ရန်ကုန်-ကိုကိုးကျွန်း သင်္ဘောခရီးစဉ်ကို တကြောင်းလျှင် ကျပ် သိန်း ၂၀၀ အရှုံးခံ၍ တိုင်းအစိုးရ လမ်းညွှန်မှုဖြင့် ရန်ကုန် တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) မှ ပြေးဆွဲပေးခြင်း ဖြစ်ကြောင်း တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။
ယနေ့ ဇန်နဝါရီ ၂၁ ရက်မှ စတင် ပြေးဆွဲသည့် သင်္ဘောခရီးစဉ်၏ အဓိက ရည်ရွယ်ချက်မှာ ဒေသခံ ပြည်သူများနှင့် ယင်း ဒေသတွင် သွားရောက် အလုပ်လုပ်ကိုင်နေကြသည့် ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများ၏ လူမှုဘဝဖွံ့ဖြိုးရေး အတွက် ဖြစ်ကြောင်း သိရသည်။
တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “လေကြောင်းခရီးက ကုန်ကျစရိတ် အလွန်များပြီး စရိတ်အခက်အခဲရှိတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျနော်တို့ ရေကြောင်းကို စီစဉ်နိုင်ဖို့ ပြင်ဆင်ပါတယ်။ ပြေးဆွဲတဲ့နေရာမှာ ကျနော်တို့က ရှုံးနိုင် ပါတယ်။ အသွား/အပြန်အပါ ၆ ရက် ခရီးစဉ်အတွက် ကျပ်သိန်း ၂၀၀ ကုန်ကျမှာ ဖြစ်တယ်။ ဒါကို YRTA ရဲ့ ရန်ပုံငွေထဲ ကနေ ကျခံ သုံးစွဲမှာ ဖြစ်တယ်” ဟု သဟာပတိ အမည်ရှိ သင်္ဘော စတင် ပြေးဆွဲခြင်း ဖွင့်ပွဲ အခမ်းအနား၌ ပြောကြားသွားသည်။
အဆိုပါ ကိုကိုးကျွန်း မြို့နယ်သည် မြန်မာနိုင်ငံအတွက် အရေးကြီးသည့် လုံခြုံရေး ဧရိယာတခု ဖြစ်သောကြောင့် ယင်း ဒေသသို့ အပျော်ခရီး သွားလာရေးနှင့် နိုင်ငံခြားသား ခရီးသွားများအတွက် လည်ပတ်ရန်ကိုမူ ခွင့်ပြုပေးမည် မဟုတ်သေး ကြောင်း ဝန်ကြီးချုပ်က ဆိုသည်။
ဆက်လက်၍ ဝန်ကြီးချုပ်က “ဘာကြောင့်လဲဆိုတော့ ကျနော်တို့ မြန်မာနိုင်ငံရဲ့ အရေးကြီးတဲ့ ကျွန်းတခု ဖြစ်တဲ့အတွက် ဒီကျွန်းရဲ့ လုံခြုံရေး ကျိုးပေါက်သွားခဲ့ရင် ထိပါးလာနိုင်စရာ ရှိပါတယ်။ ကျနော်တို့ ဒီအခြေအနေကိုလည်း ဖွင့်ပွဲမှာ တိတိ ကျကျ အသိပေး ပြောကြားလိုပါတယ်” ဟု ရှင်းပြသည်။
အဆိုပါ သင်္ဘောပြေးဆွဲသည့် ခရီးစဉ် ၁ ခေါက်လျှင် ယာဉ်ပေါ်ပါ ခရီးသည်များ ထမင်းကျွေးခြင်း အပါအဝင် ကျပ်သိန်း ၂၀၀ ကုန်ကျမည့် စရိတ်ကို YRTA ၏ စီမံခန့်ခွဲမှု ကောက်ခံ ရရှိသော ငွေများထဲမှ အသုံးပြုသွားမည် ဖြစ်ပြီး သင်္ဘောပြေး ဆွဲရန်အတွက် ပြည်တွင်း ပုဂ္ဂလိက ကုမ္ပဏီတခုနှင့် စာချုပ် ချုပ်ဆို၍ ငှားရမ်း ပြေးဆွဲခြင်း ဖြစ်သည်ဟု YRTA ၏ အတွင်း ရေးမှူး ဦးလှအောင်က ပြောသည်။ သို့သော် မည်သည့် ကုမ္ပဏီဖြစ်မည်နှင့် ငှားရမ်းမှု အခြေအနေများကိုမူ ဖြေဆိုခြင်း မရှိ ပေ။
