ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်ခြင်း၊ အလုပ်နေရာ မတူခြင်း၊ အလုပ်ရှင်မတူခြင်းနှင့် အထောက်အထား မခိုင်လုံသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား ၆၈ ဦးကို ထိုင်းအစိုးရက ပြည်နှင်ဒဏ်ပေးပြီး ဇန်နဝါရီ ၁၄ ရက်နေ့က နေရပ် ပြန်ပို့ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြန်ပို့ခံရသူ ၆၈ ဦးကို ရနောင်းဂိတ်မှ တဆင့် ထိုင်း-မြန်မာ နယ်စပ် ကော့သောင်းဂိတ်သို့ ဇန်နဝါရီ ၁၄ ရက်နေ့က ပို့ဆောင်ပေးခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိ အစိုးရဌာနက လက်ခံကြိုဆို၍ ၎င်းတို့၏ နေရပ် ပြန်နိုင်ရေးအတွက် စီစဉ် လုပ်ဆောင်လျှက်ရှိသည်ဟု ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းနှင့် ရွှေ့ပြောင်းအလုပ်သမား ပညာပေးစင်တာ (FED/MEC)မှ ကော့သောင်း တာဝန်ခံ ဦးမိုးဝေက ဧရာဝတီသို့ ပြောသည်။
ဦးမိုးဝေက “အလုပ်သမားတွေ ပြန်လာရရင် ဆုံးရှုံးမှုက အများကြီးရှိတယ်။ တချို့က စာအုပ် သက်တမ်း မကုန်သေးဘဲ ဖမ်းမိသွားမယ်ဆိုရင် သူတို့ လုပ်ထားတဲ့စာအုပ်ရဲ့ ကုန်ကျစရိတ် ဘတ် ၁၀၀၀၀ ကျော် ဆုံးရှုံးသွားတယ်။ ပြီးရင် အလုပ်လည်း မလုပ်ရတော့ဘူး။ နောက်ပြီးတော့ ၂ နှစ်အထိ ပြန်လာလို့ မရတော့ဘူး”ဟု ပြောသည်။
ဆက်လက်ပြီး ၎င်းက “အဖမ်းခံရတဲ့ အလုပ်သမားတွေ တရားရုံးမှာ ဒဏ်ကြေး ဘတ် ၇၀၀၀ ဆောင်ပြီး ပေမယ့် အမြန်လွတ်ချင်ရင် ငွေပိုပေးရမယ်လို့ တာဝန်ရှိသူတွေက သူတို့ကို လာတွေ့တဲ့ ဆွေမျိုးသား ချင်းတွေကို လိမ်လည် တောင်းခံတာမျိုးတွေ ရှိနေတယ်”ဟု ပြောသည်။
ဖမ်းဆီးခံရသည့် အလုပ်သမားများက ထောင်အတွင်းနေထိုင်စားသောက်မှု ခက်ခဲခြင်းကြောင့် အမြန်လွတ် လိုသည့် အတွက် ထိုသို့ အလိမ်ခံရမှုများအများအပြားရှိနေသည်ဟု ၎င်းက ရှင်းပြသည်။
ထို့ကြောင့် အစိုးရအနေဖြင့် မြန်မာနှင့် ထိုင်း တရားဝင်ဂိတ်များသို့ ဝင်ရောက်လာသည့် အလုပ်သမားများ၏ ဝင်ခွင့်ကို အတတ်နိုင်ဆုံး စောင့်ကြည့်ပြီး လွယ်ကူချောမွေ့အောင် စီစဉ်ပေးစေချင်ကြောင်း ဦးမိုးဝေက အကြံပြုသည်။
ပည်နှင်ဒဏ်ပေးခံရသည့် ၆၈ ဦးတွင် ကျား ၆၃ ဦးနှင့် မ ၅ ဦး ပါဝင်ကာ ၎င်းတို့အနက် လူကြီး ၃ ဦးနှင့် အသက် ၁၈ နှစ်အောက် ကလေး ၂ ဦးသည် မွန်ပြည်နယ် အပေါင်မြို့နယ်က ဖြစ်ပြီး ကော့သောင်းဒေသရှိ ပွဲစားမှ တဆင့် ရနောင်းဖက်သို့ ၁ ဦးလျှင် ငွေကျပ် ၆ သိန်းခွဲဖြင့် ခေါ်ဆောင်လာခြင်းဖြစ်သည် ဟု သိရသည်။
