ရန်ကုန်မြို့မိုးပျံလမ်း စီမံကိန်း အပိုင်း ၁ ကို ယခုနှစ်အတွင်း စတင်မည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ လမ်းဦး စီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇော်မြင့်က ဧရာဝတီသို့ ပြောသည်။
အဆိုပါ မိုးပျံလမ်း စီမံကိန်းအတွက် စိတ်ဝင်စားသည့် ကုမ္ပဏီများကို ၂၀၁၈ ခုနှစ် ဇွန်လက တင်ဒါခေါ်ယူခဲ့ရာ ကုမ္ပဏီ ၅၀ ကျော် လာရောက်တင်ပြခဲ့ပြီး ယင်းအနက် အရည်အချင်း ပြည့်မီသည့် ကုမ္ပဏီ ၁၀ ခုကို ရွေးချယ်၍ ဒီဇင်ဘာအတွင်းက ထုတ်ပြန်ပေးခဲ့သည်။
ထိုကုမ္ပဏီ ၁၀ ခုမှ စီမံကိန်း တည်ဆောက်ရန်အတွက် တင်ဒါအောင်သည့် ကုမ္ပဏီကို ယခုနှစ် ဧပြီလဆန်းပိုင်းတွင် ထုတ် ပြန်သွားမည်ဟု ဦးကြည်ဇော်မြင့်က ဆိုသည်။
၎င်းက “တင်ဒါအောင်တဲ့ ကုမ္ပဏီကို ဧပြီလ ပထမတပတ် သင်္ကြန်မတိုင်ခင် ထုတ်ပြန်နိုင်အောင် လုပ်နေပါတယ်။ ပထမ အဆင့် မိုးပျံလမ်းပိုင်းကို ၃ နှစ်ခွဲနဲ့ အပြီး လုပ်ဖို့တော့ ခန့်မှန်းထားတယ်။ ဒီနှစ်ထဲမှာ စီမံကိန်းစဖို့ မှန်းထားတယ်။ စလုပ်တဲ့ နှစ်ကနေ ၃ နှစ်ပေါ့။ ၃၆ လ ဒါမှမဟုတ်လည်း ၄၂ လနဲ့ အပြီး လုပ်ရမယ်” ဟု ပြောသည်။
ယခင်က စီမံကိန်း ပထမအဆင့် တည်ဆောက်ရေးကို ၃ နှစ် အပြီး တည်ဆောက်ရန် သတ်မှတ်ထားသော်လည်း ယခု အချိန်တွင် ခရေပင်လမ်းပိုင်းတွင် လမ်းမီတာ အနည်းငယ် တိုးလိုက်သောကြောင့် စီမံကိန်းကို ၆ လခန့် တည်ဆောက်ရေး ကာလ တိုးမည် ဖြစ်ကြောင်းလည်း ဆောက်လုပ်ရေး ဝန်ကြီးဌာနက သိရသည်။
ဦးကြည်ဇော်မြင့်က “ကုမ္ပဏီ ရွေးချယ်ရေးကိုတော့ ကမ္ဘာ့ဘဏ်ရဲ့ စည်းကမ်းချက်တွေနဲ့ လုပ်နေပါတယ်” ဟု ရှင်းပြသည်။
မိုးပျံလမ်း၏ အပိုင်း ၁ မှာ ကမ်းနားလမ်းမှ ပုဇွန်တောင်-ဝေဇယန္တာ- မင်္ဂလာဒုံ စက်မှုဇုန်အထိ အရှည် ကီလိုမီတာ ၂၀ ကျော် ရှိကြောင်း၊ ယင်းမှ တဆင့် ခရေပင်လမ်း၊ အောက် မင်္ဂလာဒုံလမ်းမကြီး၊ ကြည့်မြင်တိုင်လမ်း အတိုင်းဆင်း၍ ကမ်းနား လမ်းတွင် ပြီးဆုံးမည် ဖြစ်ပြီး အမေရိကန်ဒေါ်လာသန်း ၆၀၀ ခန့် ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း ဝန်ကြီးဌာနမှ သိရ သည်။
မင်္ဂလာတောင်ညွန့် လွှတ်တော် ကိုယ်စားလှယ် ဦးရန်အောင်က “ဒီစီမံကိန်းကို ကျနော်တို့က ကြိုဆိုပါတယ်။ စီမံကိန်းတခု လုံးက ၄၄ ဒသမ ၁ ကီလိုမီတာ (၂၇ မိုင်ကျော်) ရှိတယ်။ ရှေ့ဘက်ပိုင်းနဲ့ နောက်ဘက်ပိုင်း ဆိုပြီး ၂ ခြမ်း ရှိတယ်။ လော လောဆယ်တော့ အရှေ့ဖက်၂၇ ဒသမ ၆ ကီလိုမီတာ (၁၇ မိုင်ကျော်) ကို စတင် တည်ဆောက်မှာ ဖြစ်တယ်” ဟု ဧရာ၀ တီသို့ ပြောသည်။
စီမံကိန်း စတင်ရန် အခြေအနေများနှင့် ပတ်သက်ပြီး ယခုလ ၁၈ ရက်က အစိုးက ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ တာဝန် ရှိသူနှင့် စီမံကိန်း စတင်မည့် နေရာနှင့် သက်ဆိုင်သော မြို့နယ် ၈ ခုမှ လွှတ်တော် ကိုယ်စားလှယ်များကို ခေါ်ယူတွေ့ဆုံခဲ့ ကြောင်း ၎င်းက ပြောသည်။
