၂၀၁၉ ခုနှစ်အတွင်း မန္တလေးတိုင်းသို့ လာရောက်လည်ပတ်ခဲ့သော တရုတ်ခရီးသွားဧည့်သည် ဝင်ရောက်နှုန်းမှာ ၂၀၁၈ ခုနှစ်ထက် ၄ ဆ ကျော် တိုးခဲ့ကြောင်း တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာနမှ ကောက်ယူထားသော မှတ်တမ်းများအရ သိရသည်။
“ဗီဇာ ဖြေလျှော့ပေးလိုက်တာကြောင့်ရယ်၊ စီးပွားရေး အခွင့်အလမ်းတွေ ပွင့်လာတာနဲ့အမျှ တရုတ်ခရီးသွား အများစု က မြန်မာကို ပိုစိတ်ဝင်စားလာတာရယ်ကြောင့် အခုလို တိုးလာတာလို့ ယူဆပါတယ်။” ဟု မန္တလေးတိုင်း ဒေသကြီး ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှုးဦးစန်းယုက ဧရာဝတီကို ပြောသည်။
၎င်းက “ခရီးသွား တိုးလာတာနဲ့ အမျှ အကောင်း၊ အဆိုးကတော့ တွဲနေတာဖြစ်လို့ Impact တော့ အနည်းအကျဉ်း ရှိနိုင်ပါတယ်။ ဒါပေမယ့် Tourism Industry တခုလုံးနဲ့ ခြုံကြည့်ရင်တော့ တရုတ်ခရီးသွားတွေ တိုးလာတာက အထောက်အပံ့ဖြစ်တယ်လို့ ပြောလို့ ရပါတယ်”ဟု ရှင်းပြသည်။
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ် အောက်တိုဘာမှ စတင်ကာ တရုတ် အပါအဝင် ဟောင်ကောင်၊ မကာအို၊ ဂျပန်နှင့် ကိုးရီးယား နိုင်ငံတို့အား ဆိုက်ရောက်ဗီဇာ ထုတ်ပေးခြင်း၊ ဗီဇာ ကင်းလွတ်ခွင့် သတ်မှတ်ခြင်း စသည့် ဗီဇာဖြေလျှော့မှုများ ပြုလုပ်ပေးခဲ့သည်။
ထိုသို့ ဗီဇာဖြေလျှော့ပြီးနောက် ၂၀၁၈ ခုနှစ်တွင် မန္တလေးတိုင်းအတွင်းသို့ တရုတ်ခရီးသည် ၈ သောင်းကျော် ဝင်ရောက်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင်မူ ဇန်နဝါရီမှ ဒီဇင်ဘာလအထိ ၃သိန်း ၇သောင်းကျော်အထိ ဝင်ရောက်နှုန်း တိုးလာသည်ဟု သိရသည်။
ကျောက်စိမ်းကို အဆောင်ရတနာအဖြစ် မက်မောခုံမင်သော တရုတ်လူမျိုးများသည် မြန်မာနိုင်ငံသို့ လာရောက်သည့် အခါ အထက်မြန်မာပြည်၏ ကျောက်စိမ်းဈေးကွက်ဖြစ်သော မန္တလေးမြို့ကို မဖြစ်မနေ လာရောက်လာကြပြီး ခရီးသွား အများစု လည်ပတ်လေ့ရှိသော နေရာများအပြင် ကျောက်စိမ်းဈေး၊ ကျောက်စိမ်းဆိုင်များကိုပါ သွားရောက် ဈေးဝယ်ကြသည်ဟု သိရသည်။
