တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) အကောင်အထည်ဖော်မှု ဆိုင်ရာ မူဘောင် ရေးဆွဲရာတွင် အစိုးရနှင့် အပစ်မရပ်ရသေးသော အဖွဲ့များ၏ သဘောထားများ ထည့်သွင်း ရယူရန် အပစ်ရပ် ၁၀ ဖွဲ့က ဆောင်ရွက်နေသည်ဟု ပြောဆိုသည်။
ထိုမူဘောင်တွင် အပစ်မရပ်ရသေးသည့် အဖွဲ့များ၏ သဘောထားများကို ထည့်သွင်းရန် စီစဉ်နေသည်ကိုလည်းအပစ်ရပ် ၁၀ ဖွဲ့၏ ဇန်နဝါရီလအတွင်း ကျင်းပသည့် အစည်းအဝေးများအပြီးတွင် ပြောဆိုခြင်း ဖြစ်သည်။
ဇန်နဝါရီ ၁၃ ရက်နှင့် ၁၄ ရက်တွင် စတုတ္ထအကြိမ် ကျင်းပခဲ့သည့် NCA အကောင်အထည်ဖော်မှု ဆိုင်ရာ မူဘောင် ညှိနှိုင်းရေး အဖွဲ့ အစည်းအဝေးတွင် အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်းက နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင် ပြင်ဆင်ရေးတွင် NCA မထိုးထားသည့် ညီနောင်အဖွဲ့များ ပါဝင်ရေးအတွက် ဆွေးနွေးမည်ဟု ပြောဆိုခဲ့သည်။
ဇန်နဝါရီ ၁၇ ရက်မှ ၁၉ ရက်အထိ ကျင်းပသည့် အပစ်ရပ် ၁၀ ဖွဲ့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးအပြီး သတင်းစာ ရှင်းလင်းပွဲတွင်လည်း မူဘောင်ပြင်ဆင်ရေး ညှိနှိုင်းမှုများတွင် NCA မထိုးထားသည့် အဖွဲ့ များ၏ သဘောထားများ ရယူရန် ဖိတ်ခေါ်သွားမည် ဖြစ်ကြောင်း ထပ်လောင်း ပြောဆိုသွားသည်။
PPST အစည်းအဝေးအပြီး သတင်းစာ ရှင်းလင်းပွဲတွင် ဗိုလ်မှူးကြီး စိုင်းငင်းက “ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က ၁၀ ဖွဲ့ တည်း နဲ့ မလုံလောက်ဘူး။ ဒါ့ကြောင့် မလာနိုင်သေးတဲ့ ကျန်ရှိနေတဲ့ ကျနော်တို့ ညီနောင်တွေ ပါဝင်လာနိုင်ရေး ဘယ်လို အခင်းအကျင်း လုပ်မလဲ။ လက်တွေ့ကျတဲ့ အစီအစဉ်တွေ လုပ်ကြရအောင်ဆိုတာကို ပြီးခဲ့တဲ့ JICM အစည်း အဝေးမှာ ပြောခဲ့ကြတယ်။ ဒီ ၂ ရက်တာ အစည်းအဝေးမှာ ဒီကိစ္စကို အလေးပေးပြီး ဆွေးနွေးပါတယ်။ အသေးစိတ် တော့ ပြောလို့ မရပါဘူး” ဟု ပြောသည်။
NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ကို အစိုးရ၊ တပ်မတော်တို့နှင့် NCA လက်မှတ်ရေးထိုးထားသည့် ကရင် အမျိုးသား အစည်းအရုံး (KNU) ၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)၊ ဒီမိုကရေစီ အကျိုးုပြု ကရင် တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC)၊ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ (PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF )၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) နှင့် လားဟူ အမျိုးသား ဒီမိုကရက်တစ် အစည်းအရုံး (LDU ) တို့က ရေးဆွဲနေခြင်း ဖြစ်သည်။
NCA မထိုးရသေးသည့် အဖွဲ့များမှာ ကချင် လွတ်လပ်ရေး တပ်မတော် (KIA)၊ ကရင်နီ အမျိုးသား အမျိုးသား တိုးတက်ရေး ပါတီ (KNPP)၊ ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ၊ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) နှင့် ရက္ခိုင်စစ်တပ် (AA) တို့ ဖြစ်သည်။
အပစ်မရပ်ရသေးသည့် အဖွဲ့များအနက် KNPP က NCA ရေးထိုးရန် အစိုးရနှင့် ညှိနှိုင်းနေဆဲဖြစ်သည်။