“အမှားအယွင်း မရှိအောင် ကြိုးစား ဆောင်ရွက်နေတာကို တွေ့ရှိရတယ်။ လုပ်ငန်း ဆောင်ရွက်တဲ့ နေရာမှာ အောက်ခြေမှာ အခက်အခဲ တချို့ရှိလိမ့်မယ်။ တချို့အိမ်တွေက တံတားနဲ့ မလွတ်ဘူးလေ။ ဒါတွေကို ကြားဝင် ဖြေရှင်းရတာမျိုးတွေမှာ လွှတ်တော် ကိုယ်စားလှယ်တွေကလည်း ဝိုင်းဝန်း ကူညီ ညိုနှိုင်းဖို့ ဖြစ်တယ်” ဟု တွေ့ဆုံပွဲတွင် ပါဝင်သူ ဦးရန်အောင်က ပြောသည်။
ယင်း စီမံကိန်းနေရာနှင့် မလွတ်သည့် နေရာမျိုး ရှိသော်လည်း အိမ်အလုံးလိုက် ရွှေ့ပေးရသည်မျိုး မရှိကြောင်း သို့သော် ခြံဝန်းများနှင့် မလွတ်သည်များ ရှိကြောင်း၊ အထူးသဖြင့် မြောက်ဥက္ကလာပ မြို့နယ်များတွင် များကြောင်း သိရသည်။
ဦးရန်အောင်က “မင်္ဂလာ တောင်ညွှန့်မှာတော့ မလွတ်တာ ဖယ်ရမှာတော့ မရှိဘူးဗျ။ ကျနော်တို့ ရပ်ကွက်ထိပ်ကနေ ဖြတ်သွားမှာပေါ့နော်။ ၁၅ ပေ ခုံးတံတားကနေ စက်ဆန်း၊ ရုံးလေး၊ အေဘီစီ၊ ခြောက်လမ်း၊ ကြက်ဘဲဈေးဘက်ကို ချိုးပြီးတော့မှ ဝေဇယန္တာလမ်းဘက် ဆက်သွားမှာ ဖြစ်တယ်” ဟု ပြောသည်။
ရန်ကုန် မိုးပျံလမ်း အပိုင်း ၁ ၏ ပင်မလမ်းကြောင်းသည် လေးလမ်းသွား မိုးပျံလမ်း အဖြစ် လျာထားပြီး ရန်ကုန်လေဆိပ်သို့ ဆက်သွယ်သည့် လမ်းသည် သုံးလမ်းသွား မိုးပျံလမ်း အဖြစ် တည်ဆောက်ရန် လျာထားကြောင်း သိရသည်။
ယင်းစီမံကိန်းသည် ရန်ကုန်မြို့ပြင်ပတ်လမ်း၏ တချို့ နေရာများကို မိုးပျံလမ်း ပုံစံ ဆောက်လုပ်၍ အများစုကို အမြန်လမ်း ပုံစံအသစ်နှင့် ဖောက်လုပ်သွားမည် ဖြစ်ပြီး ဂျပန် အပြည်ပြည်ဆိုင်ရာ အေဂျင်စီ (JICA) ၏ ၂၀၄၀ Master Plan အရ ရန် ကုန်မြို့ကို စက်ဝိုင်းပုံစံပတ်မည့် အတွင်းပတ်လမ်း အပြင်ပတ်လမ်း နှစ်ခုကို တည်ဆောက်မည့် စီမံကိန်း တခုလည်း ဖြစ် သည်။
ရန်ကုန် မိုးပျံအမြန်လမ်း စီမံကိန်း အပိုင်း ၁ အတွက် အရည်အသွေး ပြည့်မီသည့် ရွေးချယ်ထားသော ကုမ္ပဏီ ၁၀ ခုထဲ တွင် ပြင်သစ်၊ ကိုရီးယား၊ ဂျပန်၊ ထိုင်း- တရုတ် ဖက်စပ် ကုမ္ပဏီများနှင့် မြန်မာကုမ္ပဏီများ ပါဝင်သည်။
ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့တို့ ပူးပေါင်း၍ Public Private Partnership (PPP) အစီအစဉ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် ယင်း စီမံကိန်းသည် အစိုးရ၏ ဦးစားပေး ဆောင်ရွက်နေသည့် စီမံကိန်းတခု ဖြစ်ပြီး ရန်ကုန်မြို့၏ ဆိုးရွားသည့် ယာဉ်ကြောပိတ်ဆို့မှုအား လျော့ကျစေရန်နှင့် နိုင်ငံ၏ စီးပွားရေး၊ လူမှုရေး လုပ်ငန်းများ အတွက် ဆက်သွယ်ရေး ပိုမိုကောင်းမွန်လာစေရန် အတွက် အကောင်အထည် ဖော်ဆောင်ရွက်မည့် စီမံကိန်း တခု ဖြစ်ကြောင်းလည်း ရန်ကုန်တိုင်း အစိုးရအဖွဲ့က သိရသည်။
ယင်း စီမံကိန်းသည် ရန်ကုန်မြို့တွင် ရန်ကုန် ဆိပ်ကမ်း၊ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ မင်္ဂလာဒုံ စက်မှုဇုန်နှင့် ရန်ကုန်-မန္တလေး အမြန်လမ်းတို့ကို ဆက်သွယ်ပေးသွားမည် ဖြစ်သည်။
ဆက်စပ်ဖတ်ရှုရန်
ရန်ကုန် မြို့ပြင် ပတ်လမ်း စီမံကိန်း စတင်ရန် စီစဉ်
ရန်ကုန်မြို့ပတ်ရထားလမ်း အနောက်ခြမ်း အဆင့်မြှင့်ခြင်း စမည်
ရန်ကုန်မိုးပျံလမ်း ဒီဇိုင်း သြဂုတ်တွင် ထုတ်ပြန်မည်