ဦးလှအောင်က “ရေယာဉ်စီးခ အနေနဲ့ ခရီးသည်က ကိုကိုးကျွန်းနေ ပြည်သူဖြစ်တဲ့အတွက် အခုရော၊ နောင်ကိုလည်း မစဉ်းစားထားသေးဘူး။ အပွင့်လင်းဆုံး ပြောရင် ဒီတခေါက် ပြေးဆွဲမှုမှာလည်း ဘာမှ မညိုနှိုင်းနိုင်ပါဘူး။ ကုန် ၁ တန်ကို ကျပ်၂ သောင်း အကြမ်းဖျင်း သတ်မှတ်ထားပေမယ့် နောက်ပိုင်းမှာ ကုန်တွေပေါ်မှာ အစိုးရရဲ့ ဆုံးဖြတ်ချက်ယူပြီး မျှတ တာကို စီမံပါမယ်” ဟု ပြောသည်။
ယနေ့ စတင်ပြေးဆွဲသည့် ရန်ကုန်- ကိုကိုးကျွန်း ခရီးစဉ်တွင် ဒေသခံ ပြည်သူ ၃၈ ဦး၊ လွှတ်တော် ကိုယ်စားလှယ်အဖွဲ့၊ ကျွန်းပြန် (နိုင်ငံရေး အကျဉ်းသားဟောင်း) ၃ ဦး၊ သင်္ဘောကုန်တင်၊ ကုန်ချ လုပ်သားများ၊ သင်္ဘောဝန်ထမ်းများနှင့် ကုန် ပစ္စည်းများပါဝင်ကြောင်း သိရသည်။
ဦးလှအောင်က “ဝန်ကြီးချုပ်ပြောတဲ့ အတိုင်း ဆိုရင် လာမယ့် ပွင့်လင်းရာသီအထိ သင်္ဘော ငှားရမ်းဖို့ စာချုပ်မယ်” ဟု ဆိုသည်။
ယခင်က ရန်ကုန်နှင့် ကိုကိုးကျွန်း ခရီးစဉ်ကို မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းက ပြေးဆွဲခဲ့သော်လည်း နောက်ပိုင်းတွင် တွက်ခြေ မကိုက်၍ ရပ်နားခဲ့ကြောင်း ယခင် ကိုကိုးကျွန်းမှာ နေထိုင်ခဲ့ဖူးသည့် ကုန်သည် ဒေါ်မြင့်မြင့်သန်းက ဧရာဝတီသို့ ပြောသည်။
မြန်မာ့ ကြယ်ငါးပွင့် သင်္ဘော ပြေးဆွဲစဉ်က ကုန်ပစ္စည်း ၁ တင်း အိတ်ဝင် ၁ အိတ်လျှင် ကျပ် ၁၀၀၀ နှင့် လူတဦးလျှင် ကျပ် ၂ သောင်းမှ ကျပ် ၄ သောင်း အထိ ပေးရကြောင်း ၎င်းက ဆိုသည်။
ယခုကဲ့သို့ သင်္ဘော မပြေးဆွဲခင်က တပ်မတော် စစ်သင်္ဘော ရေယာဉ်များက ပြေးဆွဲပေးကြောင်း ကိုကိုးကျွန်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ် မဲဆန္ဒနယ် အမှတ်၂ မှ ဦးအောင်နိုင်က ဧရာဝတီသို့ ပြောသည်။
၎င်းက “ပြီးခဲ့တဲ့ ၂ ရက်လောက်ကပဲ တပ်မတော် သင်္ဘောက ပြေးဆွဲပေးတယ်။ အခုလို့ ပြေးဆွဲလို့ ထူးခြားသွားတာတော့ ဒီလထဲ ၂ ခေါက်ဆိုတော့ အစားအသောက် ကုန်ပစ္စည်း သယ်ယူတာ ပိုကောင်းသွားတာပေါ့။ ကျနော်တို့လည်း အခု သင်္ဘောနဲ့ လိုက်မယ်ဆိုရင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက တာဝန်ယူရတာ။ ဘယ်သင်္ဘောဖြစ်ဖြစ် အကုန် စာရင်း တင်ပေးရတာပဲ” ဟု ဆိုသည်။
ကိုကိုးကျွန်းသည် မြန်မာနိုင်ငံ တောင်ဘက် ဘင်္ဂလား ပင်လယ်အော်နှင့် ကပ္ပလီ ပင်လယ်ကြားတွင် တည်ရှိပြီး ယခင်က ပုဒ်မ ၅ ဖြင့် ဖမ်းဆီးထားသည့် နိုင်ငံရေး အကျဉ်းသားများ(လက်ဝဲသမား) များကို အကျဉ်းစခန်းဖွင့် ပို့ဆောင်ရာနေရာဖြစ် သည်။
