ရခိုင်ပြည်နယ်မြောက်ပိုင်းနေ မွတ်ဆလင်များကို လူမျိုးတုံးသတ်ဖြတ်သည်ဟု မြန်မာနိုင်ငံအား ဂမ်ဘီယာနိုင်ငံက စွပ်စွဲပြီး ကြားဖြတ်အစီအမံများ ချမှတ်ပေးရန် လျှောက်ထားမှုကို ကုလသမဂ္ဂ ထိပ်ဆုံးတရားရုံးက နောက်ထပ် အကြမ်းဖက်မှု တားဆီးရေး မြန်မာနိုင်ငံက လုပ်ဆောင်ရမည်ဟု ဆုံးဖြတ်ခဲ့သည်။
“ယခုအမှုကို စီရင်ရန် ရုံးတော်တွင် ပဏာမ စီရင်ခွင့်ရှိသည်ဟု ရုံးတော်က ဆုံးဖြတ်သည်” ဟု နိုင်ငံတကာတရားရုံး ICJ မှ သဘာပတိတရားသူကြီး အဗ္ဗဒယ်ကာဝီ အာမက်ယစွတ် က ယနေ့ ကြာသပတေးနေ့ တွင် ပြောသည်။
ICJ က မြန်မာနိုင်ငံအနေဖြင့် လိုက်နာရမည့် ကြားဖြတ်အစီအမံ ၄ ချက်ကို ယနေ့ ဆုံးဖြတ် ချမှတ်ခဲ့သည်။ ၎င်းတို့မှာ
(၁) လူမျိုးသုဉ်းသတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက် အပိုဒ်(၂)တွင် ဖော်ပြထားသည့် ကျူးလွန်မှုများ (သတ်ဖြတ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ၊ သားသမီးမွေးခြင်းဆိုင်ရာ တားမြစ်ခြင်း) ဖြစ်မလာစေရေး အစီအမံများ ချမှတ်ဆောင်ရွက်သွားရန်
(၂) မြန်မာစစ်တပ် အပါအဝင် ပြည်သူ့စစ်နှင့် တခြားလက်နက်ကိုင်တပ်ဖွဲ့များက ဂျီနိုဆိုက်လုပ်ရပ်မျိုး မလုပ်မိစေရန်၊ သွေးထိုးလှုံ့ဆော်မှုများ မလုပ်မိရန်၊ အလိုတူအလိုပါ မလုပ်မိရန် ထိရောက်သည့် အစီအမံများ ဆောင်ရွက်ရန်
(၃) ဖြစ်ပြီးခဲ့သည့် ကျူးလွန်မှုများမှ ကျန်သည့် သက်သေ အထောက်အထားများကို မဖျက်ဆီးရန်၊ ထိန်းသိမ်းပေးရန်
(၄) မြန်မာ၏ စီမံဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ယနေ့ ဆုံးဖြတ်ချက်ချသည့်နေ့မှ ၄ လအတွင်း အစီရင်ခံစာ တင်ရမည်။ ထို့နောက်ပိုင်းတွင် ၆ လတကြိမ်ဖြင့် အမှုမပြီးမချင်း ပုံမှန်အစီရင်ခံစာ တင်သွားရန်တို့ ဖြစ်သည်။
ယနေ့ ICJ တရားရုံး၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ နိုင်ငံတကာလူ့အခွင့်အရေး ရှေ့နေတဦးဖြစ်သူ ဦးအောင်ထူးက “ဒါ ကောင်းတဲ့လက္ခဏာပါ။ သို့သော်လည်းပဲ မြန်မာနိုင်ငံအစိုးရနဲ့ စစ်တပ်အာဏာပိုင်တွေက ဘယ်လောက်ထိအောင် လိုက်နာနိုင်မလဲ။ ဘယ်လို လိုက်နာမလဲဆိုတာကို စောင့်ကြည့်ရမှာပဲ” ဟု မှတ်ချက်ပြုသည်။
၎င်းက တရားရုံးသည် ဂမ်ဘီယာက တင်သွင်းသည့် အမှုသည် လက်ခံစစ်ဆေးနိုင်သည့်အကြောင်း အထောက်အထား ခိုင်လုံသည်ဟု ဆုံးဖြတ်ခြင်း၊ အမှုကို လက်ခံပြီး ဆက်လက်စစ်ဆေးခြင်းဖြင့် အမှု၏ အရည်အသွေး အကျိုးအကြောင်း အဆိုးအကောင်းကို နောက်ဆုံးတွင် ဆုံဖြတ်ချက်ချနိုင်ခြင်း၊ လက်ရှိရရှိထားသော အချက်အလက်များအရ ယခုအမိန့်ကို မချပေးဘူးဆိုပါက ပြုပြင်ကုစား၍ မရနိုင်လောက်သည့် နစ်နာဆုံးရှုံးမှုများ ဖြစ်သွားနိုင်သည် ဟူသော သုံးသပ်ချက် ၃ ချက်အပေါ် အခြေခံကာ ကြားဖြတ်အစီအမံ ၄ ချက်ကို ချမှတ်လိုက်ခြင်းဖြစ်ကြောင်း ရှင်းပြသည်။
နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက provisional measures (ကြားဖြတ်အစီအမံ) ဆောင်ရွက်ရန် ချမှတ်လိုက်သည် ဆိုလျှင်လည်းပဲ အမှုမတိုင်ခင် လိုလိုမယ်မယ် ဆောင်ရွက်သည့်ကိစ္စဟုသာ နားလည်သဘောပေါက်ပြီး စိတ်ဓာတ်မကျရန် ပြီးခဲ့သည့် ရက်ပိုင်းက မြန်မာ့ရုပ်မြင်သံကြားမှ ထုတ်လွှင့်သွားသော ICJ နှင့် မြန်မာစကားဝိုင်း အစီစဉ်တွင် ပြောဆိုထားသည်။
