မန္တလေးမြို့လယ်ခေါင်ရှိ ရတနာပုံ စူပါစင်တာရှိ Skywalk ဈေးဝယ်စင်တာ မီးလောင်မှုနှင့်ပတ်သတ်ပြီး ဈေးပြန်လည်ဖွင့်ခွင့်ပြု/မပြုကိစ္စအား သက်ဆိုင်ရာပညာရှင်များနှင့်အဖွဲ့ ဖွဲ့စစ်ဆေးနေကြောင်း မန္တလေး တိုင်း ခေတ္တဝန်ကြီးချုပ်ဦးဇာနည်အောင်က ဧရာဝတီကို ပြောသည်။
ခေတ္တတိုင်းဝန်ကြီးချုပ် ဦးဇာနည်အောင်က “ဈေးပြန်ခွင့်ပြုမယ်၊ မပြုဘူးဆိုတာကတော့ အဖွဲ့ရဲ့ စစ်ဆေးမှု ရလာဒ်အပေါ်မှာ မူတည်ပြီး ဆုံးဖြတ်ရမှာပါ” ဟု ပြောသည်။
၎င်းက ဆက်လက်၍ “ဘာကြောင့်လောင်တယ်၊ ဆုံးရှုံးမှုက ဘယ်လောက်ဆိုတာ အခု တိတိကျကျ ပြောဖို့ခက်သေးတယ်။ အခုတော့ အဖွဲ့နုဲ့စစ်ဆေးခိုင်းနေပါတယ်။ လာမယ့် တနလာင်္နေ့မှာ နောက်ဆုံးထားပြီး စစ်ဆေးမှုရလဒ်တွေ တင်ပြဖို့လည်း ပြောထားပါတယ်” ဟု ပြောသည်။

အဆိုပါမီးလောင်မှုအတွက် “မီးလောင်ပြင်စီမံခန့်ခွဲရေးအဖွဲ့” အဖြစ် တိုင်းအစိုးရအဖွဲ့က ယနေ့ ဖွဲ့စည်းစေခဲ့ပြီး ဒုတိယမြို့တော်ဝန်က ခေါင်းဆောင်အဖြစ် တာဝန်ယူကာ မီးသတ်၊ ရဲ၊ စည်ပင်နှင့် အင်ဂျင်နီယာပညာရှင်များပါဝင်ကြောင်း သိရသည်။
အဆိုပါအဖွဲ့က အဆောက်အဦ မီးလောင်မှုအကြောင်းရင်း၊ ပျက်စီးဆုံးရှုံးမှုတန်ဖိုး၊ အဆောက်အဦ ကြံ့ခိုင်မှု အခြေအနေအပြင် မီးမသင့်ခဲ့သော ကျန်ရှိသည့်အထပ်များမှ ဆိုင်ခန်းပိုင်ရှင်များ ၎င်းတို့ပိုင်ဆိုင်မှုများအား စနစ်တကျ ပြန်လည်ထုတ်ယူခွင့်ပေးနိုင်ရေး စသည့်အချက်တို့အား စုံစမ်းစစ်ဆေးမှုပြုသွားမည်ဟု သိရသည်။

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၇၈ လမ်းပေါ်ရှိ ရတနာပုံစူပါစင်တာဈေးသည် မနေ့ညနေ ၆ နာရီအချိန်ခန့်က စတင်၍ မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးလောင်မှုကြာမြင့်ချိန်သည် ၁၁ နာရီကျော်ခန့်ရှိပြီး Level 5 အဆင့်သတ်မှတ်ကာ မီးငြိမ်းသတ်ခဲ့ရကြောင်း မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ သိရသည်။
အဆိုပါစင်တာသည် ၅ ထပ်အဆောက်အဦးဖြစ်ပြီး မီးလောင်မှုစတင်ဖြစ်ပွားသည့်နေရာမှာ ပထမအထပ်ရှိ Skywalk ဈေးဝယ်စင်တာမှ ဖြစ်ကာ အဆောက်အဦးတစ်ခုလုံးမီးမသင့်ဘဲ မီးစတင်လောင်ခဲ့သည့် ယင်း ဈေးဝယ်စင်တာတစ်ထပ်တည်းသာမီးလောင်ကျွမ်းခဲ့သည်ဟု တိုင်းမီးသတ်ဦးစီးမှုး ဦးသန်းဇော်ဦးက ဧရာဝတီကို ပြောသည်။

“မီးကတထပ်တည်းလောင်သွားပြီး ကျန်တဲ့အထပ်တွေက ဘာမှမဖြစ်ခဲ့ဘူးဆိုပေမဲ့ အဆောက်အဦးကြီး တစ်ခုလုံးရဲ့ဘေးကင်းလုံခြုံမှုရှိ၊မရှိ၊ ဈေးဆက်ဖွင့်နိုင်၊ မဖွင့်နိုင်အခြေအနေတွေကို စုံစမ်းစစ်ဆေးဆဲပါပဲ” ဟု ၎င်းက ပြောသည်။
ရတနာပုံစူပါစင်တာ ဒုတိယထပ်ရှိ ရတနာမောလ်မှ သဇင်ပန်း ကျောက်မျက်ရတနာအရောင်းဆိုင် ပိုင်ရှင် ဒေါ်ခင်လေးမြင့်က “ဆိုင်ခန်းတစ်ခန်းကို လူတစ်ယောက်နှုန်းနဲ့ ဝင်ကြည့်ခွင့်ပြုမယ်၊ ဒါပေမဲ့ ဒီနေ့တော့ ပစ္စည်းတွေ ယူခွင့်မပေးဘူးလဲ ပြောတယ်။ ကိုယ့်ဆိုင်အခြေအနေ ကြည့်ပြီး မှတ်တမ်းယူထားပေါ့။ နောက်ရက်မှ အထောက်အထားပြပြီး ကိုယ့်ပစ္စည်းကိုယ်ပြန်သယ်ခွင့်ပေးမလားမပြောတတ်ဘူး”ဟု ဧရာဝတီကို ပြောသည်။

အဆိုပါမီးလောင်မှုဖြစ်စဉ်တွင် သေဆုံးသူမရှိသော်လည်း မန္တလေးတိုင်းမှ မီးသတ်တပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိကာ လက်ရှိတွင် မန္တလေးပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူလျက် ရှိသည်။
အဆိုပါအဆောက်အဦးနေရာသည် လွန်ခဲ့သော ၂၀၀၈ ခုနှစ်က မီးလောင်မှုဖြစ်ပွားခဲ့သော ရတနာပုံဈေး နေရာဖြစ်ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ ကျပ် သန်း ၂၆၀၀ ကျော်ရှိခဲ့သည်။
You may also like these stories:
ရခိုင်အသင်း ခေါင်းဆောင်များ၏ မိသားစုဝင်များကို စသုံးလုံး ခေါ်ယူစစ်ဆေး
မြောက်ဦးတွင် တပ်မတော်သား ၁ ဦး ဖမ်းဆီးခံရ
တနင်္သာရီတိုင်းအတွင်း အမျိုးသမီးများအကြမ်းဖက်ခံရမှု တိုးလာ
မြဝတီမြို့ တွင် တရားမဝင် တရုတ်နိုင်ငံသားနှင့် လက်ခံသည့်အိမ်ရှင် ၄ ဦးကို တရားစွဲမည်