“အစိုးရအနေနဲ့ ထိန်းချုပ်နိုင်တာက အခွန်ကဏ္ဍပဲရှိမယ်။ ကျန်တာကျတော့ ဈေးကွက်အရ ရောင်းသူ၊ ဝယ်သူ အသံတူနေတဲ့ အခြေအနေကို အစိုးရက ဘယ်လို ဝင်ပါနိုင်မလဲ။ အဲဒီတော့ ခရီးသွားကဏ္ဍမှာ သက်ဆိုင်တဲ့ကဏ္ဍ အလိုက် ရသင့်တဲ့အခွန်အခတွေ ရနေလား၊ ဘယ်လို ယိုပေါက်တွေရှိလဲဆိုတာ စိစစ်ကြပ်မတ်ဖို့ လိုပါမယ်။ ဒါမှသာ ခရီးသွားကဏ္ဍ တခုလုံးအပေါ် တန်းတူအကျိုးရမှာပါ” ဟု မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က သုံးသပ်သည်။

အထူးသဖြင့် တရုတ်ခရီးသွားဧည့်သည်များ သိသိသာသာ တိုးလာသော်လည်း ဇီးရိုးဘတ်ဂျက် ခရီးသွား အစီအစဉ် များကြောင့် အိမ်ရှင်နိုင်ငံက ခရီးသွားကဏ္ဍမှ ရသင့်ရထိုက် အခွန်အခများ ဆုံးရှုံးခြင်း၊ သတ်မှတ်ထားသော စည်းမျဉ်း စည်းကမ်းများအား မလိုက်နာသော တရုတ်ခရီးသွားအချို့၏ အပြုအမူများကလည်း ဝိုင်းဝန်းအဖြေရှာရန် လိုအပ် သည်ဟု ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူများက ပြောကြသည်။
လက်ရှိ မန္တလေးလေဆိပ်တွင် ယခင်က မန္တလေးနှင့် တရုတ်သို့ ပျံသန်းသော လေကြောင်းလိုင်း ၄ ခုရှိခဲ့ရာမှ ယခုနှစ် အတွင်း လေကြောင်းလိုင်း ၁၉ လိုင်းအထိ ခရီးစဉ်များ တိုးချဲ့ ပျံသန်းလျက်ရှိသည်ဟုလည်း သိရ သည်။
တရုတ်နိုင်ငံရှိ ခရီးသွားကုမ္ပဏီအချို့က ပြည်တွင်းရှိ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတို့ကို ချိတ်ဆက်ကာ လိုင်စင်မရှိဘဲ ခရီးသွားကုမ္ပဏီ ဖွင့်လှစ်ပြီး ဈေးသက်သာသော ခရီးစဉ်များ စီစဉ်ခြင်း၊ ဟိုတယ်၊ စားသောက်ဆိုင်၊ ကျောက်မျက် ရတနာဆိုင်၊ ကားဝန်ဆောင်မှု စသည့်တို့တွင် ၎င်းတို့အချိတ်အဆက် ရှိသော ကွန်ရက်ဖြင့်သာ တရုတ်ခရီးသွားများ သွားလာခြင်းများ ရှိနေသည်။
ထို့ပြင် တရုတ်ဘာသာစကား ကျွမ်းကျင်သော အိမ်ရှင်နိုင်ငံမှ ဧည့်လမ်းညွှန်ကို ငှားရမ်းခြင်းထက် လုပ်ငန်းကျွမ်းကျင်မှု မရှိသေးသော ဧည့်လမ်းညွှန် အငယ်များအား အထိုင်ဂိုက်အဖြစ် ငှားရမ်းပြီး ခရီးစဉ် တခုလုံး တရုတ်ခရီးသွား ခေါင်းဆောင်ကသာ စီမံခြင်း စသည့်ကိစ္စများ ရှိနေသည်ဟုလည်း ပြည်တွင်း ခရီးသွားလုပ်ငန်းရှင်များက ထောက်ပြ ပြောဆိုကြသည်။
ဆက်လက်၍ ဦးနောင်းနောင်းဟန်က “Industry တခုလုံးကြည့်ရင် အနည်းနဲ့ အများ အကျိုး ဖြစ်ပါတယ်။ ဒါပေမယ့် တိုးလာတဲ့ ခရီးသွားအရေအတွက်နဲ့ သုံးနေတဲ့ပိုက်ဆံက ဈေးကွက်တခုလုံးကို ပြန့်နှံ့တာမျိုး မရှိဘဲ သူတို့ (တရုတ် နိုင်ငံ တိုးလ်ကုမ္ပဏီ)နဲ့ ချိတ်ဆက်ထားတဲ့ ပြည်တွင်း ခရီးသွားလုပ်ငန်း အနည်းစုလောက်ပဲ အကျိုးအမြတ် ရကြတယ်။ အဲဒီတော့ သူတို့နဲ့ အဆက်အစပ် မရှိတဲ့ Tour Operator တွေက အကျိုးစီးပွားထိခိုက်သလို ဧည့်လမ်းညွှန်တွေ ကျတော့လည်း ရသင့်ရထိုက်တဲ့ ဝန်ဆောင်ခ မရကြဘူး” ဟု ရှင်းပြသည်။

