တစ်ရှူးငှက်ပျောကို တရုတ်နိုင်ငံသို့ လွတ်လပ်စွာ တရားဝင် တင်ပို့ရောင်းချသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူး ဒေါက်တာ သက်လွင်ဦးက ဧရာဝတီ သို့ ပြော သည်။
၎င်းက “အခု တရုတ်သမ္မတ လာတုန်းက ရေးထိုးသွားပြီး။ သီးနှံလို့ပဲ ဖော်ပြထားတာ MOU ရေးထိုးတဲ့ ၃၃ ချက်ထဲမှာ ငှက်ပျောလို့ မပါဘူး။ ကိုယ်တာ သတ်မှတ်ချက် မရှိဘူး။ အရင်က တရုတ်ကိုသွားတာက ကျနော်တို့ဘက်က တရားဝင် သူတို့ဘက် ကတော့ တရား မဝင်ဘူး။ အခုဆိုရင် ပင်လယ်ရေကြောင်းကရော သွားလို့ရပြီ။ နယ်တခုထဲ မဟုတ်ဘူး” ဟု ရှင်းပြ သည်။
ဆက်လက်၍ ၎င်းက “အရင်ကတော့ တရုတ်ကတော့ နယ်စပ်မှာ ခိုးဝင်ပြီး လာစိုက်တယ်။ ပြန်ထွက်သွားတယ်။ ကျနော်တို့ ဘက်ကတော့ ပို့ကုန်စာရင်းထဲ ဝင်တယ်။ သူတို့ဘက်ကျ မရှိဘူးပေါ့။ ကြံလိုပေါ့။ ငှက်ပျောသီးက စိုက်နိုင်တဲ့ နေရာတွေ အများကြီးပဲ ဆိုတော့ ရေလမ်းကြောင်းပါ ရှိလာတော့ ဈေးကွက် ပိုပြီး ကောင်းလာမှာ ဖြစ်တယ်” ဟု သုံးသပ်သည်။
ယခင်က တစ်ရှူးငှက်ပျောတင်ပို့ခြင်းသည် နယ်စပ်ဒေသ ကုန်သွယ်ရေးစခန်းများမှသာ တင်ပို့ရသောကြောင့် ကုန်သွယ်ရေး ပမာဏကို ခန့်မှန်းရခက်ကြောင်း ယခုနောက်ပိုင်းတွင် တရားဝင် ဖြစ်လာမည် ဖြစ်သောကြောင့် စာရင်းဇယား အချက် အလက် များမှန်ကန် လာမည့်အပြင် ကုန်သွယ်ရေးအတွက်လည်း အထောက်အကူ ဖြစ်လာမည် ဖြစ်ကြောင်း ဒေါက်တာ သက်လွင်ဦးက ဆိုသည်။
ကချင်ပြည်နယ် ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးပေါ်ဦး က “ကျနော်တို့ ဆီမှာ စိုက်ဧက က သိန်းဂဏန်းရှိတယ်။ တရုတ်ပြည်နဲ့ ဆိုရင် ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေး စခန်းနဲ့ ဗန်းမော်- လွယ်ဂျယ် ကုန်သွယ်ရေး စခန်း ၂ ခု ရှိတယ်။ တစ်ရှူး ငှက်ပျောက ကန်ပိုက်တီးက သွားတာများတယ်။ လွယ်ဂျယ်ဘက်က နည်း တယ်”ဟု ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သည့် ၂၀၁၈- ၂၀၁၉ ကုန်သွယ်မှု စုစုပေါင်း ကန်ပိုက်တီး နယ်စပ်ကုန်သွယ်ရေးစခန်းမှ အမေရိကန် ဒေါ်လာ ၂၁၇ ဒသမ ၉၃၆ သန်း ပြုလုပ်နိုင်ငံပြီး ဗန်းမော်-လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေး စခန်းမှ ကုန်သွယ်မှု စုစုပေါင်း ဒေါ်လာ ၁၇၄ ဒသမ ၀၃ သန်း ဆောင်ရွက်နိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စာရင်းများအရ သိရသည်။