နှစ်ပေါင်း ၃၀ ခန့် လုပ်သက်ရှိသော ဆိပ်ကမ်း အင်ဂျင်နီယာဟောင်း၊ သင်္ဘော စစ်ဆေးရေးမှူး ဟောင်းတဦး ဖြစ်သူ ဦးမောင်မောင်အုန်းက “အခု သင်္ဘောက ပြန်ပြင်ထားတာ ဖြစ်တယ်။ ကပ္ပတိန်ဟောင်းတဦး ဦးစီးပြီး လုပ်တဲ့အတွက် အဆင်ပြေတယ်။ ကျနော်ကတော့ အခု အကြံ ၇ ချက် အကြံပေးခဲ့တယ်။ ဆီယိုတာ တွေ့တယ်။ ဒါကိုအဖြေရှာဖို့နဲ့ မော် တော် ဆိုင်ကယ် ၂ စီးပါတဲ့အတွက် ဒါကို ချည်မထားရင် ဓာတ်ဆီ ထွက်န်ိုင်တယ်၊ မီးလောင်နိုင်တယ် စတာတွေ အကြံ ပေးခဲ့တယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဆက်လက်၍ ၎င်းက “ခရီးတိုဖြစ်တဲ့အတွက် ဒီသင်္ဘောက အန္တရာယ်တော့ ကင်းပါတယ်။ ပြဿနာ သိပ်မရှိပါဘူး။ ဒါပေ မယ့် ရာသီဥတုကိုတော့ ဂရုစိုက်ရမယ်။ နောက်တခေါက် ထွက်ရင် အခုထက် အသေးစိတ် လာဆွေးနွေးပါဦးမယ်” ဟု ရှင်းပြသည်။
ယင်း မြို့ နယ်တွင် တပ်မတော်နှင့် ဌာနဆိုင်ရာ ဝန်ထမ်း အများစု နေထိုင်လျက်ရှိကာ လူဦးရေ ၂ ထောင်ကျော် ရှိကြောင်း ပြည်သူ့ အင်အားဦးစီးဌာန စာရင်းများ အရ သိရသည်။
ကိုကိုးကျွန်း ဒေသခံ ဦးလှထွန်းက “ဒီလို ခရီးစဉ်မျိုးက ကျနော်တို့ ကိုကိုးကျွန်းမှာ ရမှ မရတာ၊ အရမ်းဝမ်းသာတယ်။ အရင်က ကြယ်ငါးပွင့်က ဆွဲတယ်။ ဒါပေမယ့် ကမ်းထိုးမဟုတ်တဲ့အတွက် ကုန်တင်၊ ကုန်ချမှာလည်း အခက်အ ခဲက ရှိတယ်။ အခုက ကမ်းထိုးဆိုတော့ ကုန်ချရလည်း လွယ်တယ်။ ခရီးသည်ကျတော့ အာမခံအနေနဲ့ ကုန် ၁ တန်ကို ၂ သောင်းဆိုတော့ တန်ပါတယ်။ လူကတော့ ဘာမှ ဝန်ဆောင်ခ မပေးရဘူး။ နိုင်ငံတော်က ကုန်ဖိုးပဲ ယူမယ့် သဘောပါ။ အခုကတော့ တပြားမှ မပေးရဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ယခု ခရီးစဉ်ကို လိုက်ဖြစ်သည်မှာ ကြေညာထားသည်ကို တွေ့၍ ဆက်သွယ်၍ လိုက်ဖြစ်ခြင်း ဖြစ်ကြောင်း ၎င်းက ဆက် လက်ပြောဆိုသည်။
နောက်လများတွင် ရန်ကုန်-ကိုကိုးကျွန်း ပြေးဆွဲမည့် ခရီးစဉ်များကို YRTA မှ ပြည်သူများ သိရန်ထုတ်ပြန် ကြေညာပေး သွားမည် ဖြစ်ကြောင်း ဦးလှအောင် ပြောသည်။
လက်ရှိ ပြေးဆွဲသည့် သင်္ဘောဝန် တန်ချိန်မှာ တန်ချိန် ၇၀၀ ကျော် ဖြစ်ပြီး မိုးတွင်း ကာလတွင် သင်္ဘော ဝန်တန်ချိန် ၃၅၀၀ ကျော်သည့် သင်္ဘောကြီးများနှင့် ပြေးဆွဲရန် ရှိကြောင်းလည်း သိရသည်။
ဆက်စပ်ဖတ်ရှုရန်
ကိုကိုးကျွန်းသို့ ယခုလ နောက်ဆုံးပတ်မှစ၍ သင်္ဘောဆွဲတော့မည်