လာမည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ အလွန်တွင် ပေါ်ပေါက်လာမည့် အစိုးရအဖွဲ့တွင် ညွန့်ပေါင်းအစိုးရဖွဲ့ နိုင်ရေး မျှော်မှန်းချက်ဖြင့် ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေကြောင်း စည်းလုံး ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ် အဖွဲ့ (UNA) ထံမှ သိရသည်။
UNA သည် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ၊ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) ပါတီ စသော တိုင်းရင်းသား နိုင်ငံရေးပါတီ ၁၂ ခုဖြင့် ဖွဲ့စည်းထားသော မဟာမိတ်အဖွဲ့ ဖြစ်သည်။
လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ အလွန်ကာလတွင် မြန်မာနိုင်ငံ၌ ညွန့်ပေါင်းအစိုးရ ပေါ်ပေါက်လာနိုင်ခြေများ ကြောင်း UNA အတွင်းရေးမှူး အဖွဲ့ဝင် ဦးမျိုးကျော်က ဧရာဝတီသို့ ပြောကြားသည်။
၎င်းက “ရှင်းရှင်းပြောရင်ဗျာ အဲဒီညွန့်ပေါင်း ဆိုတာ ကျနော်တို့တွေက အဲဒီမှာ ပါချင်တယ်ပေါ့ဗျာ။ ပါဖို့ ဖြစ်နိုင်ခြေများတယ် ပေါ့ဗျာ။ ဒါမျိုးတွေက မူအနေနဲ့ ပြတ်ပြတ်သားသား ဆုံးဖြတ်ထားတာ မဟုတ်ပါဘူး။ ဒါပေမယ့် အကုန်လုံးက မျှော်မှန်းထား တာ” ဟု ဆိုသည်။
၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက မဲအပြတ်အသတ် နိုင်ခဲ့ပြီး (Landslide) အစိုးရ ဖွဲ့နိုင်ခဲ့သော်လည်း လာမည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် ၂၀၁၅ နှင့် မတူသည့် နိုင်ငံရေး အခင်းအကျင်း အသစ် ဖြစ်ပေါ်လာနိုင်ကြောင်း ဦးမျိုးကျော်က ပြောကြားသည်။
NLD ပါတီ ဦးဆောင်သည့် အစိုးရ အုပ်ချုပ်မှု ၄ နှစ်ကျော်လာသည့် ကာလအတွင်း တိုင်းရင်းသား နယ်မြေများတွင် လုပ် နည်းလုပ်ဟန် လွဲမှားမှုများ ရှိခဲ့သဖြင့် ယခင်က NLD ကို ထောက်ခံခဲ့သူများသည် ၂၀၂၀ ရွေးကောက်ပွဲတွင် NLD ကို မဲပေးမှု နည်းသွားနိုင်ကြောင်း ၎င်းက သုံးသပ်သည်။
ဦးမျိုးကျော်က “တဖက်မှာလည်း အခုဆိုရင် အားကောင်းမောင်းသန် နေပြီးတော့ ဒီဘက် ပါတီကြီးတွေ ပေါ်လာတာ တွေ့ရ တယ်။ ဒီဟာလည်း အနည်းနဲ့အများ လျော့သွားမယ်ဆိုရင် ကျနော် ထင်တယ်၊ Landslide နိုင်ဖို့တော့ လွယ်တော့မှာ မဟုတ်ဘူး။ အဲဒီဟာတွေကို ကျနော်တို့က သုံးသပ်ပြီးတော့ ကိန်းဂဏန်းတွေ ရှာတွက်ကြည့်ပြီးတော့ ဖြစ်နိုင်ခြေ အဲဒီဘက် ကို သွားလိမ့်မယ်လို့ မှန်းပါတယ်” ဟု ဆိုသည်။
