အဆုတ်ရောင် ကူးစက်ရောဂါ ကိုရိုနာဗိုင်းရပ်စ် စတင် ဖြစ်ပွားသည့် ဝူဟန်မြို့တွင်း၌ ပိတ်မိနေသော မြန်မာများနှင့် တရုတ် နိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသော မြန်မာများကို ကူညီမည် ဖြစ်ကြောင်း ဘေဂျင်းမြို့ရှိ မြန်မာသံရုံး က သိရသည်။
တရုတ် ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံး ဒုတိယ အတွင်းဝန် ဦးစိုးပြည့်ဝင်းက “ကျနော်တို့ကတော့ တတ်နိုင်သမျှ အခက်အခဲ ကြုံလာလို့ သတင်းပို့လာရင် ဘေဂျင်းက နိုင်ငံခြားရေး ဝန်ကြီးဌာန၊ သက်ဆိုင်ရာ အဖွဲ့တွေက တဆင့် ဘာပဲ လိုလိုပါ အစားအသောက် ပြတ်တာပဲ ဖြစ်ဖြစ် ကူညီသွားမယ်” ဟု ဧရာဝတီသို့ ပြောကြားသည်။
ဝူဟန်မြို့တွင် မြန်မာနိုင်ငံသား ပညာတော်သင် ကျောင်းသား ဦးရေ ၁၅၀ ကျော်ရှိပြီး ပြည်နယ် အာဏာပိုင်များက မြို့ အဝင်အထွက်ကို ဇန်နဝါရီလ၂၃ ရက်၌ တားမြစ်လိုက်သဖြင့် မြန်မာ ကျောင်းသား ၇၀ ခန့် မြို့တွင်း၌ ပိတ်မိနေကြောင်း သိရသည်။
ဇန်နဝါရီလ ၂၃ ရက်ကပင် မြန်မာသံရုံးက တရုတ်နိုင်ငံတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသားများ အတွက် ကိုရိုနာဗိုင်း ရပ်စ်နှင့် ပတ်သက်၍ သတိပေးချက် တစောင် ထုတ်ပြန်ခဲ့သေးသည်။
အဆိုပါ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံသားများသည် လတ်တလော ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်နှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံ၏ သက်ဆိုင်ရာ ပြည်နယ်အစိုးရ၊ အဖွဲ့အစည်းများနှင့် ကျန်းမာရေး ကော်မရှင်များက ထုတ်ပြန်နေသော ကျန်း မာရေးဆိုင်ရာ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များ၊ ဒေသန္တရ စည်းမျဉ်းစည်းကမ်းများကို တိကျစွာ လိုက်နာရန် လို အပ်ကြောင်း သတိပေးထားသည်။
ထို့ပြင် လိုအပ်ချက်နှင့် အခက်အခဲများ ရှိပါကလည်း မြန်မာသံရုံး၏ ဖုန်းနံပါတ် ဖြစ်သော +၈၆၀၁၀၆၅၃၂၀၃၆၀၊ +၈၆၁၈၃၀၁၆၁၄၀၉၅ သို့ ဆက်သွယ် ပြောကြားနိုင်ကြောင်လည်း မြန်မာသံရုံး ဘေဂျင်း၏ ထုတ်ပြန်ချက်၌ ဖော်ပြထား သည်။
ဒု အတွင်းဝန် ဦးစိုးပြည့်ဝင်းက “ကျနော်တို့က တတ်နိုင်သမျှ ပို့ပေးတာပဲ၊ ဖြစ်ဖြစ် ပြည်နယ် ရဲဌာန၊ နိုင်ငံခြားရေး (တရုတ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန) ရုံးကတဆင့် ကူညီပေးသွားမှာပါ။ သူတို့ရှိနေတဲ့ နေရာ အတိအကျသာ ပြောပါ။ တရုတ် နိုင်ငံဘက်ကလည်း ကူညီပါတယ်။ ကျနော်တို့ရုံးက ချိတ်ဆက် ဆောင်ရွက်ပေးသွားမှာပါ” ဟု ဆိုသည်။
ဇန်နဝါရီလ၂၄ ရက်အထိ တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသည့် မြန်မာနိုင်ငံသား မရှိသေးကြောင်း ၎င်းက ဆိုသည်။
မြန်မာနိုင်ငံတွင် အဆိုပါ ဗိုင်းရပ်စ် ကူးစက်ခံထားရသည်ဟု ယူဆရသော လူနာတဦး ရန်ကုန်ဆေးရုံကြီးသို့ ရောက်နေပြီ ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ကျန်းမာရေး ဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ကူးစက်ရောဂါ ဌာနကမူ မဟုတ်မှန် ကြောင်း ငြင်းဆိုထားသည်။
လတ်တလော ရောက်ရှိနေသူမှာ သာမန်ရောဂါ ဝေဒနာရှင်သာ ဖြစ်သည်ဟု ကူးစက်ရောဂါဌာနက ပြောရေးဆိုခွင့်ရှိသူ ဒု ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက ဧရာဝတီသို့ ပြောကြားထားသည်။
နိုင်ငံတချို့တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ အရေအတွက်မှာ လက်ရှိတွင် ၈၇၀ ကျော် အထိ ရှိလာပြီ ဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ၄၄၄ ဦး၊ ကွမ်တုံမြို့တွင် ၂၆ ဦး၊ ဘေဂျင်းမြို့တွင် ၄ ဦးနှင့် ရှန်ဟိုင်းမြို့တွင် ၉ ဦး၊ စင်္ကာပူ နိုင်ငံတွင် ၃ ဦး ကူးစက်ခံထားရပြီး ထိုင်း၊ ဂျပန်၊ တောင်ကိုရီးယားနှင့် အမေရိကန်နိုင်ငံတို့တွင် ကူးစက်ခံရသူများ ရှိ ကြောင်းလည်း အာဏာပိုင်များက အတည်ပြုထားသည်။
You may also like these stories:
ရန်ကုန်ဆေးရုံကြီးတွင် ရောက်နေသည့် လူနာမှာ ကိုရိုနာဗိုင်းရပ် ကူးစက်ခံရသူမဟုတ်ဟု တာဝန်ရှိသူပြော
ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံ၊ ဟူဘေးပြည်နယ်ရှိ မြို့ ၁၀ မြို့ကို ခရီးသွားလာခွင့် ပိတ်ပင်