၎င်းတို့ ၅ ဦးတွင် လူကြီး ၃ ဦးကို တရားရုံးတက် စစ်ဆေးနေပြီး ၁၈ နှစ်အောက် လူငယ် ၂ ဦးကို ကလေး ထိန်းသိမ်းရေးစင်တာသို့ ပို့ဆောင်ကာ တရားရုံး ၃ ကြိမ် တက်ပြီးနောက် နိုင်ငံခိုဝင်မှုဖြင့် ၄၅ ရက် အပြစ်ဒဏ် ပေးကာ ၁ ဦးလျှင် ဘတ် ၆၀၀ စီကိုလည်း တရားရုံးက ထောက်ပံ့ပေးခဲ့သည်ဟု ပြန်လွတ်လာသူများတွင် ပါဝင်ခဲ့သည့် ကိုမိုးမြင့်က ပြောသည်။
မူရင်းဒေသမှ တခြားဒေသသို့ ပြောင်းရွှေ့လုပ်ကိုင်သော သူများကို ရွှေ့ပြောင်းအလုပ်သမားဟု ခေါ်ဆို လသလို မူရင်းဒေသမှ ငါးလုပ်ငန်းတွင် လုပ်ရမည်ဟု ပြောပြီး တခြားဒေသသို့ ရောက်သည့်အခါ ဆောက်လုပ် ရေးတွင် လုပ်ကိုင်စေခြင်းကဲ့သို့သော လုပ်ငန်းအမျိုးအစား ပြောင်းလဲခံရခြင်းကြောင့်လည်း မြန်မာလုပ် သားများက တရားမဝင် အလုပ်သမား ဖြစ်ကြရပြီး အဖမ်းခံကြရခြင်း ဖြစ်သည်။
မြန်မာနိုင်ငံမှ တရားမဝင် သွားရောက် အလုပ်လုပ်ကြသည့် အလုပ်သမားများကို ဖမ်းမိပါက ၎င်းတို့၏ အလုပ်ရှင်ဖြစ်သည့် ထိုင်းအလုပ်ရှင်များသည်လည်း အလုပ်သမား ၁ ဦးလျှင် ထိုင်းဘတ်ငွေ ၂ သောင်းမှ ၅သောင်းအထိ ပေးဆောင်ရသည်ဟု သိရသည်။
တရားမဝင်လာရောက် လုပ်ကိုင်သူ များပြားလာရခြင်းနှင့် ပတ်သက်ပြီး ဦးမိုးဝေက “ကျနော်တို့ နိုင်ငံမှာ ပြီးခဲ့တဲ့ အခေါက်က မွန်ပြည်နယ်မှာ ရေကြီးသွားတယ်။ အဲဒီတော့ အလုပ်အကိုင် ရှားပါးသွားတယ်။ အဲဒီက ရောက်လာကြတဲ့သူတွေ ရှိတယ်။ အခုဆိုရင် ရခိုင် ဘက်က လူတွေ တော်တော်များများ လာကြတယ်”ဟု ပြောသည်။
ထိုင်းသို့ သွားရောက်အလုပ်လုပ်ကြသူများသည် များသောအားဖြင့် အသက် ၂၀ ကျော်မှ အသက် ၄၀ ကြားရှိ အလုပ်လုပ်နိုင်သူ အရွယ်များ သွားရောက်ကြသည်။
၎င်းတို့အနေဖြင့် ထိုင်းအစိုးရမှ တရားဝင် သတ်မှတ်ထားသော လုပ်အားခသည် ရနောင်းဒေသတွင် ဘတ် ၃၁၅ ဖြစ်သော်လည်း စာရွက်စာတမ်း မပြည်စုံသူဖြစ်လျှင် တရက် လုပ်အားခ ဘတ် ၂၀၀ မှ ၂၅၀ ခန့်သာ ရရှိကြသည်ဟု သိရသည်။
ထို့သို့ တရားမဝင်အလုပ်လုပ်သူများကို ထိုင်းအစိုးရက ပုံမှန်ဖမ်းဆီးပြီး ပြန်ပို့လေ့ရှိသော်လည်း မြန်မာမှ ထိုင်း ဘက်သို့ နှစ်စဉ် တရားမဝင်အလုပ်လုပ်ကြသူများက များပြားနေသည့်အတွက် အလုပ်သမားများမှာ များစွာ နစ်နာမှုများ ရှိသည်ဟု ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့၏ ဒါရိုက်တာ ဦးကျော်သောင်း က သုံးသပ်သည်။
