ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် (Independent Commission of Enquiry-ICOE) ၏ အပြီးသတ် အစီရင်ခံစာ၌ တပ်မတော်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဖော်ပြထားရာ ယင်း ကိစ္စများကို စစ်ဘက်ဆိုင်ရာ ဥပဒေနှင့်အညီ စစ်တရားရုံးများဖြင့် ဆက်လက် စုံစမ်း ဖော်ထုတ်မည် ဖြစ်ကြောင်း သိရ သည်။
ICOE ၏ တွေ့ရှိချက်များတွင် နိုင်ငံတကာက စွပ်စွဲနေသကဲ့သို့ လူမျိုးတုန်း သတ်ဖြတ်မှုမျိုး မကျူးလွန်ခဲ့ဟု ဆိုသော် လည်း တပ်မတော်သည် အရပ်သားများအား သတ်ဖြတ်ခြင်း၊ အင်အား မမျှမတ သုံးစွဲခြင်း၊ လုယက်မှု ကျူးလွန်ခြင်း၊ မြို့နယ် ၃ ခုတွင် နေအိမ်များကို ဖျက်ဆီးခဲ့သည်ဟု ဖော်ပြထားသည်။
တပ်မတော်မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “ကျနော်တို့က စစ်တရားရုံးနဲ့ ကျနော်တို့ရဲ့ စစ်ဘက်ဥပဒေဆိုင်ရာ လုပ်ထုံး လုပ်နည်းတွေ အတိုင်းပဲ စုံစမ်း စစ်ဆေးရေး ခုံရုံးတွေ ဖွဲ့စည်းတာတွေ ဆောင်ရွက်ရမယ်။ သက်သေ အထောက်အ ထားတွေနဲ့ မြေပြင် စစ်ဆေးတာတွေ လုပ်မယ်။ စုံစမ်း စစ်ဆေးရေး ခုံရုံးဆိုတဲ့ အထဲမှာ အဲဒါတွေလည်း အကျူံးဝင် ပါတယ်” ဟု ပြောသည်။
တပ်မတော်က ICOE ၏ အစီရင်ခံစာ ထွက်ပါက ပူးပေါင်း ဆောင်ရွက်မည်ဟု ပြောဆိုထားပြီး ဖြစ်ကြောင်း၊ အစီရင်ခံ စာထဲတွင် ဥပဒေ ချိုးဖောက်မှုများရှိကြောင်း ဖော်ပြလာပါက ဥပဒေအရ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု ထုတ်ပြန် ပြောဆိုပြီး ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “စုံစမ်း စစ်ဆေးမှုတွေ လုပ်ပြီးရင် ဥပဒေအရ အရေးယူဖို့ လိုအပ်တယ် ဆိုတဲ့ဟာတွေ ထင်ရှားလာတယ် ဆိုရင် ဘယ်လိုပဲပြောပြော စစ်တရားရုံး ဖွဲ့စည်းခြင်းတို့၊ စုံစမ်း စစ်ဆေးခြင်းတို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
၂၀၁၆-၂၀၁၇ ခုနှစ်တွင် မြန်မာ့ တပ်မတော်နှင့် ARSA အကြမ်းဖက် အဖွဲ့တို့ကြား ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှု ဖြစ်စဉ် များအတွင်း ရခိုင်ပြည်နယ်၌ လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိကြောင်း စွပ်စွဲချက်များ အပေါ် စုံစမ်း စစ်ဆေးရန် ၂၀၁၈ ခုနှစ် ဇူလိုင်လ ၃၀ ရက်တွင် ICOE ကို ဖွဲ့စည်းပေးခဲ့သည်။
ICOE ကော်မရှင်သည် ယင်းပဋိပက္ခများ ဖြစ်ပွားခဲ့စဉ်က တာဝန် ထမ်းဆောင်ခဲ့ကြသော မြန်မာ့ လုံခြုံရေး တပ်ဖွဲ့ဝင် များနှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ သက်သေများ၏ ထွက်ဆိုချက် စုစုပေါင်း ၁၅၀၀ ခန့်အား စုဆောင်းခဲ့ပြီး အဆိုပါ ထွက်ဆိုချက်များ အပေါ် အခြေခံ၍ အစီရင်ခံစာတခု ထုတ်ပြန်ကာ မနေ့က သမ္မတထံသို့ ပေးအပ်ခဲ့သည်။
