မြန်မာနိုင်ငံတွင် လက်ရှိ အခြေအနေအထိ တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ဖြစ်ပွားနေသည့် အဆုတ်ရောင်ရောဂါ ကိုရိုနာ ဗိုင်းရပ်စ်နှင့် ပတ်သက်၍ သံသယဖြစ်သည့် လူနာတဦးမှ မတွေ့ရှိရသေးကြောင်းနှင့် စိုးရိမ်ရန် မလိုကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက တာဝန်ရှိသူများက အတည်ပြု ပြောဆိုသည်။
လက်ရှိ ရန်ကုန် ဆေးရုံကြီးတွင် လာရောက် ကုသမှု ခံယူနေရသူသည် တရုတ်နိုင်ငံသား ဖြစ်သော်လည်း ၎င်း၏ ရော ဂါအခြေအနေသည် ဗိုက်အောင့်ခြင်း၊ အန်ခြင်းနှင့် ဖျားနာခြင်း များကြောင့် လာရောက် ပြသခဲ့သူသာဖြစ်ကြောင်း ပြည် သူ့ကျန်းမာရေး ဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါ နှိမ်နင်းရေးဌာနခွဲမှ ပြောရေးဆိုခွင့် ရှိသူ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက် တာ ခင်ခင်ကြီးက ပြောသည်။
ဒေါက်တာ ခင်ခင်ကြီးက “ကျမတို့ အနေနဲ့ သေသေချာချာ ပြောလို့ရတာက တဦးမှ သံသယဖြစ်ဖွယ် လူနာမတွေ့ သေးတာပဲ။ တရုတ်နိုင်ငံက ဝင်လာတဲ့လူတွေ ထောင်နဲ့ချီရှိတဲ့ အထဲမှာ သူတို့ဘာသာ ဖျားနာလို့၊ နေမကောင်းလို့ လာ တဲ့ လူလောက်ပဲ ရှိတယ်။ ဒါကတော့ လူအများကြီးမှာ တဦးတလေ နေမကောင်းလို့ လာမှာပဲ။ ပြည်သူ့ ဆေးရုံကိုလာ တဲ့ လူနာတွေမှာလည်း တရုတ်၊ အိန္ဒိယ စတဲ့သူတွေ အများကြီးပါ” ဟု ဆိုသည်။
လက်ရှိ တရုတ်နိုင်ငံတွင် ကူးစက်ပြန့့်ပွားလျက် ရှိသော ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးမှာ စိုးရိမ်စရာ မရှိကြောင်းလည်း အပူပိုင်းနှင့် ကူးစက်ရောဂါ ပညာဌာန၊ အထူးကု ဆေးရုံကြီး ဝေဘာဂီမှ အထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ စံပယ်ဖြူ က ပြောသည်။
၎င်းက ယနေ့ နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြော ခြင်း ဖြစ်သည်။
2019 Novel coronavirus (2019-nCoV) ရောဂါပိုးကြောင့် ဖြစ်ပွားသည့် အဆုတ်ရောင်ရောဂါ ကူးစက် မခံရစေရန် အတွက် လူတိုင်း လိုက်နာ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ချောင်းဆိုးပါက အုပ်၍ ဆိုးရန်၊ လက်ကို မကြာခဏ ဆပ် ပြာနှင့်ဆေးရန်၊ တိရစ္ဆာန်များကို ကိုင်တွယ်ခြင်း မပြုလုပ်ရန်၊ ရေများများ သောက်ရန်နှင့် အစရှိသည့် အချက်များကို လိုက်နာရန် လိုအပ်ကြောင်းလည်း ပါမောက္ခ ဒေါက်တာ စံပယ်ဖြူက ပြောသည်။
အဆိုပါ ရောဂါပိုး မြန်မာနိုင်ငံ အတွင်းသို့ ဝင်ရောက်လာခြင်း မရှိစေရန်အတွက် လေဆိပ်၊ ရေဆိပ်များအပြင် နယ်စပ် ဖြတ်ကျော် ဝင်ရောက်လာသည့် မူဆယ်– မြဝတီ– တာချီလိတ်ဘက်မှ ဝင်ရောက်လာသည့် ခရီးသည်များကိုလည်း စစ်ဆေးလျက်ရှိကြောင်းလည်း ဒေါက်တာ ခင်ခင်ကြီးက ဆိုသည်။