ယင်းကိစ္စနှင့် ပတ်သက်ပြီး ဦးကျော်သောင်းကလည်း “ဒီလိုဖမ်းဆီးပြီး ပြန်ပို့ရတယ်ဆိုတာ အလုပ်သမား တွေ လည်း နစ်နာတယ်။ တိုင်းပြည်လည်း သိက္ခာကျတယ်။ ငွေကြေးလည်း အရမ်းကုန်ကျတယ်။ အဓိက က MoUပဲ။ ပြည်ပထွက်ခွာမယ့် အလုပ်သမား တယောက်ကို MoU က ၁သိန်းခွဲ သတ်မှတ်ထားပေမယ့် တကယ်သွား လုပ်နေတဲ့သူတွေက ၈ သိန်းကနေ ၁၁ သိန်းလောက်အထိကုန်တယ်။ ဒီအားနည်းချက်က ဘာကြောင့်လဲဆိုတာ အစိုးရက အခုထိ စိစစ်မှုမရှိဘူး”ဟု ပြောသည်။
ထိုင်းအစိုးရသည် တရားမဝင် ရွှေ့ပြောင်းအလုပ်သမားကို တပတ်လျှင် ၂ ကြိမ်နှုန်းဖြင့် သက်ဆိုင်ရာ နေရာများသို့ ပုံမှန်ပြန်ပို့လျှက်ရှိပြီး ၁ ကြိမ်ပို့ပါက လူဦးရေ ၃၅ ဦးမှ ၁၀၀ ဦးရေ အတွင်း ပြန်ပို့လေ့ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလမှ စပြီး ၂၀၂၀ ခုနှစ် လက်ရှိအချိန် အထိ မြန်မာနိုင်ငံသို့ ပြန်ပို့နေသည့် အကြိမ် အရေအတွက် ၁၄ ကြိမ်ရှိ ရာ ထိုထဲတွင် ကျား ၈၉၈ ဦး၊ မ ၁၀၁ ဦးနှင့် ၂ နှစ်အောက် ကလေးငယ် ၆ ဦး ပါဝင်သည်။
ပဲခူး၊ ရခိုင်၊ ချင်းပြည်နယ်၊ တနသာ်ရီတိုင်းနှင့် မြန်မာပြည်အလယ်ပိုင်းမှ သဘာဝဘေးအန္တရာယ် ခံစားခဲ့ ရသည့်ဒေသရှိ ပြည်သူများမှာ ထိုင်းနိုင်ငံသို့ သွားရောက်သူများပြားပြီး ထိုသူများက ထိုင်းတွင် ဆောက်လုပ် ရေး၊ ရေလုပ်သားနှင့် အထွေထွေ အလုပ်များကို အများဆုံးလုပ်ကိုင်လေ့ရှိသည်။
တချို့သော ထိုင်းနိုင်ငံဘက်သို့ တရားမဝင်လာရောက်သူများ အများစုက မလေးရှားဘက်သို့ သွားရောက် အလုပ်လုပ်ရန် ခိုးဝင်လာကြသူများဖြစ်ပြီး ထိုင်းမှတဆင့် မလေးရှား၊ ဒူဘိုင်းသို့ သွားရောက်ကြသူများလည်း ရှိကြောင်း သိရသည်။
You may also like these stoires:
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ အလုပ်သမားသံအရာရှိဟောင်း အဂတိလိုက်စားမှု စတင်စစ်ဆေး
မြန်မာရွှေ့ပြောင်းကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့သူအား ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီးစစ်ဆေးနေ
ရနောင်းလူသတ်မှုဖြင့် ဖမ်းဆီးခံခဲ့ရသည့် မြန်မာလုပ်သား၏ မိခင်က ထိုင်းရဲကို တရားပြန်စွဲ