မီးလောင်မှု ဖြစ်ပွားခဲ့သော ရတနာပုံ စူပါစင်တာ ဈေးအဆောက်အအုံ တခုအား ဖြိုချရန် မလိုဘဲ အကြီးစား ပြင်ဆင်မှုသာ ပြုလုပ်မည်ဟု သိရသည်။
မန္တလေးမြို့တော်ဝန် ဒေါက်တာ ရဲလွင်က “အားနည်းသွားတဲ့ နေရာတချို့ကလွဲရင် ကြံ့ခိုင်မှု ကောင်းတဲ့အတွက် အဆောက် အအုံကို ဖြိုချဖို့ မလိုပါဘူး။ အကြီးစား ပြင်ဆင်မှုလောက်နဲ့ ခိုင်ခန့်မှု ပြန်လည် ရရှိမှာပါ” ဟု ၎င်း၏ Facebook စာမျက်နှာမှ တဆင့် ယနေ့ ညနေပိုင်းတွင် သတင်း ထုတ်ပြန်ထားသည်။
မြို့တော်ဝန်၏ သတင်း ထုတ်ပြန်ချက်အရ အဆောက်အအုံအား အကြီးစား ပြင်ဆင်ရန် ၃ လခန့် အချိန်ယူရမည် ဖြစ်ပြီး ရတနာပုံ စူပါစင်တာ မြေညီထပ်ရှိ ရတနာပုံဈေးနှင့် အိုးရှင်းစင်တာ တို့ကို ယခုလ မကုန်မီ ဖွင့်လှစ်နိုင်ရန် ခန့်မှန်းထား သည်ဟု ဆိုသည်။
ထို့အတူ ယနေ့ နံနက်ပိုင်းတွင် အဆောက်အအုံ မြေညီထပ်တွင် ဈေးဆိုင်များ ပြန်လည် ဖွင့်လှစ်နိုင်ရန်အတွက် လျှပ်စစ် ဆိုင်ရာ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် လျှပ်စစ်ဝါယာကြိုးများမှာ ရေစိုနေသဖြင့် ရေခြောက်သည် အထိ အချိန်တခု စောင့်ဆိုင်းရန် လိုအပ်ပြီး ယာယီလျှပ်စစ်ကြိုးများ သွယ်တန်းပြီးပါက ပြန်လည် ဖွင့်လှစ်နိုင်မည်ဟု ထုတ်ပြန် ထားသည်။
အဆိုပါ မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှု တန်ဖိုးမှာ ကျပ်သိန်းပေါင်း ၁ သောင်းကျော် ရှိပြီး မီးလောင်မှု စတင်ဖြစ်ပွားစေ ခဲ့သော နာမည်ကြီး ဖိနပ်ဆိုင်၏ မန်နေဂျာအား လက်ရှိတွင် ရဲတပ်ဖွဲ့က အမှုဖွင့်ထားကြောင်း မန္တလေးတိုင်း မီးသတ် ဦးစီး ဌာနက သိရသည်။
တိုင်းမီးသတ် ဦးစီးမှူး ဦးသန်းဇော်ဦးက “ရဲတပ်ဖွဲ့ကတော့ Timberland ဖိနပ်ဆိုင်က တာဝန်ရှိသူကို အမှုဖွင့်ထားပေမယ့် Giordano အထည်ဆိုင်ကလား၊ အဲဒီဖိနပ်ဆိုင်က စလောင်တာလားဆိုတာ စစ်နေတုန်းပဲ။ အဲဒီနှစ်ဆိုင်က ဆိုင်ချင်းကပ် ရပ်ဆိုတော့ ဘယ်က ဘယ်လို စဖြစ်တယ်ဆိုတာ စစ်နေတုန်းပါပဲ” ဟု ဧရာဝတီကို ပြောသည်။
ဇန်နဝါရီ ၁၇ ရက် ညနေပိုင်းက မန္တလေးမြို့လယ်ရှိ ရတနာပုံ စူပါစင်တာ ပထမထပ်ရှိ Skywalk ဈေးဝယ်စင်တာမှ မီး လောင်မှု ဖြစ်ပွားခဲ့ရာ Level 5 အဆင့် သတ်မှတ်ကာ ၁၁ နာရီကျော်ကြာ ငြှိမ်းသတ်ခဲ့ရသည်။
အဆိုပါ မီးလောင်မှုကြောင့် အထပ် ၅ ထပ် ရှိသော ရတနာပုံ စူပါစင်တာ၏ ပထမထပ် Skywalk ဈေးဝယ်စင်တာ တခုလုံး မီးလောင်ခဲ့ပြီး ကျန်သည့် အထပ်များတွင်လည်း မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှု အချို့ရှိခဲ့သည်ဟု တိုင်းမီးသတ်ဦးစီးမှူး ဦးသန်းဇော်ဦး က ဧရာဝတီကို ပြောသည်။
မီးသင့်ခံရသော အဆောက်အအုံ၌ ဈေးဆိုင်များ ဆက်လက် ဖွင့်ခွင့် ပြုနိုင်/ မပြုနိုင်ကို ဇန်နဝါရီ ၁၈ ရက်မှ စတင်ကာ မီး လောင်ပြင် စီမံခန့်ခွဲရေး အဖွဲ့အဖြစ် မန္တလေးတိုင်း အစိုးရက ဖွဲ့စည်းပေးခဲ့ပြီး လိုအပ်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက် ရှိသည်ဟု ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က ဧရာဝတီကို ပြောထားသည်။
“အဓိက အဆောက်အအုံကြီးမှာ လာမှီခို လုပ်ကိုင်နေတဲ့သူတွေ ဘေးကင်းလုံခြုံဖို့၊ အန္တရာယ် မရှိဖို့ လိုတယ်။ ဒီအပေါ်မှာ မှီခိုနေရတဲ့သူတွေ ရှိတာကို နားလည်ပေမယ့် အရမ်းလောကြီးပြီး ခွင့်ပြုလိုက်လို့ အန္တရာယ်ဖြစ်လာရင် မကောင်းဘူးလေ” ဟု ၎င်းက ဆိုသည်။
ရတနာပုံ စူပါစင်တာသည် အထပ် ၅ ထပ်ရှိသော အဆောက်အအုံ ဖြစ်ပြီး မြေအောက်ထပ်တွင် ကားပါကင်၊ မြေညီထပ် တွင် ရတနာပုံဈေး၊ ပထမထပ် Skywalk ဈေးဝယ် စင်တာ၊ ဒုတိယထပ်တွင် ကျောက်မျက်ရတနာ ရောင်းချသည့် ရတနာ မောလ်၊ တတိယထပ်တွင်သင်တန်းကျောင်း၊ ပုဂ္ဂလိက အသင်းရုံးခန်းများ၊ စတုတ္ထထပ်တွင် မန္တလေးတိုင်း ကုန်သည်များ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းရုံးနှင့် အပေါ်ဆုံးထပ်တွင် Perfect entertainment center ရှိသည်။
You may also like these story:
မန္တလေး Skywalk မီး တိုင်းအစိုးရ စုံစမ်းစစ်ဆေးဆဲ