လတ်တလောတွင် 2019 Nova Coronavirus (2019-nCoV) ကြောင့် ဖြစ်ပွားသည့် အဆုတ်ရောင်ရောဂါကြောင့် တရုတ်နိုင်ငံ ဝူဟန်မြို့ အပါအဝင် မြို့ ၁၀ မြို့ခန့်မှာ ခရီးသွားလာ ဝင်ထွက်ခွင့် ပိတ်ပင်ထားသည်။ သို့ဖြစ်ရာ မန္တလေးမြို့သို့လည်း တရုတ်ခရီးသွား ဧည့်သည် ဝင်ရောက်မှုနှုန်းမှာ ယာယီအားဖြင့် လျော့သွားနိုင်သည့် အနေအ ထားတွင် ရှိသည်ဟု ပြောဆိုမှုများ ရှိသည်။
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း(မန္တလေးဇုန်) ဥက္ကဋ္ဌ ဦးမျိုးရီက “အခု အခြေအနေက လောလော လတ်လတ်မှ ဖြစ်လာတာဆိုတော့ ခရီးသွားလုပ်ငန်းအပေါ် ရိုက်ခတ်မှုရှိ၊ မရှိဆိုတာတော့ စောင့်ကြည့်ရဦးမယ်။ ဒါပေမယ့် ဒီကိစ္စကလည်း အမျိုးသားကျန်းမာရေးကိစ္စဖြစ်တော့ ဝူဟန်အပြင် တခြားပြည်နယ်တွေမှာပါ ဒီလိုကူးစက် ရောဂါအခြေအနေမျိုး ရှိနေရင်တော့ ကျန်းမာရေးဆိုင်ရာ တားမြစ်ချက်တွေ ရှိကောင်းရှိလာနိုင်သလို ယာယီတော့ တရုတ်ခရီးသွား လျော့သွားနိုင်တဲ့ သဘောမျိုးတော့ ရှိနိုင်ပါတယ်” ဟု ဧရာဝတီကိုပြောသည်။
လက်ရှိတွင် ကိုရိုနာဗိုင်းရပ်စ် အခြေအနေအား လာမည့် သီတင်းပတ်အထိ စောင့်ကြည့်ရန် လိုအပ်ပြီး အမျိုးသား ကျန်းမာရေးဆိုင်ရာ ကိစ္စများအား နှစ်နိုင်ငံတာဝန်ရှိသူများ၏ ဆွေးနွေးချက်ရလဒ်များ အပေါ် မူတည်လိမ့်မည်ဟု ၎င်းကဆိုသည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇန်နဝါရီမှ အောက်တိုဘာလအထိ မြန်မာနိုင်ငံသို့ လာရောက်သော တရုတ်ခရီးသွား ဧည့်သည် စုစုပေါင်း ၆ သိန်းကျော်ရှိခဲ့ရာ ရောက်ရှိခဲ့သော ခရီးသွားတို့၏ ၃ ပုံ၂ ပုံသည် မန္တလေးတိုင်းသို့ လာရောက်လည်ပတ်ခဲ့ကြသည်ဟု မန္တလေးတိုင်းအစိုးရအဖွဲ့မှ သိရသည်။
You may also like these stories:
ကယား၂ မြို့နယ် နိုင်ငံခြားသား အကန့်အသတ်မရှိ သွားလာနိုင်ရန် ဖြေလျှော့ပေး
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိုင်းနဲ့ မြန်မာကို လာရောက်တဲ့ တရုတ်ခရီးသွားများအား စောင့်ကြည့်နေရ