သမ္မတရုံးကလည်း ကော်မရှင်၏ အကြံပြုချက် အတိုင်း ရာဇဝတ်မှုဆိုင်ရာ စုံစမ်း စစ်ဆေးမှုများ ဆက်လက်ပြုလုပ် သွားစေရန်နှင့် အထောက်အထားများ ခိုင်လုံပါက တရားစွဲဆိုမှုများ ပြုလုပ်သွားစေရန် သဘောတူပြီး ဆက်လက် ဆောင်ရွက်ရာတွင် စစ်ဥပဒေချုပ်နှင့် လိုအပ်သလို ဆောင်ရွက်ရန် ရှေ့နေချုပ်ရုံးသို့ အကြောင်းကြားလိုက်ပြီ ဖြစ် ကြောင်း ယနေ့ ထုတ်ပြန်ထားသည်။
ICOE ၏ တွေ့ရှိချက်သည် ထူးခြားသော တွေ့ရှိချက်ဖြစ်ပြီး ၂၀၁၇ ခုနှစ် ဖြစ်စဉ်များမတိုင်မီ ကိုဖီအာနန် ကော်မရှင်က ရခိုင်ပြည်နယ်သို့ ကွင်းဆင်း စစ်ဆေးစဉ်ကပင် လူ့အခွင့်အရေး ချိုးဖောက်မှုများကို တွေ့ရှိရသဖြင့် ၎င်းတို့ ကော်မရှင် အစီရင်ခံစာ၌ စုံစမ်းစစ်ဆေးရန် လိုအပ်ကြောင်း အကြံပြုခဲ့သည်ဟု ကိုဖီအာနန် ကော်မရှင်၏ အဖွဲ့ဝင် တဦးဖြစ်ခဲ့သူ ဦးအေးလွင်က ပြောသည်။
ဦးအေးလွင်က “အဲဒီနောက်ပိုင်း တန်ပြန် အော်ပရေးရှင်းတွေ လုပ်တဲ့အခါမှာ ခြေလွန်လက်လွန်တွေ ဖြစ်ကုန်တာပဲ။ အခုသုံးတဲ့ အလွန်အကျွံတို့ အပြင်းအထန်တို့ သုံးတဲ့ ဝိသေသလေးတွေသည် ဒါလေးတွေဟာ ထူးခြားချက်လေးတွေ မြင်ပါတယ်။ အဲဒီတော့ အမှန်တရား ရှာဖွေရေးအတွက်တော့ လမ်းစတခု ပေါ်လာပြီလို့ ပြောချင်တယ်”ဟု ဆိုသည်။
ယခု ဖြစ်စဉ်များ အမှုမှန် ပေါ်ပေါက်ရန်မှာ အရပ်ဘက် တရားရုံးများနှင့် စစ်ဆေးသင့်သော်လည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ တပ်မတော်က တရားစီရင်ရေး အာဏာရှိသဖြင့် စစ်ခုံရုံးများဖြင့်သာ ဆက်လက် စစ်ဆေးလိမ့်မည် ဟု ထင်ကြောင်း ရန်ကုန်မြို့မှ တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်က ပြောသည်။
“အခု အမှုတွေကိုလည်း စစ်ခုံရုံးမှာပဲ စစ်နေတာ ရှိတယ်။ အရပ်ဘက်ကို လွှဲပေးတာ မရှိဘူး။ နောင် ဖြစ်လာမယ်ဆို ရင်တော့ အရပ်ဘက် တရားရုံးကို ပို့ဖို့ဆိုတာ မျှော်လင့်ချက် မရှိသလောက်ပါပဲ။ ဂူတာပြင် ဖြစ်စဉ်ကို စစ်နေသလိုပဲ။ စစ်ခုံရုံးနဲ့ စစ်မယ်။ ဝင်နားထောင်လို့ ရတယ်။ အခုလည်း အဲဒီအဆင့်နဲ့ဲပဲ ပြီးသွားမှာပေါ့” ဟု ဦးကြီးမြင့်က ပြောသည်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ် အင်းဒင်ကျေးရွာတွင် မွတ်စလင် ၁၀ ဦး သတ်ဖြတ်ခံမှု အတွက် တာဝန်ရှိသူ တပ် မတော် အရာရှိ ၄ ဦး၊ စစ်သည် ၃ ဦးကို အပြစ်ရှိကြောင်း ဆုံးဖြတ်၍ ထောင်ဒဏ် ၁၀ နှစ် အထိ စစ်တရားရုံးက ၂၀၁၈ ခုနှစ်တွင် အပြစ်ပေးခဲ့သော်လည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမိန့်ဖြင့် ပြန် လွှတ်ပေးခဲ့သည်။
ထို့ပြင် ပြန်လွှတ်ပေးသည့် ကိစ္စရပ်ကို အစိုးရဘက်သို့လည်း အကြောင်းကြားခဲ့ခြင်း မရှိသလို ယင်းဖြစ်ရပ်ကို နိုင်ငံတ ကာ အသိုင်းအဝိုင်း ကလည်း ဝေဖန်ခဲ့ကြသည်။
နိုင်ငံတကာက စွပ်စွဲပြောဆိုနေသည့် လူမျိုးတုန်း သတ်ဖြတ်သည့် ကိစ္စရပ်မျိုး မတွေ့ရှိရကြောင်း ICOE ၏ ထုတ်ပြန် ချက်ကိုမူ တပ်မတော်က သဘောတူပြီး လက်တွေ့တွင်လည်း ရခိုင်ပြည်နယ်တွင် လူမျိုးတုန်း သတ်ဖြတ်မှုမျိုး ယခင် ကတည်းက မရှိကြောင်း ဆိုသည်။
