တရုတ်သမ္မတ ရှီကျင့်ဖျင် ခရီးစဉ်တွင် မြန်မာ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လာမည့် သုံးနှစ်အတွင်း တရုတ်ယွမ် လေး ဘီလီယံ (အမေရိကန် ဒေါ်လာသန်း ၆၀၀ ကျော်) ကူညီသွားမည် ဖြစ်ကြောင်း သိရသည်။
ဇန်နဝါရီလ ၁၈ ရက် (ခရီးစဉ် ဒုတိယနေ့) တွင် မြန်မာ–တရုတ်၂ နိုင်ငံ ဆွေးနွေးပွဲ ကျင်းပစဉ် တရုတ်နိုင်ငံဘက်မှ ယင်း ကိစ္စအတွက် ကတိပြု ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။
ကူညီထောက်ပံ့မည့် ငွေကြေးများကို မည့်သည် ကဏ္ဍများတွင် ပြန်လည် အသုံးချမည်နှင့် မည်သို့ ဦးစားပေးကဏ္ဍများ၌ ငွေကြေးမည်မျှ သုံးမည်ကိုမူ နှစ်နိုင်ငံကြား ထပ်မံ ဆွေးနွေးရန် လိုအပ်နေသေးကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က ဧရာဝတီသို့ ပြောသည်။
၎င်းက “ပညာရေးမှာ သုံးမှာလား၊ အခြေခံ အဆောက်အအုံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးမှာ သုံးမှာလားဆိုတဲ့ အသေးစိတ် အချက်အလက်တွေက ထပ်ပြီး နှစ်နိုင်ငံ ဆွေးနွေး ညှိနှိုင်းရဦးမှာပါ” ဟု ဆိုသည်။
တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏ အခြေခံ အဆောက်အအုံကဏ္ဍ၊ စိုက်ပျိုးရေး ကဏ္ဍ၊ ပညာရေး၊ ကျန်းမာရေး၊ စစ်ဘေး နှင့် သဘောဝ ပတ်ဝန်းကျင်ဘေးများကြောင့် ပျက်စီး ဆုံးရှုံးမှုများ အတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် ငွေကြေးပံ့ပိုးကူညီခြင်းနှင့် နည်းပညာ ထောက်ပံ့ခြင်းများ လုပ်ဆောင်ပေးလျက် ရှိကြောင်း သိရသည်။
အဆိုပါ ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် တရုတ်နိုင်ငံက ၂၀၁၄ ခုနှစ်မှ ၂၀၁၉ အထိ ယွမ် ၄ ဒသမ ၉ ဘီလီယံအထိ ကူညီထောက်ပံ့ပေးလျက်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန၏ စာရင်းများအရ သိရ သည်။
တရုတ် ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ ခရီးစဉ်တွင် နှစ်နိုင်ငံကြား နားလည်မှု စာချွန်လွှာ ၃၃ ခုကို သဘောတူ လက်မှတ် ရေးထိုးခဲ့သည်။
ကျောက်ဖြူ အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း စီမံကိန်း ဆိုင်ရာ သဘောတူ စာချုပ်နှင့် အစုရှယ်ယာများနှင့် သက်ဆိုင် သော သဘောတူစာချုပ် အပါအဝင် မူဆယ်–မန္တလေး ရထားလမ်း ဖြစ်နိုင်ခြေလေ့လာမှု အစီရင်ခံစာ လွှဲပြောင်း ပေးအပ် ခြင်းစာလွှာ၊ ရန်ကုန်မြို့တော် မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း တို့လည်း ပါဝင်ကြောင်း သိရသည်။
ထို့ပြင် ရွှေလီ–မူဆယ် နယ်စပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် မူဘောင် သဘောတူစာချုပ် လုပ်ငန်းစဉ်များ၊ လျင်မြန် တိုးတက်စေရေး နားလည်မှု စာချွန်လွှာ၊ မန္တလေးတိုင်း ဒေသကြီးနှင့် ယူနန်ပြည်နယ်ကြား မြန်မာ့ စီးပွားရေးစင်္ကြန် ပူးတွဲ တည်ထောင်ရေး မူဘောင်အောက်မှ ဒေသန္တရအဆင့် ပူးပေါင်းဆောင်ရွက်မှု နားလည်မှု စာချွန်လွှာတို့လည်း ပါဝင်သည်။
မြန်မာနိုင်ငံမှ ဆန်ကို တရုတ်နိုင်ငံသို့ တင်ပို့ရန် စစ်ဆေးခြင်းနှင့် ပိုးမွှား ကင်းစင်ရေး သဘောတူ စာချုပ်၊ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့မည့် ကျွဲနွားများအတွက် ထိန်းသိမ်း စောင့်ကြည့်ရေးနှင့် ကျန်းမာရေး လိုအပ်ချက်ဆိုင်ရာ သဘော တူစာချုပ်၊ အတိုးမဲ့ ချေးငွေဖြင့် လူစီးရထားတွဲများ ဝယ်ယူရေး သဘောတူစာချုပ်နှင့် မီးလင်းချိုင် သဘာဝ ဓာတ်ငွေ့မှ လျှပ်စစ် ဓာတ်အား ထုတ်မှုဆိုင်ရာ စာလွှာတို့လည်း ပါဝင်သည်။
ဆက်စပ်ဖတ်ရှုရန်
တရုတ် သမ္မတ ခရီးစဉ်တွင် နားလည်မှု စာချွန်လွှာ ၃၃ ချက် လက်မှတ်ရေးထိုး
တရုတ်သမ္မတ နေပြည်တော်ကို လာတဲ့အခါ