သတင်း

ICOE နောက်ဆုံး အစီရင်ခံစာတွင် လူမျိုးတုန်း သတ်ဖြတ်မှု မခိုင်လုံကြောင်း ပါရှိ

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ်အရေး ဆိုင်ရာ မြန်မာအစိုးရက ဖွဲ့စည်းထားသည့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် (ICOE) ၏ နောက်ဆုံး အစီရင်ခံစာတွင် နိုင်ငံတကာက စွပ်စွဲနေသည့် လူမျိုးတုန်း သတ်ဖြတ်မှုများ ရှိသည် ဆိုခြင်းနှင့် ပတ်သက်ပြီး ခိုင်လုံသော အထောက်အထား မတွေ့ရှိရဟု ပါရှိကြောင်း သိရသည်။

ယင်း အစီရင်ခံစာကို နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ ထံသို့ ကော်မရှင်က ယနေ့ ပေးအပ်လိုက်သည်။

အစီရင်ခံစာတွင် ရခိုင်ပြည်နယ် မြောက်ပိုင်း၌ ဆိုးရွားသော လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှုများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက အင်အားအလွန်အကျွံ သုံးစွဲခဲ့သည်ဆိုသော အချက်ကို မငြင်းဆန်သော်လည်း ရခိုင်အရေး တွင် နိုင်ငံတကာက စွပ်စွဲနေသည့် လူမျိုးတုန်း သတ်ဖြတ်မှုများ ရှိသည် ဆိုခြင်းနှင့် ပတ်သက်ပြီး မြေပြင် လေ့လာ တွေ့ရှိချက်များအရ ကောက်ချက်ချနိုင်သည့် အချက်အလက် မတွေ့ရှိခဲ့ရဟု အဆိုပါ ကော်မရှင်၏ သတင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

အစီရင်ခံစာတွင် ရခိုင် မြောက်ပိုင်း၌ ရခိုင်-ရိုဟင်ဂျာ ကယ်တင်ရေးတပ် (ARSA) က စတင် တိုက်ခိုက်သည့် ၂ဝ၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့မှ စက်တင်ဘာ ၅ ရက်နေ့အတွင်း စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပြည်တွင်းဥပဒေ ချိုးဖောက်မှုများ ဖြစ်ပွားခဲ့ကြောင်း၊ ထို ကျူးလွန်မှုများတွင် မြန်မာ့လုံခြုံရေး တပ်ဖွဲ့ဝင်များ ပါဝင်ရန် ယုံကြည်လောက်သည့် အကြောင်းများ ရှိကြောင်းလည်း အဆိုပါ ICOE ၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ARSA က ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်တွင် ရခိုင်ပြည်နယ် မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ လုံခြုံရေး ရဲတပ်ဖွဲ့ စခန်းပေါင်း ၃၀ နှင့် တပ်မတော် တပ်ရင်း ဌာနချုပ် တခုတို့ကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ARSA အဖွဲ့၏ ကနဦး တိုက်ခိုက်မှုသည် မြန်မာ့လုံခြုံရေး တပ်ဖွဲ့များ၏ တုံ့ပြန်မှုကို ဖြစ်ပေါ်စေခဲ့ပြီး ရွာသား များအား သတ်ဖြတ်ခြင်း၊ ၎င်းတို့၏ နေအိမ်များအား ဖျက်ဆီးခြင်းတို့ကို လုံခြုံရေး တပ်ဖွဲ့ဝင်တချို့က အင်အား အလွန်အကျွံ အသုံးပြု လုပ်ဆောင်ခဲ့သည် ဆိုသော်လည်း ထိုသတ်ဖြတ်မှုများနှင့် နေရပ် စွန့်ခွာစေသော လုပ်ရပ်များအား မွတ်စလင် အသိုင်းအဝိုင်းနှင့် အခြား လူမှု အသိုင်းအဝိုင်းတို့ကို ရည်ရွယ်ချက်ရှိရှိဖြင့် ကျူးလွန်ကြောင်း ပြသသည့် အထောက် အထား မတွေ့ရဟုလည်း ဆိုသည်။