ထို့ပြင် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့တွင် ဆိုက်ရောက်လာသည့် ခရီးသည်များ ကို WHO စံချိန်စံညွှန်းနှင့် ကိုက်ညီသည့် အဖျားတိုင်းတာသည့် စက်များကို အသုံးပြုသည့်အတွက် ယုံကြည်စိတ်ချရ ကြောင်းလည်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သိရသည်။
ထိုသို့ လေဆိပ်၊ ရေဆိပ်များတွင် ခရီးသည်များကို စစ်ဆေးရာတွင် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ နှာစေးခြင်း၊ အသက်ရှု ခက်ခဲခြင်း အစရှိသည့် လက္ခာများ ရှိမရှိကို စစ်ဆေးနေကြောင်း အကယ်၍ တွေ့ရှိပါက ရန်ကုန်တိုင်းရှိ ဝေဘာဂီ ဆေးရုံ၊ မန္တလေးတိုင်း ဒေသကြီးရှိ မန္တလေး ဆေးရုံကြီး၊ နေပြည်တော်ရှိ ခုတင် ၁၀၀၀ ပြည်သူ့ ဆေးရုံကြီးတို့၌ ကုသ နိုင်ရန် စီစဉ်ဆောင်ရွက်ထားကြောင်း ဒေါက်တာ ခင်ခင်ကြီးက ရှင်းပြသည်။
အဆိုပါ ရောဂါပိုး ကူးစက်ခံရပါကလည်း စနစ်တကျ ကုသနိုင်ရန်အတွက် ဆေးရုံကြီးများတွင် ပြင်ဆင်ထားပြီး ဖြစ် ကြောင်း၊ ယနေ့ အချိန်ထိ ကူးစက်ခံ လူနာတဦးမှ မရှိသေးကြောင်း၊ သို့သော်လည်း ကိုရိုနာဗိုင်းရပ်စ် အတွက် ကာ ကွယ်ဆေး၊ ကုသရန်အတွက် သီးသန့် ဆေးမရှိသေးကြောင်း၊ သို့သော်လည်း ပုံမှန် တုပ်ကွေးရောဂါပိုးအနေအထား အဆင့်သာရှိသည့်အတွက် စိုးရိမ်စရာလည်း မလိုကြောင်း ပါမောက္ခ ဒေါက်တာ စံပယ်ဖြူက ပြောဆိုသည်။
ကြိုတင် ကာကွယ်ခြင်းသည် ကုသခြင်းထက် ထိရောက်သည့်အတွက် ပြည်သူများအနေဖြင့် ကြိုတင်ကာကွယ်ခြင်းကို အထူးဂရုစိုက်ရန် လိုအပ်ကြောင်း၊ အဆိုပါ ဗိုင်းရပ်စ်နှင့် ပတ်သက်၍ ကျန်းမာရေး ဝန်ကြီးဌာန ဝက်ဆိုက်မှ ထုတ်ပြန် ချက်ကိုသာ အတည်ပြုရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူမှာ လူဦးရေ ၈၇၀ ကျော် အထိရှိလာပြီ ဖြစ်ပြီး လက်ရှိတွင် တရုတ်နိုင်ငံ၊ ဝူဟန်မြို့တွင် ၄၄၄ ဦး၊ ကွမ်တုံမြို့တွင်၂၆ ဦး၊ ဘေဂျင်းမြို့တွင် ၄ ဦးနှင့် ရှန်ဟိုင်းမြို့တွင် ၉ ဦး၊ စင်္ကာပူနိုင်ငံတွင် ၃ ဦး ကူးစက်ခံ ထားရပြီး ထိုင်း၊ ဂျပန်၊ တောင်ကိုရီးယားနှင့် အမေရိကန်နိုင်ငံတို့တွင် ကူးစက်ခံရသူများ ရှိကြောင်း အာဏာပိုင်များက အတည်ပြုထားသည်။
ကိုရိုနာဗိုင်းရပ်စ်သည် ဝူဟန်မြို့ရှိ ငါးဈေး ၁ ခုမှ စတင် ကူးစက်ခဲ့ခြင်း ဖြစ်ကြောင်း ယူဆမှုများ ရှိနေပြီး လင်းနို့များထံမှ ကူးစက်ခံထားရသည့် မြွေများမှတဆင့် လူထံသို့ ကူးစက်ခြင်း ဖြစ်နိုင်ကြောင်း မျိုးဗီဇသရုပ်ခွဲ လေ့လာမှု ရလဒ်အချို့ ကို ကိုးကားပြီး ဟောင်ကောင် အခြေစိုက် သတင်းဌာနတခုက ဖော်ပြထားသည်။
ထက်ခေါင်လင်း ပူးပေါင်းရေးသားသည်။
ဆက်စပ်ဖတ်ရှုရန်
ရန်ကုန်ဆေးရုံကြီးတွင် ရောက်နေသည့် လူနာမှာ ကိုရိုနာဗိုင်းရပ် ကူးစက်ခံရသူမဟုတ်ဟု တာဝန်ရှိသူပြော