KIA ၊ TNLA ၊ MNDAA နှင့် AA တို့က ပဏာမ အပစ်ရပ်စာချုပ် (Bilateral) တစောင်ထိုးပြီးမှ တဆင့်တက်ပြီး NCA ထိုးရေး၊ မထိုးရေး ညှိနှိုင်းရန် ဆောင်ရွက်လျက် ရှိသည်။
ဇန်နဝါရီ ၁၃ ရက်နှင့် ၁၄ ရက်တွင် စတုတ္ထအကြိမ် ကျင်းပခဲ့သည့် NCA အကောင်အထည်ဖော်မှု ဆိုင်ရာ မူဘောင် ညှိနှိုင်းရေး အဖွဲ့ အစည်းအဝေးတွင် KIA နှင့် KNPP မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်ဟု သိရသည်။
ဧရာဝတီက KIA ထိပ်သီးခေါင်းဆောင် တဦးဖြစ်သည့် ဗိုလ်ချုပ် ဂွန်မော် က “မူဘောင် ပြင်ဆင်ရေး အစည်းအဝေးမှာ တက်ရောက်တာ မဟုတ်ပါဘူး” ဟု ငြင်းဆိုသည်။
သို့သော် အပစ်ရပ်အဖွဲ့များနှင့် ပြုလုပ်သည့် ဖက်ဒရယ် အခြေခံမူများဆိုင်ရာ ဆွေးနွေးပွဲများတွင် KIA မှ ကိုယ်စားလှယ် တချို့ တက်ရောက်ပါသည်ဟု ဗိုလ်ချုပ် ဂွန်မော်က ပြောသည်။
TNLA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်ကလည်း “ကျနော်တို့ကို ဖိတ်ကြားတာ မရှိသေး ဘူး။ ကျနော်တို့ လူကြီးတွေဆီက အကြောင်းတစုံတရာ မသိရသေးလို့ မူဘောင်ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ဘာမှ မှတ်ချက် မပေးချင်ပါဘူး” ဟု ပြောဆိုသည်။
KIA၊ MNDAA၊ TNLA၊ AA နှင့် အစိုးရ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များ အပစ်ရပ်စာချုပ်အတွက် ဆွေးနွေးရာတွင် ကြားဝင် ညှိနှိုင်းပေးေ နသည့် ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့မှ ဦးဆန်းအောင် က “မူဘောင်နဲ့ ပတ်သက် တာတော့ ကျနော်မပါဝင်လို့ မသိဘူး။ ဒါပေမယ့် လက်မှတ်ထိုးသည်ဖြစ်စေ မထိုးသည်ဖြစ်စေ ညှိနှိုင်းရမယ့် ကဏ္ဍက ရှိမှာပါ။ ကြိုတင်ပါဝင်တယ်ဆိုလည် အားလုံးသဘောကျတဲ့ မူဘောင်ဆိုရင် လက်မှတ်မထိုးရသေးသူတွေက ထိုးပြီးတဲ့ အခါ ပါဝင်လာတဲ့အခါ ပြန်ပြင်စရာမလိုတော့ဘူးပေါ့”ဟု ပြောသည်။
အပစ်ရပ် ၁၀ ဖွဲ့က NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေးကို ၂၀၁၉ ခုနှစ်တွင် စတင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ယခုအခါ စတုတ္ထအကြိမ် ဆွေးနွေးပြီး ဖြစ်သည်။
အဆိုပါ မူဘောင်ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေးတွင် အပစ်ရပ်အဖွဲ့များနှင့် အစိုးရ၊ တပ်မတော်တို့ကြား ပိတ်ဆို့ နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ပြေလည်ရေး၊ ဖယ်ဒရယ်အခြေခံမူများနှင့် ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အချိန်ဇယား တို့ ကိုလည်း ဆွေးနွေးကြကြောင်း သိရသည်။
အပစ်ရပ် ၁၀ ဖွဲ့ဆွေးနွေးနေသည့် NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်မှာ ပိတ်ဆို့နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ပြေပြေလည်လည် ရှေ့ဆက်နိုင်ရေးအပါအဝင် ၂၀၂၀ ပြည့်နှစ်အလွန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အတွက် ရေးဆွဲနေခြင်း ဖြစ်သည်ဟု သိရသည်။
You may also like these stories:
ငြိမ်းချမ်းရေးအထောက်အကူပြုရုံးအဖွဲ့ကို တိုးချဲ့ဖွဲ့စည်းမည်ဟု အစိုးရပြော
လာမည့်လ တရားဝင်ဆွေးနွေးပွဲများ ပြန်စရန် အစိုးရနှင့် အပစ်ရပ်အဖွဲ့များ မျှော်မှန်း