မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း၃၀၊ ၆၈ လမ်းနှင့် ၇၀ လမ်းကြား၊ ရုံးပေါင်းစုံဝင်းရှေ့ မြို့လယ်ခေါင်နေရာ တွင် ဇန်နဝါရီ ၁၉ ရက် နံနက် ၁ နာရီအချိန်ခန့်က ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသား ၂ ဦး ကို ရိုက်နှက်ကာ ဆိုင်ကယ် လုယူသွားသူများကို ညတွင်းချင်း ဖမ်းမိခဲ့ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့ထံမှ သိရသည်။
မန္တလေးတိုင်းရဲတပ်ဖွဲ့မှ တာဝန်ကျ ရဲအရာရှိတဦး က “ဖြစ်စဉ်ကို သတင်းရပြီးပြီးချင်း တရားခံတွေကို အမြန်ဆုံး ဖမ်းဆီးနိုင်အောင် လှည့်ကင်း အဖွဲ့တွေနဲ့ ချိတ်ဆက်ပြီးတော့မှ ဆောင်ရွက်ခဲ့တာ။ ကျူးလွန်တဲ့ တရားခံတွေ အားလုံးကို ညတွင်းချင်းပဲ ဖမ်းမိခဲ့ပါတယ်။ သူတို့ကို တရားစွဲတင်နိုင်ဖို့ လုပ်ဆောင်နေပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဖမ်းဆီးရမိခဲ့သူများမှာ အောင်မြေသာစံမြို့နယ်နေ အသက် ၂၃ နှစ်အရွယ် ဝေဖြိုး၊ ချမ်းအေးသာစံမြို့နယ်၊ စိတ္တရမဟီ ရပ်ကွက်နေ အသက် ၂၃ နှစ်အရွယ် ထွန်းထွန်းကျော် (ခ) ထွန်းကျော်၊ ချမ်းမြသာစည်မြို့နယ်၊ မဟာမုနိဘုရားကြီး အရှေ့မုဒ်နေ အသက် ၂၆ နှစ်အရွယ် နေထက်လင်း (ခ) တရုတ်နီနှင့် အသက် ၂၅ နှစ်အရွယ် ကျော်ထက် တို့ဖြစ်ကြပြီး ယခုအခါ ချုပ်ရမန်ယူ၍ စစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၉ ရက်နေ့ နံနက် ၁ နာရီဝန်းကျင်က ချမ်းအေးသာစံမြို့နယ် အတွင်းရှိ ဟိုတယ်တခုမှ မန်နေဂျာ ကိုဇင်ကိုကို နှင့် ဟိုတယ်တွင် လာရောက်တည်းခိုနေသူ ထိုင်းနိုင်ငံသား Mr. WANNACHAI PROMME တို့သည် ကိုဇင်ကို ကို ပိုင်ဆိုင်သည့် ဆိုင်ကယ်ဖြင့် လမ်း ၃၀ အတိုင်း မောင်းနှင်လာစဉ် ၆၈ လမ်းနှင့် လမ်း ၇၀ ကြား ဗဟိုအမျိုးသမီး ဆေးရုံအနီးတွင် လူငယ် ၄ ဦး စီးနင်းလာသော ဆိုင်ကယ် ၁ စီးက နောက်မှ ကပ်လိုက်လာပြီး ကိုဇင်ကိုကိုအား ခါးပတ်ဖြင့် ရိုက်ခဲ့သည်။
ထိုသို့ ခါးပတ်ဖြင့် ရိုက်နှက်ခံရခြင်းကြောင့် ကိုဇင်ကိုကိုသည် မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်လိုက်ရာ လူငယ် ၄ ဦးက ထပ်မံ၍ ဝိုင်းဝန်း ရိုက်နှက်ကြခြင်းကြောင့် ကိုဇင်ကိုကိုနှင့် ထိုင်းနိုင်ငံသားတို့သည် ဆိုင်ကယ်အား ထားရစ်ခဲ့ပြီး ဗဟိုအမျိုးသမီး ဆေးရုံဝန်းအတွင်းသို့ ဝင်ပြေးခဲ့ပြီးနောက် ၎င်းတို့က ဆိုင်ကယ်ကို ယူငင်သွားခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
ခါးပတ်ဖြင့် ရိုက်နှက် လုယက်ခံရခြင်းကြောင့် ကိုဇင်ကိုကို၏ နောက်ကျောတွင် နာကျင်ဒဏ်ရာ၊ ထိုင်းနိုင်ငံသား Mr. WANNACHAI PROMME ၏ နောက်ကျောတွင် နာကျင် ဒဏ်ရာတို့ ရရှိခဲ့ပြီး ၎င်းဖြစ်စဉ်အား အရေးယူပေးရန်အတွက် ချမ်းအေးသာစံမြို့နယ် အမှတ် ၃ နယ်မြေရဲစခန်းသို့ တိုင်ကြားခဲ့ရာ (ပ)၃၆/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄ (လုယက်မှုကျူးလွန်ရာတွင် နာကျင်စေမှု)ဖြင့် အမှုဖွင့်ခဲ့သည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်သူများအား ဖမ်းဆီးနိုင်ရေး လှည့်ကင်းတပ်ဖွဲ့ဝင်များက ပိတ်ဆို့ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ နံနက် ၄ နာရီကျော် အချိန်၌ ၃၂ လမ်းနှင့် ၆၈ လမ်းထောင့်တွင် ဆိုင်ကယ် ၂ စီးနှင့် လူ ၄ ယောက်အား မသင်္ကာ၍ စစ်ဆေးစဉ် မောင်းနှင် ထွက်ပြေးခဲ့ကြသည်။
ထိုသို့ ထွက်ပြေးခဲ့သဖြင့် လိုက်လံဖမ်းဆီးစဉ် ၂၇ လမ်းနှင့် ၆၄ လမ်းထောင့်တွင် ဆိုင်ကယ်ရိုက်လုသူ ၄ ဦးကို လုယူသွားသော ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။
You may also like these stories:
တရားစီရင်ရေးနဲ့ ဥပဒေစိုးမိုးရေးကို ပြည်သူတွေ မယုံကြည်မှာ စိုးတယ်
ဟင်္သာတနှင့် ငပုတောမြို့နယ်တို့တွင် ဖဲကြိုးစိမ်းကမ်ပိန်း၂ ရက် ဆက်တိုက် ပြုလုပ်