ကမ္ဘာ့နေရာ အနှံ့သို့ အလျင်အမြန် ပျံနှံ့နေသော ကိုရိုနာ ဗိုင်းရပ်စ်ကို ထိန်းချုပ်ရန် တရုတ် အာဏာပိုင်များ အကြီးအကျယ် ကြိုးစားနေပြီး ခရီးသွားလာမှု ပိတ်ပင်ထားသော မြို့အရေအတွက်မှာ အဓိက စတင် ဖြစ်ပွားသည့် ဝူဟန် အပါအဝင် မြို့ကြီး ၁၃ မြို့အထိ ရှိလာသည့် အပြင် ဗိုင်းရပ်စ်သည် တရုတ်နိုင်ငံမှ လူပေါင်း ၈၀၀ ကို ကူးစက်ပြီးဖြစ်သည်။
အာဏာပိုင်များသည် ထိုအသေ အပျောက်များသော ဗိုင်းရပ်စ်ကို ထိန်းချုပ်ရန် အားထုတ်သည့်အနေဖြင့် ဇန်နဝါရီ ၂၄ ရက်နေ့တွင် ခရီးသွားလာခွင့် ပိတ်သည့် နယ်မြေ ဧရိယာကို အကြီးအကျယ် တိုးချဲ့လိုက်ပြီး ဝူဟန်မြို့ ပတ်ဝန်းကျင်ရှိ မြို့ ၁၃ မြို့ကို ပိတ်ပင်သည့် စာရင်းတွင် ထည့်သွင်းလိုက်သဖြင့် ကနေဒါနိုင်ငံ၏ လူဦးရေမျှရှိသော လူ ၃၅ သန်းခန့်ကို ကန့်သတ်လိုက်ခြင်းဖြစ်သည်။
တရုတ်နိုင်ငံတွင် ခရီးသွားလာမှု အများဆုံး ရာသီဖြစ်သော နှစ်သစ်ကူး ပွဲတော်မတိုင်မီ ထိုသို့ ရုတ်တရက် ကြေညာ လိုက်သော ကန့်သတ်ချက်အသစ်များသည် အာဏာရ တရုတ်ကွန်မြူနစ်ပါတီက အနည်းငယ်သာ လေ့လာရသေးသော ဗိုင်းရပ်နှင့် ပတ်သက်သည့် စိုးရိမ်မှုကို ပြသနေသည့် ထူးခြားသော ခြေလှမ်းဖြစ်သည်။
လူဦးရေ ၁၁ သန်းရှိသော ဟူပေပြည်နယ် မြို့တော် ဝူဟန်နှင့် အနီးရှိ မြို့ ၄ မြို့တွင် ခရီးသွားလာမှု ပိတ်ပင်ပြီးနောက် ၁ ရက်အကြာတွင် အစိုးရသည် ပြည်နယ်လူဦးရေ ထက်ဝက်အပေါ် သက်ရောက်စေမည့် အများပြည်သူ သယ်ယူ ပို့ဆောင်ရေး ဆိုင်းငံ့ခြင်းကို ကြေညာလိုက်ခြင်း ဖြစ်သည်။
ရောဂါဖြစ်ပွားမှု ရုတ်တရက် တိုးလာခြင်းကြောင့် ပြည်နယ်အတွင်းရှိ ဆေးရုံများတွင် လူနာများ ပြည့်နေပြီး တကမ္ဘာလုံးသို့ ကူးစက်မည့် ရောဂါ ဖြစ်လာမည်ကို စိုးရိမ်နေကြသည်။
ယနေ့တွင်ပင် ရောဂါဖြစ်ပွားမှု အကြီးအကျယ် တိုးလာပြီး ဖြစ်ပွားမှု ၈၃၀ ဦးရေ ရှိလာကာ သေဆုံးသူမှာ ၂၆ ဦးရှိကြောင်း တရုတ်ကျန်းမာရေးအရာရှိများက ကြေညာသည်။
ယမန်နေ့ နံနက်က အာဏာပိုင်များသည် ရောဂါဖြစ်ပွားသည့် ဝူဟန်တွင် ခရီးသွားလာခွင့် ပိတ်ပင်ခြင်းကို ကြေညာကာ လေကြောင်းလိုင်းများက လေယာဉ်ခရီးစဉ် ရာပေါင်းများစွာကို ဖျက်သိမ်းလိုက်သောကြောင့် ခရီးသည် ထောင်ပေါင်း များစွာလည်း သောင်တင်နေသည်။
