ရက္ခိုင့်တပ်တော် (AA) ၏ ဖမ်းဆီး ခေါ်ဆောင်ခံရပြီးနောက် ပြန်လည် လွတ်မြောက်လာသည့် ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ယာဉ်မောင်းများအား ဆက်လက် စစ်ဆေးဆဲ ဖြစ်ကြောင်း သတင်းရရှိသည်။
ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန) အထွေထွေ မန်နေဂျာ ဦးမောင်မောင်အောင် က “ဌာနဆိုင်ရာ လုပ်ငန်းတွေ အပြင်ကို ပြောခွင့်မရှိဘူး။ ဒီမှာ ကျနော်တို့က စစ်နေတုန်း။ ပြီးလည်းမပြီးသေးဘူး စစ်လည်း စစ်နေတုန်း။ အဲဒီလို ပြောခွင့်မရှိဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလက ရခိုင်ပြည်နယ် စစ်တွေမြို့မှ ဘူးသီးတောင်မြို့သို့ သွားရောက်သည့် အောင်တံခွန် ၇ ရေယာဉ် ပေါ်တွင် လိုက်ပါလာသည့် ယာဉ်မောင်း ၁၈ ဦး အနက် ၁၆ ဦးကို AA က ဖမ်းဆီး ခေါ်ဆောင်သွားပြီး ၂ ဦးမှာ ရေ ယာဉ်အတွင်း ပုန်းအောင်းနေရာမှ လွတ်မြောက်ခဲ့သည်။
ထိုယာဉ်မောင်းများကို ပြီးခဲ့သည့် ဇန်နဝါရီ ၁၃ ရက်နေ့မှ စတင်ကာ အဖွဲ့များ ခွဲကာ စစ်ဆေးမှုများ ပြုလုပ်နေပြီး ယခုဆိုလျှင် ၇ ရက်ခန့် ရှိပြီဖြစ်သည်။
AA အဖွဲ့က ဖမ်းဆီးခဲ့သည့် ကုန်းလမ်းပို့ဆောင်ရေး ဌာနမှ ဝန်ထမ်း ၁၆ ဦးမှာ ကားဒရိုင်ဘာများ ဖြစ်ပြီး မောင်တောဒေသ ပြန်လည် ထူထောင်းရေး လုပ်ငန်းတွင် လုပ်ကိုင်နေသူ များဖြစ်ကြောင်းလည်း တပ်မတော် သတင်းပြန်ကြားရေး အဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ဧရာဝတီသို့ ပြောဆိုထားသည်။
သက်ဆိုင်ရာ တာဝန်ရှိသူများကမူ ယင်းဝန်ထမ်းများ နေပြည်တော် ရောက်ချိန်တွင် အခြေအနေ အသေးစိတ်ကို စုံစမ်း မေးမြန်းရခြင်း ဖြစ်ပြီး ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် အခြေအနေများကို ဝန်ကြီးဌာန အနေဖြင့် တာဝန်ရှိသည့်အတိုင်း မေးမြန်းရခြင်း ဖြစ်ကြောင်း ပြောကြားထားသည်။
ရခိုင်ပြည်နယ် အတွင်းရှိ ဌာနဆိုင်ရာ ဝန်ထမ်းများ အနေဖြင့် ရခိုင်ပြည်နယ် အတွင်း သော်လည်းကောင်း၊ ရခိုင်ပြည်နယ်မှ အခြား ပြည်နယ်သို့ လည်းကောင်း ကားလမ်း၊ ရေလမ်း ခရီးသွားလာမည် ဆိုပါက ပြည်နယ် အစိုးရ အဖွဲ့ရုံးသို့ တင်ပြကာ ခွင့်ပြုချက်ယူရန်နှင့် ပြည်နယ် အစိုးရရုံး၏ ခွင့်ပြုချက်ရမှသာ သတ်မှတ် အစီအစဉ်အတိုင်း သွားရောက်ရန် ပြီးခဲ့သည့် လပိုင်းက ညွှန်ကြားချက် ထွက်ရှိထားသည်။
ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် AA တို့ တိုက်ပွဲများ၊ စစ်ရေး တင်းမာမှုများ ဆက်လက် ဖြစ်ပွားနေပြီး အစိုးရ ဝန်ထမ်း များ ခရီးသွားလာမှုတွင် AA မှ မကြာခဏ ဆိုသလို ဖမ်းဆီး ခေါ်ဆောင်မှုများ ရှိနေကြောင်း သိရသည်။
အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ကိုယ်စားလှယ် ဦးဝှေ့တင်းသည်လည်း နေပြည်တော်တွင် ကျင်းပမည့် အမျိုးသား လွှတ်တော် အစည်းအဝေးသို့ တက်ရောက်ရန် ခရီးထွက်လာစဉ် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကျောက်တန်းရွာ အနီး၌ ဦးဝှေ့တင်း အပါအဝင် ကုလားတန်မြစ် ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းအတွက် လာရောက်သည့် အိန္ဒိယ နိုင်ငံသား ၄ ဦး၊ စကားပြန်နှင့် စပိဘုတ်မောင်းသူတို့ကို AA က ဖမ်းဆီးခဲ့သေးသည်။
လွန်ခဲ့သည့် ဒီဇင်ဘာလအတွင်းကလည်း ဘူးသီးတောင်မြို့နယ် တောင်ဘဇာစခန်းမှ လဝက လက်ထောက် ညွှန်ကြားရေး မှူး ဦးတင်မျိုးအောင်နှင့် လာကြိုသူ လ.ဝ.က အရာရှိ ၂ ဦးတို့အား AA က ဖမ်းဆီးမှုများလည်း ရှိခဲ့သည်။
၂၀၁၉ ဒီဇင်ဘာလ ၁၁ ရက်ကလည်း NLD ပါတီ ဘူးသီးတောင်မြို့နယ် ဥက္ကဋ္ဌ ဦးရဲသိန်းကို ဖမ်းဆီးထိန်းသိမ်းခဲ့ရာ ဒီဇင်ဘာလ ၂၅ ရက်တွင် တပ်မတော်က ပစ်ခတ်လိုက်သည့် လက်နက်ကြီး ထိမှန်သောကြောင့် ဦးရဲသိန်း သေဆုံး ခဲ့ရကြောင်း AA က ထုတ်ပြန်ခဲ့သည်။
AA သည် ၂၀၂၀ တွင် ပြည်သူ့အာဏာပိုင် အဖွဲ့ကို ဖွဲ့စည်းကာ ရခိုင်ပြည်နယ်အတွင်းက စီးပွားရေး လုပ်ငန်းများအား အခွန် ကောက်ခံမည် ဖြစ်သလို ကုန်းလမ်း၊ ရေလမ်းမှ သွားလာကြသည့် မော်တော်ယာဉ် ၊ စက်လှေများ အနေဖြင့်လည်း သတင်းပို့ပြီးမှ သွားကြရန် ထုတ်ဖော်ပြောကြားထားသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားနေသော တိုက်ပွဲအတွင်း အရပ်သား ထိခိုက်၊ သေဆုံးမှုများနှင့်အတူ ဖမ်းဆီး ခံရမှုများမှာလည်း စာရင်း မပြုစုနိုင်လောက်အောင် များပြားလာနေသလို တဘက်တွင်လည်း အရပ်သားတချို့နှင့် ဌာနဝန်ထမ်း တချို့မှာ မသင်္ကာမှုဖြင့် နှစ်ဘက် တပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်း သတ်ဖြတ်ခြင်းကို ခံနေရသည်။
You may also like these stories:
မြောက်ဦးတွင် တပ်မတော်သား ၁ ဦး ဖမ်းဆီးခံရ
တရုတ်စီမံကိန်းများ အခိုင်အမာ စတင်အကောင်အထည်ဖော်ရန် ရှီကျင့်ဖျင် တောင်းဆို