မန္တလေး- ပုဂံရထားလမ်း အဆင့်မြှင့်တင်မှုကနဦး လေ့လာဆန်းစစ်ချက်များကို ယခုနှစ်အတွင်း စတင်ပြု လုပ်သွားမည် ဖြစ်ကြောင်း မြန်မာ့ မီးရထား အထွေထွေမန်နေဂျာ ဦးညီညီဆွေ (စီမံ/အုပ်ချုပ်ရေး) က ဧရာဝတီသို့ ပြောသည်။
“ရထားလမ်းကို ဘယ်လိုပုံစံမျိုး အဆင့်မြှင့်တင်လို့ ရမလဲ။ ကုန်ကျစရိတ် ဘယ်လောက်တောင် ရှိမလဲ။ ဘယ်လို ဒီဇိုင်းမျိုး လုပ်လိုက်ရင် ကုန်ကျစရိတ် ဘယ်လောက် ထွက်လာမလဲ။ ဒါတွေကို ဒီနှစ်အတွင်းမှာ ပြည်တွင်း ကုမ္ပဏီတခုနဲ့ တရုတ် ကုမ္ပဏီ၂ ခုနဲ့ CRDC ကော်ပိုရေးရှင်း အုပ်စုက စတင် လေ့လာမှုတွေ လုပ်မှာ ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။
အဆိုပါ ရထားလမ်းကို နိုင်ငံတကာ အဆင့်မီ မန္တလေး- ပုဂံ အမြန်ရထား လမ်းသစ် (Express Standard Gauge Railway) အဖြစ် အဆင့်မြှင့်တင်ရန် လမ်းပိုင်း လေ့လာမှုကို ပြည်တွင်း Elite City Investment ကုမ္ပဏီနှင့် Power China International Group Company နှင့် တရုတ်နိုင်ငံ ရထားလမ်း ဒီဇိုင်း ကော်ပိုရေးရှင်း (CRDC)စသည့် ကုမ္ပဏီ ၃ ခု မှ ပူးပေါင်း၍ ဆောင်ရွက်မည် ဖြစ်ကြောင်း ဦးညီညီဆွေက ပြောဆိုသည်။
ပုဂံဒေသသို့ ပြည်တွင်း၊ ပြည်ပ ခရီးသွားများ လာရောက်မှု မြင့်တက်နေခြင်းကြောင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးလာစေရန်နှင့် လမ်းပိုင်း အဆင့်မြှင့်တင်မှုများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ တရုတ် သမ္မတ ရှီကျင့်ဖျင့် မြန်မာနိုင်ငံသို့ လာ ရောက်သော ခရီးစဉ်အတွင်း နှစ်နိုင်ငံ MoU ရေးထိုးခြင်း ဖြစ်ကြောင်း သိရသည်။
ဦးညီညီဆွေက “မန္တလေးကနေ ပုဂံထိ မြင်းခြံဘက်ကို သွားတဲ့ ရထားလမ်း ကီလိုမီတာ ၂၀၀ လောက် ရှိတယ်။ လမ်းက အရမ်းကြီး အဆင့်မမြင့်ဘူး။ များသောအားဖြင့် ကားတွေနဲ့ သွားကြတယ်။ ကျနော်တို့ ရထားက မစီးဘူးလား မဟုတ်ဘူး စီးကြတယ်၊ နည်းတယ်။ ဒါကြောင့် ကုမ္ပဏီတွေက ကနဦးလေ့လာဖို့ တောင်းတာ”ဟု ဆိုသည်။
နှစ်နိုင်ငံ ရေးထိုးထားသည့် MoU အရ လမ်းပိုင်း အဆင့်မြှင့်တင်ရန်အတွက် လေ့လာမှု ကုန်ကျစရိတ်များကို ကုမ္ပဏီဘက် က ကျခံမည်ဖြစ်ပြီး၊ အကယ်၍ ရထားလမ်းကို စီမံကိန်း ဖော်နိုင်သည့် ရလဒ်မျိုး ထွက်လာပါက မြန်မာ့ မီးရထားမှ ပြည် တွင်း၊ ပြည်ပ ကုမ္ပဏီများကို တင်ဒါခေါ်ယူ ဆောင်ရွက်မည် ဖြစ်ကာ၊ MoU သက်တမ်းမှာ ၂ နှစ်ဖြစ်ကြောင်း ၎င်းက ပြော သည်။