ထိုနေ့နှောင်းပိုင်းတွင် ဝူဟန်အနီးရှိ ဟွမ်ဂန်၊ အီကျုံ၊ ကျန်ကျင်း၊ ချီဘီမြို့များတွင် အများပြည်သူ သယ်ယူပို့ဆောင်ရေးကို ပိတ်ပင်လိုက်သည်။ ထိုမြို့များတွင် စုစုပေါင်း နေထိုင်သူ ၉ သန်းရှိသည်။ ထို့နောက် ယနေ့တွင် ခရီးသွားလာခွင့် ပိတ်ပင်သော မြို့အရေအတွက်ကို ထပ်မံ ကြေညာခြင်းဖြစ်သည်။
ဗိုင်းရပ်ပိုး ပျံနှံ့မှုကို ထိန်းချုပ်ရန် ယနေ့ ညနေပိုင်းတွင် ရှန်ဟိုင်း ဒစ္စနေလန်းနှင့် ကမ္ဘာလှည့် ခရီးသည်များကို ဆွဲဆောင်သော အခြား နေရာများကိုလည်း ပိတ်လိုက်သည့်အတွက် ထိုအခြေအနေကြောင့် စီးပွားရေးကို မည်မျှ ထိခိုက်မည်ဆိုသည်မှာ မသိရသေးပါ။
ဗိုင်းရပ်စ်ကြောင့် အဓိက သေဆုံးမှုများသည် တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ်တွင် ဖြစ်သော်လည်း သေဆုံးမှု ၂ ခုမှာ ထိုပြည်နယ်ပြင်ပတွင် ဖြစ်နေသည်။
လူနာ ၁ ဦးမှာ ဝူဟန်မှ မိုင်ပေါင်း ၆၀၀ သော ချီဘိုင်း ပြည်နယ်တွင် သေဆုံးခြင်းဖြစ်ကြောင်း အာဏာပိုင်များက ပြောသည်။ ချီဘိုင်း မှ ကျန်းမာရေးကော်မရှင် တခုက ထုတ်ပြန်သည့် ကြေညာချက် တစောင် တွင် ရောဂါ ကူးစက်ခံရသည့် အသက် ၈၀ အရွယ်ရှိသူသည် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။ အကြောင်းရင်းကိုမူ ဇန်နဝါရီလ ၂၃ ရက်နေ့အထိ အတည်ပြုခြင်း မရှိခဲ့ပါ။
ပြည်နယ် ကွန်မြူနစ်ပါတီ အာဘော်ဖြစ်သော Hebei Daily ၏ အဆိုအရ ထိုပြည်နယ်တွင် နေထိုင်သည့် အမျိုးသား တဦးက ဝူဟန်ရှိ ဆွေမျိုးများထံ ၂ လကျော်ကြာ သွားရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။
ကူးစက်ခံရသူနှင့် အနီးကပ် တွေ့ထိခဲ့သူ ၇၆ ဦး ကို သီးခြား ခွဲထုတ်ထားပြီး ၎င်းတို့ ဖျားနာသည်ကို မတွေ့ရှိရကြောင်း Hebei Daily က ဆိုသည်။
အခြားသေဆုံးသူ ၁ ဦးမှာ ဝူဟန်မှ မိုင်ပေါင်း ၁၅၀၀ ဝေးသည့် ရုရှားနယ်စပ်မှ ဟေလုံကျောင် ပြည်နယ်တွင် သေဆုံးခြင်း ဖြစ်သည်။
