သတင်း

ခူမီးချင်းများအား ရခိုင်မျိုးနွယ်စုဝင်အဖြစ် ဖော်ပြနေမှုကို လက်မခံဟု KACC ပြော

Want create site? Find Free WordPress Themes and plugins.

ခူမီးချင်း မျိုးနွယ်စုကို ရခိုင်မျိုးနွယ်စုဝင်အဖြစ် ရေးသားသုံးနှုန်းခြင်းအား လက်မခံကြောင်း ခူမီးချင်း မျိုးနွယ်စုများ ရေးရာ ပေါင်းစပ်ညှိနှိုင်းရေး ကောင်စီ KACC က ဇန်နဝါရီလ ၂၂ ရက်တွင် ကြေညာလိုက်သည်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် အဓိကနေထိုင်ကြသော ခူမီး (ခမီး) ချင်းမျိုးနွယ်စုသည် ဘာသာစကား၊ ရိုးရာ ယဉ်ကျေးမှုနှင့် ဆင်းသက်လာပုံ သမိုင်းကြောင်းအရ ချင်းမျိုးနွယ်စု ၁ ခုသာဖြစ်ပြီး ချင်းမဟုတ်သော အခြား မျိုးနွယ်စုဝင် အဖြစ် ခံယူခဲ့ခြင်း မရှိကြောင်း KACC ၏ ထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိတွင် ခူမီးချင်း မျိုးနွယ်စုဝင်များ နေထိုင်ရာ ပလက်ဝဒေသကို ရခိုင်ပြည်နယ်၏ အစိတ်အပိုင်း ၁ ခု အဖြစ် ပုံဖော်ခြင်း၊ ခူမီးချင်းများကို ရခိုင်မျိုးနွယ်စုဝင်များ အဖြစ် ရေးသား သုံးနှုန်းလာခြင်းများ ရှိနေကြောင်း KACC ထံမှသိရသည်။

KACC ဥက္ကဋ္ဌ ဦးကျော်ငြိမ်း က “အဲဒါက အဲဒီ AA ရခိုင်အဖွဲ့က သုံးနေတာပဲ။ ကျန်တဲ့ တိုင်းရင်းသားတွေက မသုံးပါဘူး။ သူတို့က ရခိုင်မျိုးနွယ်စုထဲမှာ ပါတယ်ဆိုပြီး သုံးနှုန်းထားတော့ နောင်တချိန်မှာ ကျနော်တို့ ပလက်ဝဒေသက ရခိုင်ပြည်နယ်ထဲက ဒေသ ၁ ခုလို့ သူတို့က သုံးနှုန်းသွားမှာလေ။ ရိုးရာဓလေ့ထုံးစံ အရရော ဆင်းသက်လာပုံချင်းရော မတူညီလို့ ကျနော်တို့က အဖြစ်မှန်ကို တင်ပြတာ ပါ” ဟု ဧရာဝတီသို့ ပြောကြားသည်။

ရခိုင်မျိုးနွယ်စုဝင် ခမီနှင့် ခူမီးချင်းများသည် မတူညီကြသော်လည်း ခူမီးချင်းကို ခမီနှင့် အတူတူဟု သဘောထားကာ ရခိုင်မျိုးနွယ်စုဝင် အဖြစ်ဖော်ပြမှုများ ရှိနေကြောင်း၊ ခူမီးချင်းများသည် တိဗက် – မြန်မာ အနွယ်ဝင်များမှ ဆင်းသက် လာသည့် ချင်းမျိုးနွယ်စုများသာ ဖြစ်ပြီး ရခိုင်မျိုးနွယ်စုဝင်များနှင့် မတူဘဲ ရိုးရာ ဓလေ့ထုံးစံများလည်း ကွဲပြားကြောင်း ဦးကျော်ငြိမ်းက ရှင်းပြသည်။

“အခုရခိုင်တွေက သုံးသလို ကျန်တဲ့ တိုင်းရင်းသားတွေလည်း သုံးလာနိုင်တယ်။ ကျန်တဲ့အဖွဲ့ အစည်းတွေကလည်း သုံးလာနိုင်တယ်။ ဒါကြောင့် နောက်နောင်ကို ဒီလိုမသုံးပါနဲ့ဆိုပြီး ဒီလို သဘောထား ထုတ်ပြန်ထားတာပါ” ဟု ၎င်းက ဆိုသည်။