နိုင်ငံတကာ အတွေ့အကြုံအရ ရထားလမ်းကြောင်း တကြောင်း တည်ဆောက်ရာတွင် ကုန်ကျစရိတ် စုစုပေါင်းထဲမှ ၀ ဒသမ ၂ ရာခိုင်နှုန်းက ကနဦး လေ့လာမှု ကုန်ကျစရိတ် အဖြစ် ကုန်ကျသည်ဟု ခန့်မှန်းရကြောင်း ဦးညီညီဆွေက ဆိုသည်။
ယခု လေ့လာမည့် ကုမ္ပဏီများသည် နိုင်ငံတကာ အဆင့်မီ မန္တလေး- ပုဂံ အမြန် ရထားလမ်းသစ် (Express Standard Gauge Railway) ကို လုပ်ဆောင်ရန် BOT (သို့မဟုတ်) အစိုးရ-ပုဂ္ဂလိက ပူးပေါင်းလုပ်ဆောင်သည့် PPP စနစ်ဖြင့် အဆင့် မြှင့်တင် ဖောက်လုပ်ခွင့်ရရန်နှင့် မန္တလေး-နေပြည်တော်-ပဲခူး-ရန်ကုန် အဝေးပြေးလမ်း ဖောက်လုပ်ခြင်း လုပ်ငန်းနှင့် စပ် လျဉ်း၍ ရှင်းလင်း တင်ပြမှုများကို ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဆိုင်ရာ ကော် မတီသို့ ၂၀၁၉ ခုနှစ် မတ်လက လာရောက် ရှင်းပြထားကြောင်း သိရသည်။
ပြည်သူ့ လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ကော်မတီ အဖွဲ့ဝင် ဦးနေဖူးဗဆွေက “မန္တလေး-ပုဂံ ရထားလမ်း အဆင့်မြှင့်တင်ဖို့ က နိုင်ငံတကာ အဆင့်မီ ဂိတ်နဲ့ လုပ်ချင်တာလို့ လာတင်ပြတာ။ အဓိကတော့ ခရီးသွား ဖွံ့ဖြိုး ဖို့ အတွက်ပါ။ တရုတ် သမ္မတ လာတော့ မန္တလေး- ပုဂံရထားလမ်း ကတော့ MoU ထိုးဖြစ်သွားတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ကမ္ဘာ့ဘဏ်ကလည်း ၂၀၂၀ ခုနှစ်မှ စ၍ နိုင်ငံတကာ အဆင့်မီ သယ်ယူပို့ဆောင်ရေးဂိတ်များ ခွင့်ပြုထားသည့် အတွက် လည်း ယင်းလုပ်ငန်းများ အဆင့်ဆင့် ဝင်ရောက်လာခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဦးနေဖူးဗဆွေက “ဒါကတော့ လုပ်သင့်ပါတယ်။ အကြမ်းဖျင်းကတော့ ကျနော်တို့ဆီ တင်ပြရင်း လမ်းပိုင်း အခြေအနေတွေ လည်း သွားကြည့်ထားပြီးပြီ။ အစမှာတော့ ဒါက စီးပွားရေးအရ တွက်ချေ မကိုက်ဘူးပေါ့။ ရိုးရိုးရထားတောင် ရှုံးနေတာ လေ။ အဓိကတော့ ဖွံ့ဖြိုးရေး အတွက် လုပ်တာပေါ့။ လောလောဆယ် အရင်းကြေကာလတော့ အဝေးကြီး သွားမှာပေါ့” ဟု သုံးသပ် ပြောဆိုသည်။
You may also like these stories:
ဒေါက်တာအေးမောင်အမှု၏နောက်ဆုံးအယူခံပယ်ချခံရ
ICJ ကြားဖြတ်အစီအမံ ဆုံးဖြတ်ချက် ကျော်လွန်၍
ရန်ကုန် မိုးပျံလမ်းအပိုင်း ၁ ယခုနှစ်အတွင်း စမည်