ဦးပေါ်ဦး က “ကုန်သွယ်ရေး စခန်းတွေက တစ်ရှူးငှက်ပျောတင်ပို့ တာတွေ များတယ်။ ဒါပေမယ့် သဘောထားကွဲလွဲ တာလေး တွေလည်း ရှိတာပေါ့။ မြေသြဇာတွေ ပျက်စီးတယ် သဘာဝပတ်ဝန်းကျင်တွေ ထိခိုက်တယ်တို့ ဘာတို့ပေါ့။ ဒါကြောင့် ကျနော်တို့ ဒုသမ္မတ ဆွေး နွေးပွဲမှာ ပြောတာ ဒါက ကချင်ပြည်နယ်အတွက် အကျိုးရှိသင့် သလောက်တော့ ရှိတယ်။ တစ်ရှူးငှက်ပျော စိုက်ပျိုး မှုတွေကို ကွင်းဆင်း သုတေသန လုပ်ပြီး နိုင်ငံတော်အတွက် အကျိုးရှိရင် ခွင့်ပြုဖို့ တကယ်လို့ အကျိုးမရှိရင် အချိန်မီ တားဆီးဖို့ တင်ပြထားတယ်”ဟု ပြောသည်။
အဆိုပါ တစ်ရှူးးငှက်ပျောကို ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ် တို့တွင် အများဆုံး စိုက်ပျိုး ကြောင်း ဒေါက်တာ သက်လွင်ဦးက ပြောသည်။
တနိုင်ငံလုံးတွင် ငှက်ပျော စိုက်ဧရိယာ ၂ သိန်း ၆ သောင်းကျော် ဧက စိုက်ပျိုးထားပြီး ကချင်ပြည်နယ်တွင် ဧက ၇ သောင်း ကျော် (၂၉ ရာခိုင်နှုန်း)၊ ဧရာဝတီတိုင်းတွင် ဧက ၆ သောင်းခန့် (၂၃ ရာခိုင်နှုန်း)၊ စစ်ကိုင်းတိုင်းတွင် ဧက ၂ သောင်းကျော် (၉ ရာခိုင်နှုန်း) ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ တနသာင်္ရီတိုင်း၊ မန္တလေးတိုင်း ဒေသကြီးတွင် ဧက ၁ သောင်းကျော် အသီးသီး စိုက်ပျိုး ထားကြောင်း ၂၀၁၈-၁၉ ခုနှစ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန၏ စာရင်းများအရ သိရသည်။
တစ်ရှူးငှက်ပျော စိုက်ပျိုးထုတ်လုပ်တင်ပို့သည့် အေဝမ်း ကုမ္ပဏီပိုင်ရှင် ကိုသားငယ် က “အခုကတော့ တစ်ရှူးငှက်ပျော ဈေးကွက်က မငြိမ်ဘူး။ ကုန်းလမ်းကနေ ပို့ဆောင်ရတဲ့ အပိုင်းမှာတော့ တက်လိုက် ကျလိုက်နဲ့ ဖြစ်တယ်။ ၉ လပိုင်းကနေ စပေါ်တဲ့ ငှက်ပျောသီးဆိုရင် ဈေးက သိပ်မကောင်းဘူး။ အစပိုင်းဆို တရုတ်က ဝယ်လိုအားကျဆင်းတာပေါ့။ တစ်ရှူး ငှက်ပျော တကျင် (1 kg) ကို တရုတ်ငွေ ယွမ် ၂ ကျပ် ခွဲ ရှိတယ်”ဟု ဧရာဝတီသို့ ပြောသည်။
တရုတ်နိုင်ငံသို့ တစ်ရှုးငှက်ပျော တင်ပို့မှု ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် တန်ချိန် ၇ သိန်းကျော် တန်ဖိုး တင်ပို့ထားကြောင်း ဒု ဝန်ကြီးက ဒီဇင်ဘာလ အတွင်းက အမျိုးသား လွှတ်တော်သို့ တင်ပြခဲ့သည်။
၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၄ ရက်က ကျင်းပသည့် အမျိုးသား လွှတ်တော်၌ ကချင်ဒေသတွင် တရုတ် တစ်ရှုးငှက်ပျောများကို စည်းကမ်း တကျ ထိန်းချုပ်နိုင်ရန်၊ ဘေးထွက်ဆိုးကျိုးများကို ကြိုတင်တားမြစ်နိုင်ရန်၊ ရသင့်သည့် အခွန်ဘဏ္ဍာများ ရရှိစေရန် ဌာန ဆိုင်ရာ အားလုံး ဟန်ချက်ညီညီ ပါဝင်ရေး အစိုးရကို တိုက်တွန်းကြောင်း အဆိုတခုကို ကချင်ပြည်နယ် အမျိုးသား လွှတ် တော် ကိုယ်စားလှယ် ဒေါက်တာ ခွန်ဝင်းသောင်း တင်သွင်းခဲ့ရာ ဒီဇင်ဘာလ ၁၆ ရက်တွင် ယင်းအဆိုကို လွှတ်တော်မှ အတည်ပြုခဲ့သည်။
ဒေါက်တာ ခွန်ဝင်းသောင်းက “ဒေသခံတွေအနေနဲ့ ဒါကို အကျိုးခံစားခွင့်ရချင်မှ ရမယ်။ နိုင်ငံတော် အနေနဲ့ တရားဝင်ဖြစ်အောင် လုပ်တာတော့ ဒါက ကောင်းတဲ့ အလားအလာဖြစ်တယ်။ ဒါပေမယ့် ဒေသခံ အကျိုးဆိုတာက နှစ်ပိုင်းရှိတယ်။ ဒါကို မကန့်ကွက်တဲ့ သူတွေ ရှိသလို ကန့်ကွက်တဲ့ သူတွေလည်း ရှိတယ်။ ကန့်ကွက်တာကလည်း တစ်ရှူးငှက်ပျော စိုက်ပျိုးလို့ မဟုတ်ပါဘူး။ မြေပြဿနာတွေကြောင့် ဖြစ်တယ်”ဟု ဧရာဝတီသို့ ပြောသည်။
ဆက်လက်၍ ၎င်းက “ကျနော့်အဆိုက အောင်တော့အောင်တယ်။ လက်တွေ့အကောင်အထည်ဖော်မှုက အားနည်းနေ သေးတယ်။ ဒါကြောင့် မကြာခင်က ကျနော်တို့ ကော်မတီနဲ့ကွင်းဆင်းထားတာ ရှိတယ်။ ဒီတွေ့ရှိချက်နဲ့ လွှတ်တော်က ကြပ်မတ်မယ်ဆိုကောင်းမှာပါ”ဟု ပြောသည်။
လက်ရှိ တစ်ရှူးးငှက်ပျော စိုက်ပျိုး တင်ပို့ရောင်းချခြင်းသည် လုပ်ငန်းရှင်များက ငွေကြေးအရင်းအနှီးနှင့် နာမည်ခံ၍ လုပ်ကိုင် ခြင်း ဖြစ်သောကြောင့် ကုမ္ပဏီ တဦးချင်းအနေနှင့် အကျိုးကျေးဇူးရရှိနိုင်သော်လည်း ဒေသခံများအနေနှင့် လုပ်အားခသာ ရရှိကြောင်း ၎င်းက ရှင်းပြသည်။
ယင်းအပြင် တစ်ရှူးငှက်ပျော စိုက်ပျိုးရာတွင် တရားဝင် မှတ်ပုံတင်ထားသည့် ပိုးသတ်ဆေးနှင့် ဓာတ်မြေ သြဇာမျာကို သုံးစွဲရန်နှင့် ကွင်း ဆင်း ဆောင်ရွက်နေသည့် လုပ်သားများကို ကာကွယ်ရေးဝတ်စုံ ဝတ်ဆင်ရန်နှင့် ပိုးသတ်ဆေး ဖျန်းမည်ဆိုပါက အုပ်ချုပ် ရေးမှူးမှ တဆင့် လူထုထံ ကြိုတင် အသိပေးရမည် ဆိုသည့် ပညာပေး ဆောင်ရွက်ချက်များ လုပ်ဆောင်လျက်ရှိကြောင်း စိုက်ပျို ရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဒုဝန်ကြီး ဦးလှကျော်က အမျိုးသားလွှတ်တော်တွင် ပြောကြားထားသည်။
You may also like these stories:
တရုတ်သမ္မတ၏ မြန်မာပြည် ခရီးစဉ်နှင့် နယ်စပ်ကုန်သွယ်ရေး မျှော်လင့်ချက်
လာအိုနိုင်ငံသို့ မြန်မာ့စိုက်ပျိုးရေးထုတ်ကုန်များ တင်ပို့မှု စတင်
တရုတ်သမ္မတ ခရီးစဉ်အတွင်း ဆန်ကွဲ လွတ်လပ်စွာ တင်ပို့နိုင်ရေး MOU ရေးထိုးမည်