လူပေါင်း ၈၀၀ ကျော်ကို ကူးစက်စေခဲ့ပြီး ဖြစ်သော ရောဂါကို ရပ်တန့်ရေး အတွက် Hubei အာဏာပိုင်များ အသုံးပြုနိုင်ရန် ယွမ် ၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၄၄ သန်း) ချထားပေးခဲ့ကြောင်း တရုတ်နိုင်ငံ ဘဏ္ဍာရေး ဝန်ကြီးဌာနက ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ကြေညာခဲ့သည်။
ရောဂါ စတင်ဖြစ်ပွားရာ ဝူဟန်မြို့သည် တရုတ်နိုင်ငံ၏ အဓိကမြို့ကြီးများနှင့် ချိတ်ဆက်ထားသော မြန်နှုန်းမြင့်ရထား လမ်းအများအပြား အတွက် လမ်းဆုံ အချက်အချာ နေရာတခု ဖြစ်သည်။ ရထားဖြင့် မြောက်ဘက်သို့ တိုက်ရိုက် သွားပါက ဘေဂျင်းသို့ ၄ နာရီနှင့် ရောက်ရှိနိုင်ပြီး ဟောင်ကောင်သို့ ရောက်ရန်မှာ ၄ နာရီခွဲ နှင့် ရှန်ဟိုင်း သို့သွားရန် ခြောက်နာရီ နီးပါးသာ ကြာမည် ဖြစ်သည်။
ယခုအပတ်တွင် တရုတ်လူမျိုး အမြောက်အများသည် မိသားစုများနှင့် ပြန်လည်ဆုံတွေ့ရန် နိုင်ငံအတွင်း ခရီးသွားကြသည့် အချိန် ဖြစ်သော နှစ်သစ်ကူးကာလ ဖြစ်ရာ တနိုင်ငံလုံးနှင့် နိုင်ငံရပ်ခြားသို့ ကူးစက် ပျံ့နှံ့ နိုင်သည့် အန္တရာယ်ကို ပိုမို များလာစေသည်။
People’s Daily သတင်းစာမှ သတင်းတခုအရ ဝူဟန် နှင့် အခြားမြို့များကို ဆက်သွယ်သည့် လေယာဉ် ခရီးစဉ်များ၊ ရထားများ၊ ဘတ်စ်ကားများနှင့် ကူးတို့သင်္ဘောများကို ရပ်ဆိုင်းထားကြောင်း သိရသည်။
ချီဘိုင်းပြည်နယ် အာဏာပိုင်များကလည်း ဒေသခံ ခရီးသွားအေဂျင်စီများမှ လုပ်ငန်းများကို ရပ်ဆိုင်းခိုင်းထားပြီး နွေဦး ရာသီတွင် စတင်မည့် အတန်းများကို ရွှေ့ဆိုင်းရန် ကျောင်းများအားလုံးကို အမိန့်ပေးခဲ့သည်ဟု တရုတ်ကွန်မြူနစ်ပါတီ၏ အာဘော် ဖြစ်သော People’s Daily သတင်းစာတွင် ဖော်ပြခဲ့သည်။
The NewYork Times တွင် ဇန်နဝါရီ ၂၄ ရက်က ဖော်ပြထားသည့် China’s Travel Limits Now Cover 35 Million People ကို ဆီလျော်အောင် ဘာသာပြန်သည်။
You may also like these stories:
ဝူဟန်တွင် ပိတ်မိနေသော မြန်မာများကို ကူညီမည်ဟု ဘေဂျင်းရှိ မြန်မာသံရုံးပြော
မြန်မာတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ မရှိသေးဟု ကျန်းမာရေး ဝန်ကြီးဌာန အတည်ပြု
ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံ၊ ဟူဘေးပြည်နယ်ရှိ မြို့ ၁၀ မြို့ကို ခရီးသွားလာခွင့် ပိတ်ပင်