ထိုကဲ့သို့ ပြုလုပ်ခဲ့သည်ဆိုသော ကောက်ချက်ချနိုင်သည့် အထောက်အထားများနှင့် ပတ်သက်၍ ICOE အဖွဲ့၏ မြေပြင် အချက်အလက် အထောက်အထားများ ရှာဖွေ အတည်ပြုရေး အဖွဲ့ (ECVT) က ပေးပို့ သည့် အချက် အလက် များတွင်လည်း ဖော်ပြမှုများ မရှိခဲ့ဟု သတင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယနေ့ ပေးအပ်လိုက်သည့် ICOE အဖွဲ့၏ အစီရင်ခံစာ ပြုစုရေးနှင့် ပတ်သက်ပြီး အဖွဲ့ ဖွဲ့စည်းစဉ်က ဥက္ကဋ္ဌ အဖြစ် ဖိလစ်ပိုင်နိုင်ငံ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးဟောင်းနှင့် ကုလသမဂ္ဂ အမျိုးသမီးများနှင့် ကလေးသူငယ်၊ မိန်းကလေး ငယ်များ အရေးကို အဓိက ဦးတည်ဆောင်ရွက် ပေးသည့် CEDAW ကော်မတီ၏ ဥက္ကဋ္ဌဟောင်းဖြစ်သူ သံအမတ် ရိုဆာရီယို မယ်နာလို၊ လူသားချင်း စာနာထောက်ထားမှုကိစ္စရပ်များ ဆိုင်ရာ ကုလသမဂ္ဂ ဒုတိယ အတွင်းရေးမှူးချုပ် နှင့် အရေးပေါ် ကယ်ဆယ်ရေး ညှိနှိုင်းရေးမှူးဟောင်းဖြစ်သူ ဂျပန်နိုင်ငံဆိုင်ရာ သံအမတ်ကြီးဟောင်း ကင်ဇိုအိုရှီးမား တို့ လည်း အဖွဲ့ဝင်အဖြစ် ပါဝင်သည်။

ထို့ပြင် မြန်မာနိုင်ငံဘက်က နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌဟောင်း ဦးမြသိန်းနှင့် ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက် တို့လည်း ပါဝင်သည်။

အစီရင်ခံစာနှင့် ပတ်သက်ပြီး မေးမြန်းရန် အဆိုပါ ကော်မရှင်တွင် ပါဝင်သည့် ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက် ဆီသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်ရာ ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

ကော်မရှင်၏ အစီရင်ခံစာအရ အရှိတရားကို ချပြခဲ့ခြင်း ဖြစ်ကြောင်း၊ မှန်ကန်သော လမ်းကြောင်းဖြစ်သည့် ပြစ်မှု ကျူးလွန်ခဲ့သည်ကို ဝန်ခံခဲ့ခြင်းဖြစ်သည်ဟု သုံးသပ်ကြောင်း ၂ဝ၁၇ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် ကုလသမဂ္ဂ အတွင်းရေး မှူး ချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးအဖွဲ့တွင် အဖွဲ့ဝင် တဦးဖြစ်ခဲ့သော မွတ်စလင် တဦးဖြစ်သူ ဟာဂျီ ဦးအေးလွင်က ပြောသည်။

ICOE အစီရင်ခံစာကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ ပေးအပ်နေစဉ် (ဓာတ်ပုံ – ဧရာဝတီ)

ဦးအေးလွင်က “ပြစ်မှုဖြစ်ခဲ့တယ်ဆိုတာ ဝန်ခံပြီးသွားပြီလေ။ အဲ့ဒီ ပြစ်မှု ကျူးလွန်သူတွေကို အရေးယူရတော့မှာပေါ့။ သူတို့က ရည်ရွယ်ချက်ရှိရှိ၊ မရှိရှိ ဘယ်လိုပြစ်မှုကျူးလွန်ခဲ့ပါစေ၊ ထိုက်သင့်တဲ့ ပြစ်ဒဏ်တွေကိုတော့ လုပ်ရတော့မှာ ပေါ့။ အရင် ကျနော်တို့ အဖွဲ့က အကြံပေးရုံပဲ။ ဒီအဖွဲ့ကတော့ အရင်ကထက်စာရင် သာလာတယ်လို့ ယူဆရမယ်” ဟု ပြောဆိုသည်။