ခူမီးချင်းမျိုးနွယ်များကို ရခိုင်မျိုးနွယ်စုဝင်များအဖြစ် ဆက်လက်သုံးနှုန်းပါက ခူမီးနှင့် ရခိုင်တိုင်းရင်းသားများ အကြား သွေးစည်းညီညွတ်မှု ပျက်ပြားနိုင်ကြောင်းလည်း ဦးကျော်ငြိမ်းက သတိပေးသည်။

ရခိုင်သမိုင်းပညာရှင် ဒေါက်တာ အေးချမ်းကမူ ခူမီးချင်းများ ရခိုင်မျိုးနွယ်စုဝင် ဟုတ်၊ မဟုတ်ကို ရခိုင်နှင့် ခူမီး လူမျိုးများ အငြင်းပွားနေခြင်းသည် တဦးနှင့် တဦး ကြည့်ရှုသုံးသပ်သည့် ရှုထောင့်မတူသောကြောင့် ဖြစ်ကြောင်း ဧရာဝတီသို့ ပြောကြားသည်။

“မနုဿဗေဒ အမြင်အရဆိုရင် ဒီခူမီးအမျိုးတွေက ချင်းအနွယ်ပါပဲ။ သူတို့က တရွာနဲ့ တရွာကလည်း သိပ်ပြီး ဆက်ဆံမှုမရှိ ဒီလိုပဲ Geographically အဆက်အစပ် မရှိဘူးပေါ့။ ဘုံဘာသာစကား ၁ ခု ဆိုတာလည်း မပေါ်ဘူးပေါ့။ အဲဒီလို ဆင်းလာ ပြီးတော့ ဘူးသီးတောင် မောင်တောဘက်မှာ မေယုတောင်ကြော၊ ရခိုင်ရိုးမမှာဆိုရင် အမ်းပေါ့ဗျာ။ နေကြတဲ့ အခါကျတော့ ရခိုင်ဘက်မှာရှိတဲ့ အဲဒီခူမီးတွေက ဟိုးရခိုင်ဘုရင့် နိုင်ငံတော်ခေတ်တုန်းက ရခိုင်ဘုရင်ကို အခွန်ဆက်ရတာပေါ့” ဟု ၎င်းက ဆိုသည်။

ဟိမဝန္တာတောင်တွင် နေထိုင်ကြသည့် နာဂ၊ မီဇို၊ ချင်းလူမျိုးများသည် ဟိမဝန္တာတောင်ဘက်သို့ ဆင်းလာကာ အိန္ဒိယ နိုင်ငံရှိ နာဂလန်းနှင့် မီဇိုရမ်ပြည်နယ်၊ မြန်မာနိုင်ငံရှိ ချင်းတောင်တန်း နှင့် ရခိုင်ရိုးမတကြော၊ မေယုတောင်တန်း များတွင် ပျံ့နှံ့နေထိုင်ခဲ့ကြကြောင်း ဒေါက်တာအေးချမ်းက ပြောကြားသည်။

ခူမီး (ခမီး) လူမျိုးအချို့သည် ရခိုင်ဘုရင် အုပ်ချုပ်သည့် နယ်နိမိတ်တွင် ပါဝင်ခဲ့သဖြင့် ရခိုင်ဘုရင့် အာဏာ သက်ရောက် သည့် မျိုးနွယ်စုများကို ရခိုင်မျိုးနွယ်စုဝင်များအဖြစ် ရခိုင်လူမျိုးများက သတ်မှတ်ကြခြင်း ဖြစ်ကြောင်း ဒေါက်တာ အေးချမ်းက ပြောပြသည်။

၎င်းက “ဒါကတော့ နိုင်ငံရေးအရ သမိုင်းအရ သတ်မှတ်လိုက်တာပေါ့။ ဟိုဟာကတော့ လူမျိုးရေးအရ မနုဿဗေဒ သဘောအရဆိုရင် နာဂ၊ မီဇို၊ ချင်း အဲဒါက အမျိုးတူပါတယ်” ဟု ရှင်းပြသည်။

ပလက်ဝဒေသတွင် နေထိုင်သည့် ခူမီး (ခမီး) လူမျိုးများသည် ၎င်းတို့ကို ရခိုင်မျိုးနွယ်စုဝင်ဟု ပြောဆိုသည်ကို မနှစ်သက် ကြသော်လည်း ရခိုင်ပြည်နယ်တွင် နေထိုင်သည့် ခူမီးလူမျိုးများသည် ၎င်းတို့ကို ရခိုင်မျိုးနွယ်စုဝင်ဟု သတ်မှတ်မှုအပေါ် ကန့်ကွက်ပြောဆိုသံ မကြားရကြောင်း ဒေါက်တာ အေးချမ်းက ဆက်လက် ရှင်းပြစည်။