NLD ပါတီပြောရေး ဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်ကမူ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ အလွန်တွင် ညွန့်ပေါင်းအစိုးရ တရပ် ပေါ်ပေါက်လာမည်ဟု ၎င်းအနေနှင့် မယူဆကြောင်း အခိုင်အမာ ပြောဆိုသည်။
“ကျနော်တို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ တပါတီတည်း အစိုးရ ဖွဲ့နိုင်တဲ့ အနေအထားမျိုး မှန်းပါတယ်” ဟု ၎င်း က ဧရာဝတီသို့ ပြောကြားသည်။
မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆက်လက် အကောင်အထည်ဖော်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင် ရေး စသည့် အရေးကြီးသော လုပ်ငန်းစဉ်များ ဆက်လက် ဆောင်ရွက်ရန် လိုအပ်နေဆဲ ဖြစ်ရာ NLD ပါတီအနေနှင့် ၂၀၂၀ အလွန်တွင် ဦးဆောင်ပြီး အစိုးရဖွဲ့နိုင်ရန် လိုအပ်ကြောင်း ဒေါက်တာ မျိုးညွန့်က ဆိုသည်။
၎င်းက ဆက်လက်၍ “ကျနော်တို့ နိုင်ငံမှာ လွှတ်တော်တွင်း အများစု ရဖို့ဆိုရင် ရွေးကောက်ပွဲမှာ ၈၃ ရာခိုင်နှုန်းလောက် နိုင်မှ လွှတ်တော်ထဲမှာ ၅၁ ရာခိုင်နှုန်း အများစုကို ရမှာပါ။ အဲဒီလို ရနိုင်ဖို့ အတွက် လျင်လျင်မြန်မြန် ဆောင်ရွက်နိုင်ဖို့ အရေးမှာ နေရာအများကြီး မှာ အနိုင်ရရှိဖို့ လိုပါတယ်။ ဒါကြောင့် ကျနော်တို့က တစ်ပါတီတည်း အနိုင်ရဖို့ လိုတယ်။ ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ မဖြစ်နိုင်ဘူး လို့ သုံးသပ်ထားပါတယ်” ဟု မှတ်ချက်ပေးသည်။
NLD ပါတီအနေနှင့် လက်ရှိ မြန်မာနိုင်ငံ၏ အခြေအနေအရ ပါတီတခု အင်အားကောင်းကောင်းဖြင့် ရွေးကောက်ပွဲတွင် အနိုင်ရရန် လိုအပ်နေကြောင်း တိုင်းရင်းသားများအား ရှင်းပြသွားမည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လွှတ်တော်ထဲတွင် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းက အလို လျှောက် နေရာရနေမည် ဖြစ်ရာ ဒီမိုကရေစီ အင်အားစုများက ညွန့်ပေါင်းပုံစံ ဖြစ်နေပါက တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းသည် ၎င်းတို့လိုချင်သည့် လမ်းကြောင်းမျိုး ဖော်ဆောင်သွားနိုင်ကြောင်း ဒေါက်တာ မျိုးညွန့်က သတိပေး သည်။
“ဟိုဘက်က ၂၅ ရာခိုင်နှုန်းက သူနဲ့ သဘောထားတူတဲ့ လူတွေကို အလွယ်တကူညှိနှိုင်းပြီးတော့ သူတို့လိုချင်တဲ့ လမ်း ကြောင်းမျိုး လုပ်သွားပါလိမ့်မယ်။ ဒီနေ့အချိန်မှာ ခိုင်မာတဲ့ ဒီမိုကရေစီ အင်အားစုတွေ လိုအပ်တယ်လို့ ပြောချင်ပါတယ်” ဟု ၎င်းက ဆိုသည်။