တပ်မတော်မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “အရင်ကတည်းက ဖြစ်မှ မဖြစ်ခဲ့တာ။ စစ်မြေပြင်ဆိုတာက အင်မတန် ရှုပ် ထွေးပါတယ်။ ဒီလို ပဋိပက္ခတွေမှာ ပို ရှုပ်ထွေးတယ်။ အရပ်သားနဲ့ သောင်းကျန်းသူကို ခွဲခြားဖို့ ရှုပ်ထွေးတယ်။ ARSA အဖွဲ့တွေကလည်း ရွာသားတွေကို စည်းရုံးထားတာတွေ ရှိတယ်။ စစ်မြေပြင်မှာ လျှပ်တပြက် ဆုံးဖြတ်ရတဲ့အခါ ဆုံး ဖြတ်ချက် အမှားလေးတွေ ရှိနိုင်ပါတယ်” ဟု ပြောသည်။
သို့သော် IEOE က ထုတ်ပြန်သည့် လူသတ်ခြင်း၊ လုယက်ခြင်းနှင့် မီးရှို့သည့် ကိစ္စရပ်များကိုမူ တပ်မတော်က စစ်တ ရားရုံးများဖြင့် ဆုံးဖြတ်မည် ဖြစ်ကြောင်း ပြောသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “အားလုံးတော့ ခြောက်ပစ်ကင်း သဲလဲစင် မဖြစ်နိုင်ဘူး” ဟု ပြောသည်။
သမ္မတရုံး ယနေ့ ထုတ်ပြန်ချက်တွင်မူ တပ်မတော်သားများ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲထားသည့် ရာဇဝတ်မှုများ၊ အထူး သဖြင့် မင်းကြီးနှင့် ချွတ်ပြင် ကျေးရွာများတွင် သတ်ဖြတ်မှုများနှင့် စွန့်ခွာခဲ့သည့် မွတ်စလင် ကျေးရွာများရှိ နေအိမ် မီး လောင်မှုများကို တားဆီးရန် ပျက်ကွက်ခဲ့ခြင်းတို့အပေါ် တပ်မတော် စစ်ဥပဒေချုပ်ရုံး အနေဖြင့် ဆက်လက် ဆောင် ရွက်ရမည်ဟု ဖော်ပြထားသည်။
လက်ရှိ ဆောင်ရွက်ဆဲ ဖြစ်သော စုံစမ်း စစ်ဆေးမှုများနှင့် တရားစွဲမှုများကို တိုးချဲ့ဆောင်ရွက်နိုင်စေရန် အလို့ငှာ သမ္မတက ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်အညီ ကော်မရှင်၏ အစီရင်ခံစာ အပြည့်အစုံနှင့် နောက်ဆက်တွဲများကို တပ် မတော် ကာကွယ်ရေး ဦးစီးချုပ်ထံသို့လည်း ပေးပို့ခဲ့ပြီး ဖြစ်သည်ဟု ဖော်ပြထားသည်။
စုံစမ်း စစ်ဆေးရေး ကော်မရှင် (ICOE)၏ အစီရင်ခံစာတွင် နောက်ဆက်တွဲ ၃၁ ချက် အပါအဝင် စုစုပေါင်း စာမျက်နှာ ၄၅၀ ကျော် ပါရှိသလို ကော်မရှင်၏ အကြံပြုချက်၂၂ ချက် အနက် ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် စစ်ဥပဒေချုပ်ရုံးတို့ အနေဖြင့် လိုအပ်သည့် ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ ဆက်လက် ဆောင်ရွက်သွားရန် အကြံပြုချက် ပါဝင် သည်ဟု သိရသည်။
ဆက်စပ်ဖတ်ရှုရန်
ICOE နောက်ဆုံး အစီရင်ခံစာတွင် လူမျိုးတုန်း သတ်ဖြတ်မှု မခိုင်လုံကြောင်း ပါရှိ
လူမျိုးသုဉ်း သတ်ဖြတ်မှု မမြောက်ကြောင်း ICJ တွင် ဒေါ်အောင်ဆန်းစုကြည် လျှောက်လဲ
လူမျိုးသုဉ်းသတ်ဖြတ်မှုကို ပယ်ချရန် ICJ တွင် ဒေါ်အောင်ဆန်းစုကြည် လျှောက်ထား
ဂမ်ဘီယာရဲ့ စွပ်စွဲချက်ကို ICJ မှာ မြန်မာဘက်က ဘယ်လိုချေပခဲ့သလဲ
ဂူတာပြင် ဖြစ်စဉ် သံသယ ရှိသူများကို စစ်တရားရုံးဖြင့် စတင် စစ်ဆေးတော့မည်