ခူမီးလူမျိုးများသည် ချင်းမျိုးနွယ်စုဝင် (သို့မဟုတ်) ရခိုင်မျိုးနွယ်စုဝင် ဖြစ်၊ မဖြစ် အငြင်းပွားနေခြင်းကို နက်နဲသည့် ပြဿနာ တရပ်ဖြစ်ကြောင်း တိုင်းရင်းသားအရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုး က ပြောသည်။

၎င်းက “နည်းနည်း ခက်တယ်ဗျ။ ခက်တယ်ဆိုတာ ရခိုင်မျိုးနွယ်စုထဲမှာ ခမီဆိုတာ ပါပြီးသားဖြစ်တယ်။ ဒါပေမယ့် ပလက်ဝ မြို့နယ်ထဲမှာရှိတဲ့ ခမီတွေကျတော့ သူတို့ကိုယ်သူတို့ ခူမီးချင်းမျိုးနွယ်စုလို့ပြောတယ်။ အဲဒီတော့ ရခိုင်မျိုးနွယ်စု ခမီနဲ့ ချင်းမျိုးနွယ်စုဆိုတဲ့ ခူမီးဆိုတာ ရှိနေတော့ ဒါကတော့ တိုင်းရင်းသားတွေနဲ့ ပတ်သက်ပြီး တကယ်တမ်း ခြေခြေမြစ်မြစ် လေ့လာပြီးတော့ ဖော်ထုတ်မှ ရမယ့် ကိစ္စမျိုးဖြစ်ပါတယ်” ဟု သုံးသပ်သည်။

ရခိုင်လူမျိုးများက ခူမီးလူမျိုးများသည် ရခိုင်မျိုးနွယ်စုဝင်ဟု ယူဆကာ ရခိုင်မျိုးနွယ်စုဝင်အဖြစ် ဆက်လက်ဖော်ပြပါက ရခိုင်နှင့် ခူမီးလူမျိုးများအကြား တင်းမာမှုများ ဖြစ်လာနိုင်ကြောင်း ဦးမောင်မောင်စိုးက မှတ်ချက်ပေးသည်။

“တကယ်လို့သာ ဆက်သုံးရင်တော့ တင်းမာမှုက ရှိလာမှာပဲဗျ။ အဓိကကတော့ ရခိုင်မျိုးနွယ်စု ခမီးလား၊ ချင်းမျိုးနွယ်စု ခူမီးလားဆိုတာကို ရှင်းရှင်းလင်းလင်း ဖြစ်အောင် မျိုးနွယ်စု ခေါင်းဆောင်တွေကိုယ်တိုင် ဖြေရှင်းမှ ရမယ်ထင်ပါတယ်။ သူတို့အချင်းချင်း ညှိနှိုင်းဖြေရှင်းမှပဲရမယ်” ဟု ၎င်းက ဆိုသည်။

ခူမီးချင်းမျိုးနွယ်စုဝင်များသည် ပလက်ဝဒေသတွင် အဓိက နေထိုင်သူများဖြစ်ပြီး ခရစ်ယာန်ဘာသာ ကိုးကွယ်သူ အများဆုံးဖြစ်ကာ ဗုဒ္ဓဘာသာ ကိုးကွယ်သူများလည်း ရှိကြောင်း၊ မြန်မာနိုင်ငံတွင် ခူမီးချင်းလူမျိုး ၉ သောင်းကျော် ရှိကြောင်း ခူမီးချင်းမျိုးနွယ်စုများ ရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ KACC ထံမှ သိရသည်။

ဆက်စပ်လင့်

ခူမီးတိုင်းရင်းသားများကို AA အဖွဲ့က ဝင်ရောက် ရိုက်နှက်ခြိမ်းခြောက်

ပလက်ဝ တိုက်ပွဲများ အတွင်း ပျောက်ဆုံးနေသူများ ပြန်တွေ့ရေး စီစဉ်နေဟု ချင်း အစိုးရပြော

သမ္မတ ရှီကျင့်ဖျင်၏ မြန်မာပြည် ခရီးစဉ်အပြီး ဦးဝှေ့တင်း ပြန်လည် လွတ်မြောက်လာ

Did you find apk for android? You can find new Free Android Games and apps.
Loading