UNA အတွင်းရေးမှူး အဖွဲ့ဝင် ဦးမျိုးကျော်ကမူ ညွန့်ပေါင်း အစိုးရ ဖွဲ့နိုင်ပါက တိုင်းရင်းသားများအတွက် အခွင့်အလမ်း ပို ကောင်းလာနိုင်သဖြင့် ညွန့်ပေါင်း အစိုးရကို လိုလားရခြင်း ဖြစ်ကြောင်း ပြောကြားသည်။
ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် တိုင်းရင်းသား ဒေသအချို့၌ တိုင်းရင်းသား ပါတီအများစု အနိုင်ရခဲ့သော်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကြောင့် အနိုင်ရ တိုင်းရင်းသား ပါတီများသည် ပြည်နယ်အစိုးရကို ၎င်းတို့ စိတ်ကြိုက်ဖွဲ့စည်း ခွင့် မရခဲ့ကြောင်း ဦးမျိုးကျော်က ဆိုသည်။
သို့သော်လည်း ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် UNA အနေနှင့် တပ်ပေါင်းစု အနေအထားဖြင့် ဝင်ရောက် ယှဉ်ပြိုင် သွားမည် မဟုတ်ဘဲ တပါတီချင်း ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်းနှင့် ရွေးကောက်ပွဲ အနိုင်ရပါက ညွန့်ပေါင်း အစိုးရ ဖွဲ့နိုင်ရေးကို တပါတီချင်း ဆွေးနွေးမည် မဟုတ်ဘဲ UNA အနေဖြင့် ဆွေးနွေးသွားမည် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
ထို့ပြင် ၂၀၂၀ ရွေးကောက်ပွဲအတွင်း တိုင်းရင်းသား ပါတီများ ဝင်ရောက် ယှဉ်ပြိုင်ရာတွင် ပါတီအချင်းချင်း ရွေးကောက်ပွဲ ဝင်သည့် နေရာထပ်နေပါက အချင်းချင်း ညှိနှိုင်းဆောင်ရွက်သွားရန် UNA က စဉ်းစားထားသည်။
“ကျနော်တို့က ကိုယ့်ပြည်နယ်မှာ ကိုယ့်အဖွဲ့ဝင် အချင်းချင်းတွေ ညှိနှိုင်း ဆွေးနွေးပြီးတော့ သွားကြမှာပေါ့။ ကိုယ်ရောက်တဲ့ ကိုယ်ပြိုင်တဲ့ နေရာမှာ နိုင်အောင်ကတော့ ကိုယ့်ပါတီ အသီးသီးက ဒါကတော့ ရုန်းကြရမှာပေါ့” ဟု ဦးမျိုးကျော်က မှတ် ချက်ပေးသည်။
ရွေးကောက်ပွဲပြီးသည့်နောက် လွှတ်တော်တွင် သမ္မတ ရွေးပါက အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်၂ ရပ် ပေါင်း ၏ ထောက်ခံအင်အားသည် အနည်းဆုံး ၅၁ ရာခိုင်နှုန်းရှိမှသာ သမ္မတ ရွေးနိုင်မည် ဖြစ်သည်။
ထိုသို့ သမ္မတရွေးနိုင်ရေး အတွက် ပါတီကြီးတခုတည်းက မဲအနိုင်ရမှု ၅၀ ရာခိုင်နှုန်းမကျော်ဘဲ တိုင်းရင်းသားပါတီ အချို့ က ရာခိုင်နှုန်းအချို့အနိုင်ရပါက အစိုးရဖွဲ့နိုင်ရေး အတွက် အနိုင်ရသည့် အင်အားကြီးပါတီသည် အနိုင်ရသည့် တိုင်းရင်း သား နိုင်ငံရေးပါတီအချို့နှင့် ပူးပေါင်းရန် စဉ်းစားရတော့မည်ဖြစ်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ အချို့က ဆိုသည်။
