တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်၏ ၂ ရက်တာ မြန်မာနိုင်ငံ ခရီးစဉ် အပြီးတွင် ရက္ခိုင်စစ်တပ် (AA) က ၂ လကျော်ကြာ ဖမ်းဆီး ထိန်းသိမ်းခဲ့သည့် ချင်းပြည်နယ် ပလက်ဝ မဲဆန္ဒနယ်မှ အမျိုးသား လွှတ် တော် ကိုယ်စားလှယ် ဦးဝှေ့တင်းကို ပြန်လွှတ်ပေးခဲ့သည်။
ဦးဝှေ့တင်းကို မလွဲမရှောင်သာ အခြေအနေ တခုအောက်တွင် ယာယီထိန်းသိမ်းထားခဲ့ရခြင်း ဖြစ်ကာ ဇန်နဝါရီလ၂၁ ရက်တွင် ချင်းပြည်နယ် ပလက်ဝ မြို့နယ်ထဲမှ လုံခြုံပြီး အန္တရာယ်ကင်းသော နေရာတခု၌ ကောင်းမွန်စွာ ပြန်လွှတ်ပေး လိုက်ပြီ ဖြစ်ကြောင်း AA ၏ ယနေ့ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
AA ထုတ်ပြန်ချက်တွင် “ယခုအချိန်တွင် ရခိုင်နှင့် ခူမီး အမျိုးသားများကြားတွင် အပြန်အလှန် နားလည်မှုများ၊ ယုံကြည်မှုများ အပြင် အတူယှဉ်တွဲ နေထိုင်ခဲ့ကြသူများ ဖြစ်သည့် အလျောက် ညီရင်း အကို ဆက်ဆံရေးကို ပြန်လည်တည်ဆောက်လိုပြီး မိမိတို့ အချင်းချင်းကြားတွင် ဖြတ်သန်းရမည့် ရေရှည်ခရီးကို ထောက်ရှူ၍ ပြန်လည် သင့်မြတ်လိုသော သဘောထား ဆန္ဒရှိသောကြောင့်” လွှတ်ပေးခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ချင်းပြည်နယ် စည်ပင် သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက် က ဦးဝှေ့တင်းအား ပလက်ဝမြို့နယ်နှင့် ကျောက်တော်မြို့နယ် အစပ် ပွီးဝူးကျေးရွာ၌ AA အဖွဲ့က လာရောက် ပို့ဆောင် လွှတ်ပေးခဲ့သည့် အတွက် လက်ရှိအချိန် တွင် ဆွေမျိုးသားချင်းများနှင့်အတူ ပလက်ဝမြို့သို့ ပြန်လာနေပြီ ဖြစ်ကြောင်း ပြောသည်။

ဝန်ကြီး ဦးစိုးထက် က “မနေ့ကတည်းက ဦးဝှေ့တင်းရဲ့ဆွေမျိုးသားချင်း ၅ ယောက်ကနေ ပွီးဝူးရွာကို သွားရောက်ပြီးတော့ သူ(ဦးဝှေ့တင်း) နဲ့ တွေ့ဆုံပြီးပြီ။ ဒီနေ့ နေ့လယ် ၃ နာရီလောက်မှာ ဦးဝှေ့တင်းနဲ့အတူ ဆွေမျိုးသားချင်းတွေ အဲဒီရွာကနေ ထွက်ခွာပြီးတော့ ကုလားတန် မြစ်ကြောင်းအတိုင်း စက်လှေနဲ့ ပလက်ဝကို သွားနေကြပြီ” ဟု ဧရာဝတီသို့ ပြောသည်။
ဦးဝှေ့တင်းလွှတ်မြောက်ရေး အတွက် တရားဝင် နိုင်ငံရေးပါတီများ အရပ်ဘက် ပြည်သူများက AA ထံ တောင်းဆိုမှုများ ပြုလုပ်ခဲ့သော်လည်း လိုအပ်၍ ထိန်းသိမ်းထားခြင်းဖြစ်ပြီး လွှတ်မပေးသေးကြောင်းသာ တုန့်ပြန်ခဲ့ပြီး သမ္မတ ရှီကျင့်ဖျင်၏ ခရီးစဉ် အပြီးမှသာ လွှတ်ပေးခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သော နိုဝင်ဘာလ ၃ ရက်က အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်း အပါအဝင် အိန္ဒိယနိုင်ငံ ၅ ဦးနှင့် စကားပြန်၂ ဦး၊ စပိဘုတ်မောင်းသမား၂ ဦး စုစုပေါင်း ၁၀ ဦးသည် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ကနေ စပိဘုတ်၂ စီး ဖြင့် ကျောက်တော်ဘက်သို့ လာရောက်စဉ် လမ်း၌ AA အဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။
ထိုသို့ AA အဖွဲ့ ဖမ်းဆီးခဲ့စဉ် အိန္ဒိယနိုင်ငံသား ၁ ဦးမှာ နဂိုအခံရောဂါကြောင့် ဖမ်းဆီးခဲ့စဉ်ကာလအတွင်း သေဆုံးခဲ့ပြီး ဦးဝှေ့တင်းမှ အပ ကျန်လူများကို နိုဝင်ဘာလ ၄ ရက် မနက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။
ဆက်စပ်ဖတ်ရှုရန်
AA ဖမ်းဆီးထားသည့် ဦးဝှေ့တင်းကို ပြန်လွှတ်ပေးရန် ချင်းအဖွဲ့အစည်း ၄၃ ဖွဲ့ တောင်းဆို
ရွှေနဒီ အမြန်ရေယာဉ်မှ ဖမ်းဆီးခံ အရပ်သား၂၅ ဦး AA ပြန်လွှတ်ပေး