“provisional measures ချတယ်ဆိုရင်လည်း ကျနော်တို့အနေနဲ့ အဲဒီဥစ္စာကို ဘယ်လိုတုန့်ပြန်ရမလဲ၊ ရှေ့နည်းလမ်းတွေကို ဘယ်လိုသွားမလဲဆိုတဲ့ဟာကို သေသေချာချာ စဉ်းစားပြီး အင်မတန်မှ ကျွမ်းကျင်တဲ့ ဥပဒေပညာ ရှင်တွေနဲ့ တိုင်ပင်ပြီး ရင်ဆိုင်မယ်” ဟု ဦးကျော်တင့်ဆွေက ပြောဆိုခဲ့သည်။
ဆက်လက်၍ ၎င်းက ထိုသို့ ရင်ဆိုင်သည့်အခါ ပြည်သူ၏အင်အား လိုကြောင်း၊ ယခုကိစ္စသည် နိုင်ငံ့အရေး ဖြစ်ရာ နိုင်ငံရှိ ပြည်သူ/သား၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအပါအဝင် တိုင်းရင်းသားများအားလုံး၊ နိုင်ငံရေး ပါတီများပါမကျန် အားလုံးပူးပေါင်းဆောင်ရွက်ရမည်ဟူသော စိတ်ဆန္ဒမျိုးဖြင့် ဆောင်ရွက်ပေးကြရန်လည်း မေတ္တာရပ်ခံခဲ့သည်။
တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကလည်း ICJ မှ မည်သည့် ဆုံးဖြတ်ချက်မျိုး ထွက်လာသည်ဖြစ်စေ နိုင်ငံတော်အစိုးရ၏ ညွှန်ကြားချက်နှင့်အညီ ပူးပေါင်းကာ ဆက်လက်ဆောင်ရွက်သွား မည် ဖြစ်ကြောင်း ယနေ့ နံနက်ပိုင်းက နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများသို့ ပြောဆိုထားသည်။
“အကောင်းဆုံးကို မျှော်လင့်တယ်။ အဆိုးအတွက်လည်း အတူတူ ပူးပေါင်းပြီး စည်းလုံးညီညွတ်မှုနဲ့ ဆောင်ရွက်သွား မယ်ဆိုရင် ကျော်လွှားနိုင်မယ်လို့ ပြောချင်ပါတယ်။ စည်းလုံးညီညွတ်မှုနဲ့ သွားရင် ဘာမှ ရင်မဆိုင်နိုင်စရာ မရှိဘူး” ဟု ၎င်းက ပြောဆိုသည်။
ယနေ့ ICJ တရားရုံးက ချမှတ်လိုက်သည့် စီရင်ချက်သည် နိုင်ငံများအတွက် ထိန်းချုပ်အမိန့်နှင့်တူသည့် ပဏာမ အစီအမံများ ချမှတ်ရန် ဂမ်ဘီယာနိုင်ငံ၏ တောင်းဆိုမှုကိုသာ ကိုင်တွယ်ဖြေရှင်းခြင်းဖြစ်ပြီး ထိုစီရင်ချက်သည် နောက်ဆုံး ဆုံးဖြတ်ချက် ဖြစ်သည်ဟူသော သဘောမဆောင်ဘဲ နောက်ဆုံး ဆုံးဖြတ်ချက်ချရန် နှစ်ပေါင်းများစွာ ကြာနိုင်ကြောင်း သိရသည်။
သဟဂ်တွင် စီရင်ချက်မဖတ်ကြားမီ အချိန်အနည်းငယ်အလိုတွင် Financial Times က မြန်မာအရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဆောင်းပါးတပုဒ်ကို ဖေါ်ပြခဲ့ပြီး ရိုဟင်ဂျာများအပေါ် စစ်ရာဇဝတ်မှုများကျူးလွန်ခဲ့နိုင်ကြောင်း သို့သော် ဒုက္ခသည်များ ၎င်းတို့အပေါ် ချိုးဖောက်မှုများကို ပုံကြီးချဲ့ကြောင်း ရေးသားထားသည်။
“လူ့အခွင့်အရေးအဖွဲ့တွေ မြန်မာနိုင်ငံကို ရှုတ်ချကြတာက လုပ်သင့်လုပ်ထိုက်တဲ့ ရာဇဝတ်ကြောင်း စုံစမ်းစစ်ဆေးတဲ့ လုပ်ငန်းစဉ်မရှိဘဲ သက်သေမပြရသေးတဲ့ ပြောဆိုချက်တွေကို အခြေခံတယ်” ဟုလည်းသူရေးသည်။
ပြည်တွင်းယန္တရားများဖြင့် မြန်မာနိုင်ငံသည် ကျူးလွန်သူများကို အပြစ်ပေးနိုင်ကြောင်းလည်း သူပြောသည်။
You may also like these stories:
အစိုးရ ပေးပို့သည့် ICOE အစီရင်ခံစာ အသေးစိတ် လေ့လာရမည်ဟု တပ်မတော် ပြော
ICOE နောက်ဆုံး အစီရင်ခံစာတွင် လူမျိုးတုန်း သတ်ဖြတ်မှု မခိုင်လုံကြောင်း ပါရှိ
မြန်မာမီဒီယာတွေကို ခြိမ်းခြောက်နေတဲ့ “ရိုဟင်ဂျာ”လော်ဘီများ