နိုင်ငံရေး လေ့လာ သုံးသပ်သည့် လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းက “တဖက်ဖက်ကို ပေါင်းလိုက်ရင် ငါးဆယ် ရာခိုင်နှုန်းကျော် နိုင်တယ်။ ပြည်ခိုင်ဖြိုးကလည်း ၅၀ ရာခိုင်နှုန်းမကျော်ဘူး ဆိုပေမယ့် ၂၅ ရာခိုင်နှုန်းကတော့ သေချာ ပေါက် မျှော်မှန်းထားနိုင်တဲ့ အနေအထား ရှိတာကိုး။ သူက ၂၄ ရာခိုင်နှုန်းလောက်ပဲ နိုင်ပြီးတော့ တပ်က ၂၅ ဆိုရင် ၁ ရာခိုင်နှုန်း ကျော်ကျော်လောက်ပဲ လိုတယ်ဆိုတဲ့ဟာမျိုးမှာ သူကလည်း တိုင်းရင်းသား ပါတီတချို့ကို ညှိနှိုင်းတာ လုပ်နိုင် သလို NLD ကလည်း နေရာတချို့လိုတယ်ဆိုရင် ညှိနှိုင်းဖို့ လုပ်ရမှာ” ပြောကြားသည်။
ထိုသို့ ညိနှိုင်းရနိုင်သည့် အခြေအနေကို မူတည်ကာ တိုင်းရင်းသား နိုင်ငံရေး ပါတီများက ညွှွန့်ပေါင်း အစိုးရဖွဲ့နိုင်ရေး မျှော်လင့်နေခြင်း ဖြစ်နိုင်ကြောင်း ၎င်းက မှတ်ချက်ပေးသည်။
“အဲဒီလိုလုပ်တဲ့ အခါကျတော့ သူက ဝန်ကြီးနေရာတွေ ပေးမှာလား။ ဝန်ကြီးနေရာ မဟုတ်ဘဲနဲ့ နိုင်ငံရေး လုပ်ငန်းစဉ်ကို ကတိကဝတ်ပြုမှာလား။ အဲဒီအပေါ်မှာ စဉ်းစားနေကြတာ။ ဒါကို ညွန့်ပေါင်းဖွဲ့တယ် ဆိုပြီး စကားလုံး သုံးတာ” ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံတွင် ၂၀၁၀ ခုနှစ်မှ စတင်ကာ အထွေထွေ ရွေးကောက်ပွဲကို ငါးနှစ် တကြိမ်ကျင်းပခဲ့သည်။ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ အပါအဝင် ဆိုပါက ရွေးကောက်ပွဲနှစ်ကြိမ် ဖြတ်သန်းခဲ့ပြီး ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၉၁ ပါတီဝင်ပြိုင်သည့် အနက် NLD ပါတီသည် ပြည်သူ့ လွှတ်တော်တွင် ၂၅၅နေရာနှင့် အမျိုးသား လွှတ်တော်တွင် ၁၃၅ နေရာအနိုင်ရပြီး စုစုပေါင်း ၃၉၀ နေရာ ဖြင့် အစိုးရဖွဲ့နိုင်ခဲ့ သည်။
အစိုးရ အဖွဲ့နိုင်ရန် လိုအပ်သည့်နေရာ အရေအတွက် ၃၃၃ နေရာထက် ပိုမိုများပြားစွာ NLD က ရရှိခဲ့ခြင်းလည်း ဖြစ် သည်။
တိုင်းရင်းသား ပါတီများကမူ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူ့ လွှတ်တော်၌ ၃၇ နေရာ၊ အမျိုးသား လွှတ် တော်၌ ၁၉ နေရာ၊ တိုင်းနှင့် ပြည်နယ်လွှတ်တော်များတွင် ၇၉ နေရာ အနိုင်ရရှိခဲ့သည်။
You may also like these stories:
UNA ကို ဖျက်ပြီး တိုင်းရင်းသား မဟာမိတ်အဖွဲ့ တခုတည်း ဖြစ်ရေး ပူးပေါင်းရန်မရှိ ဟုဆို
၂၀၂၀ မှာ တိုင်းရင်းသားပါတီများ ညွန့်ပေါင်းအစိုးရ ဖန်တီးနိုင်မလား