ICOE အနေဖြင့် အစီရင်ခံစာ အချက်အလက်များ ရရှိရေးအတွက် ထိခိုက်ခဲ့သော လူမှုအသိုင်းအဝိုင်း၊ မျက်မြင် သက်သေများ၊ သက်ဆိုင်ရာ အာဏာပိုင်များ၏ ပြောဆိုချက်များကို အလေးထားပြီး မြေပြင် အချက်အလက် အထောက်အထား ရှာဖွေရေး အဖွဲ့ဝင်များကို ရန်ကုန်၊ နေပြည်တော်နှင့် ရခိုင်ပြည်နယ်များသို့ စေလွှတ်၍ ဆောင်ရွက် မှုများ ပြုလုပ်ကြောင်း၊ မွတ်စလင် အသိုင်းအဝိုင်း၊ ရခိုင်၊ မြို၊ ဒိုင်းနက်၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ အပါအဝင် မျက်မြင်သက်သေ ၁၅ဝဝ ခန့်ကို တွေ့ဆုံး မေးမြန်းခဲ့ကြောင်း သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အစီရင်ခံစာနှင့် ပတ်သက်ပြီး မြန်မာ အစိုးရကလည်း အပြည့်အဝ ပူးပေါင်း ဆောင်ရွက်မှု ရှိကြောင်း ဆိုသည်။

သို့ရာတွင် အဆိုပါ စာမျက်နှာ ၄ဝဝ ကျော်ရှိသည့် အစီရင်ခံစာသည် အများပြည်သူများအပြင် နိုင်ငံတကာကပါ စိတ်ဝင်စား နေကြသည့် အစီရင်ခံစာ ဖြစ်သည့်အတွက် နိုင်ငံတော်အနေဖြင့် အများပြည်သူ သိရှိစေရေး အတွက် နည်းလမ်းတမျိုးမျိုးဖြင့် ထုတ်ပြန်ပေးသင့်သည်ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) တွဲဖက် အတွင်းရေးမှူး ဦးဘိုကြည်က ပြောသည်။

ဦးဘိုကြည်က “ဒီ အစီရင်ခံစာက နိုင်ငံတကာ တရားရုံး ICJ မှာ မြန်မာနိုင်ငံကို တရားစွဲထားတဲ့ ကိစ္စအပေါ် အကုန်လုံး သက်ရောက်ချင်မှ သက်ရောက်မယ်။ ဒါပေမယ့် နိုင်ငံတကာ အလယ်မှာ မြန်မာနိုင်ငံ အပေါ် ရခိုင်ပြည်နယ်က ဘင်္ဂါလီ အရေးနဲ့ ပတ်သက်ပြီးတော့ ထင်မြင်ယူဆနေတဲ့ အချက်တွေအပေါ်တော့ သက်ရောက်မယ် ထင်တယ်။ အဲ့ဒါကြောင့် ကျနော်တို့ ပြည်သူတွေရော၊ နိုင်ငံတကာက လူတွေရော သိအောင် အင်္ဂလိပ် ဘာသာနဲ့ရော၊ မြန်မာ ဘာသာနဲ့ရော ထုတ်ပြန်ပေးသင့်တယ်လို့ ယူဆတယ်” ဟု ဆိုသည်။

ထို့ပြင် ၎င်း က “အစိုးရဆီမှာ ရှေ့ဆက်လုပ်ရမယ့် အပိုင်း ရှိချင်ရှိပါလိမ့်မယ်။ ဒါက တပိုင်းပါ။ ဒါပေမယ့် ပြည်သူလူထု အနေနဲ့ ဒီအချက်တွေကို သိသင့်တယ်လို့ ယူဆတယ်။ အခုက ဒီကော်မရှင်က ဘာတွေ တွေ့ရှိခဲ့တယ်၊ ဘယ်လိုလုပ်ခဲ့ တယ် ဆိုတာ အစီရင်ခံစာ အပြည့်အစုံကို ကျနော်တို့ မသိရတော့ ကျနော်တို့မှာ ဘာလဲဆိုတာ ဝေဖန် သုံးသပ်ရ ခက် ပါတယ်” ဟု ဆက်လက် ပြောဆိုသည်။

You may also like these stories:

လူမျိုးသုဉ်းသတ်ဖြတ်မှုကို ပယ်ချရန် ICJ တွင် ဒေါ်အောင်ဆန်းစုကြည် လျှောက်ထား

ဒေါ်အောင်ဆန်းစုကြည်နှင့် သွေးစည်းညီညွတ်ကြောင်း သဟိဂ်သို့ ရပ်နီးရပ်ဝေးမှ လာပြသကြ

Did you find apk for android? You can find new Free Android Games and apps.
Loading