အပြင်ထွက်ပြီး စောင့်နေ သူကတော့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပါ။ သူကိုယ်တိုင် ထွက်ကြိုပြီး အိမ်တော်ထဲကို ခေါ်၊ အလံတွေ ရှေ့မှာ ဓါတ်ပုံအရိုက်ခံကြပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတရှီတို့ ၄ နာရီ ၃၅ မိနစ်မှာ အရင်တွေ့ဆုံကြပါတယ်။
အဲဒီအချိန်မှာ သမ္မတ ဦးဝင်းမြင့် မပါတော့ပါဘူး။ သမ္မတ ဦးဝင်းမြင့်က ညနေ ၅ နာရီခန့်ရောက်မှ သမ္မတရှီနဲ့ ထပ်တွေ့ ဆုံတာမျိုး လုပ်တာပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတရှီတွေ့ ဆုံပွဲကိုတော့ POOL စနစ်နဲ့ ကန့်သတ် သတင်းယူရလို့ ဘယ်လိုပုံစံ တွေ့ဆုံတယ်ဆိုတာ မသိရပါဖူး။
သမ္မတနဲ့ တွေ့ ဆုံပွဲမှာတော့ အားလုံး သတင်းယူခွင့်ရပြီး သမ္မတ ဦးဝင်းမြင်က စပြီး ကြိုဆိုနုတ်ဆက်စကား ပြောပါ တယ်။ သူပြောတာကတော့ ဒုတိယ သမ္မတနဲ့ မြန်မာကို လာခဲ့ဖူးသလို အခုတကြိမ် ထပ်ရောက်လာတဲ့အတွက်လည်း ကြိုဆိုတဲ့အကြောင်း၊ အခု ၂၀၂၀ ဟာ ၂ နိုင်ငံ ဆက်ဆံရေး နှစ် ၇၀ ပြည့် ဖြစ်လို့ ၂ နိုင်ငံလုံးအတွက် အရေးပါတဲ့ ခရီးစဉ် ဖြစ်တဲ့အကြောင်း ပြောတာပါ။
တခုဆိုးတာကတော့ တရုတ်မီဒီယာတချို့ပါပဲ။ သမ္မတ ဦးဝင်းမြင့် မလာမီ သတင်းထောက်တွေကို ကြိုပြီး ခန်းမထဲကို ခေါ်သွင်းတဲ့အတွက် ကြိုပြီး နေရာယူလို့ ရပါတယ်။ ဒါပေမယ့် နောက်ကျမှ ရောက်လာတဲ့ တရုတ်သတင်းထောက် တချို့ဟာ ရှေ့ကို အတင်းဖြတ်ဝင်ပြီး နေရာလုပါတယ်။ တော်တော် ဘဝင်မကျစရာ၊ စိတ်အနှောင့်အယှက် ဖြစ်စရာပါ။
အများရပ်နေတဲ့ရှေ့ကို အတင်းဝင်လာပြီး တခြားသူတွေကို ပိတ်ရပ်တာပါ။ တခြားသူတွေက လက်မခံဘဲ အော်ကြပေမယ့် သူတို့နဲ့အတူ ပါလာတဲ့ မြန်မာအစိုးရ အရာရှိတချို့ကပါ တရုတ်ဘက်က လိုက်ပြောပေး နေတော့ မြန်မာ သတင်းထောက်တွေ နေရာဖယ်ပေးပြီး လက်လျှော့လိုက်ကြရပါတယ်။
အရင် အစိုးရလက်ထက်တုန်းက “ကျနော်တို့ တရုတ်ကို ကြောက်ရပါတယ်” ဆိုတဲ့ ဝန်ကြီးတဦးရဲ့ စကားတောင် သွားသတိရမိပါသေးတယ်။
တရုတ်သမ္မတကို မြန်မာအစိုးရက ညစာစားပွဲနဲ့ ဒီနေ့ည ဧည့်ခံမှာ ဖြစ်သလို မနက်ဖြန် နေ့လယ်စာကိုတော့ အတိုင် ပင်ခံက ဧည့်ခံမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီနေ့ မြန်မာ ခေါင်းဆောင် ၂ ယောက်နဲ့ တရုတ် သမ္မတတို့ တွေ့ဆုံပြီးရင် နေပြည်တော်က မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ (MICC – 2) မှာ တရုတ်-မြန်မာ ဆက်ဆံရေး နှစ် ၇၀ ပြည့် အခမ်းအနားကို တရုတ်သမ္မတ ရှီကျင့်ဖျင်ကိုယ်တိုင် တက်ရောက်မှာ ဖြစ်ပါတယ်။
အဲဒီ MICC – 2 ဟာဆိုရင် တရုတ်နိုင်ငံက ဆောက်လုပ်ပေးထားတာလည်း ဖြစ်ပါတယ်။
တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ မြန်မာပြည် ခရီးစဉ်အတွင်းမှာ သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပြင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့လည်း သီးခြားစီ တွေ့ ဆုံဖို့ ရှိပါတယ်။ တပ်ချုပ်နဲ့တော့ နေပြည်တော်က ဟိုတယ်တလုံးမှာ တွေ့ ဆုံဖွယ် ရှိပါတယ်။
သူ့ခရီးစဉ်အတွင်းမှာ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေ၊ မြန်မာပြည်က ထင်ရှားသူတချို့နဲ့လည်း တွေ့ ဆုံဖို့ ရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
သမ္မတရှီဟာ ဆယ်စုနှစ် ၂ ခုအတွင်း မြန်မာနိုင်ငံကို လာရောက်လည်ပတ်တဲ့ ပထမဆုံး တရုတ်သမ္မတ ဖြစ်လာမှာ ဖြစ်ပြီး သူဟာ ၂၀၀၉ ခုနှစ်ကလည်း မြန်မာနိုင်ငံကို ဒုတိယ သမ္မတအဖြစ် လာရောက်ခဲ့သေးတာကြောင့် အခုတခေါက် ဟာဆိုရင် သမ္မတရှီရဲ့ ဒုတိယမြောက် မြန်မာနိုင်ငံ ခရီးစဉ်လည်း ဖြစ်ပါတယ်။
သူ့ရဲ့ နေပြည်တော်ခရီးစဉ်ဟာ တရုတ်ရဲ့ ကြီးမားတဲ့ ရည်မှန်းချက်တခုဖြစ်တဲ့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် (CMEC) စီမံကိန်းတွေအတွက် နားလည်မှု စာချွန်လွှာတချို့ လက်မှတ်ရေး ထိုးကြမှာ ဖြစ်လို့ မြန်မာပြည်သူတွေ ကတော့ သတိနဲ့ စောင့်ကြည့်နေကြတယ်လို့ပဲ ပြောရမှာပါ။
You may also like these stories:
တရုတ်စီမံကိန်းများ အခိုင်အမာ စတင်အကောင်အထည်ဖော်ရန် ရှီကျင့်ဖျင် တောင်းဆို
အရပ်ဘက် အဖွဲ့တွေရဲ့ တိုက်တွန်းမှုကို သမ္မတ ရှီကျင့်ဖျင် နားထောင်ပါ့မလား