ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကင်းတောင် မွတ်ဆလင်ရွာထဲသို့ ဇန်နဝါရီလ ၂၄ ရက်နေ့ ညအချိန်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသည့်အတွက် မွတ်ဆလင် အမျိုးသမီး ၂ ဦး သေဆုံးကာ ၇ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်း ရရှိသည်။
သေဆုံးသွားသူ မွတ်ဆလင် အမျိုးသမီး ၂ ဦးမှာ အသက် ၁၈ နှစ်အရွယ် အမျိုးသမီးငယ် ၁ ဦးနှင့် အသက် ၂၅ နှစ်အရွယ် ကလေးမိခင် ၁ ဦးတို့ ဖြစ်ကြောင်း ဘူသီးတောင်မြို့နယ် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှရွှေက ပြောသည်။
ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှရွှေ က “အမျိုးသမီး ၂ ယောက်သေတယ်။ တယောက်က ပွဲချင်းပြီးသေတယ်။ နောက်တယောက်ကတော့ ဆေးရုံကို ယူလာတဲ့ လမ်းမှာ ဆုံးတယ်။ ကျနော်တို့ သိသလောက်ကတော့ တိုက်ပွဲဖြစ်ကြတဲ့အခါ လှမ်းပစ်လို့ ရွာကို လာကျတဲ့သဘောပေ့ါ” ဟု ဧရာဝတီသို့ ပြောသည်။
ကင်းတောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့ဝင် တဦးကလည်း ဒဏ်ရာ ရရှိသူ မွတ်ဆလင်ရွာသား ၇ ဦးကို ယနေ့ နံနက် ၃ နာရီကတည်းက ဘူးသီးတောင်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ပြောသည်။
“သူတို့က အိမ်မှာ အိပ်နေကြတဲ့အချိန် မနေ့ညမှာ ရွာကိုလက်နက်ကြီး လာကျတာလို့ ပြောတယ်။ ဘယ်က ပစ်တယ်ဆိုတာ သေချာတော့ ကျနော်တို့လည်း မသိဘူး။ သူတို့ရွာသားတွေ ပြောတာ က ၅၅၁ တပ်ကနေ လက်နက်ကြီး ၃ လုံးပစ်တာမှာ ၁ လုံး လာကျတာလို့တော့ပြောတယ်” ဟု အဆိုပါပုဂ္ဂိုလ်က ဧရာဝတီသို့ ပြောသည်။
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ ၎င်းမြို့နယ် အတွင်းက ဖုံညိုလိပ်တံတားကို မိုင်းခွဲဖျက်ဆီးမည်ဆိုသည့် သတင်းကြောင့် တပ်မတော်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး လုံခြုံရေးယူထားကြောင်း၊ ထိုလုံခြုံရေး တပ်ဖွဲ့ဝင်များကို ယမန်နေ့ ည ၁ နာရီအချိန် ခန့်က AA အဖွဲ့ကနေ လာရောက် ပစ်ခတ်ခဲ့သည့် အတွက် အပြန်အလှန်ပစ်ခတ်မှု ရှိခဲ့ကြောင်း ပြောသည်။
ဗိုလ်မှူးကြီး ဝင်းဇော်ဦး က “ဖုံညိုလိပ်တံတားမှာ ကျနော်တို့တပ်နဲ့ ရဲ ပူးပေါင်းပြီးတော့ လုံခြုံရေး ယူနေ တာရှိတယ်။ အဲဒါကို AA ကနေပြီးတော့ ခဏ ခဏ လာပစ်၊ အကြိမ်ပေါင်း မနည်းတော့ဘူး။ မနေ့က ည ၁ နာရီလောက်မှာ လာပစ်။ အဲဒီမှာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်တာရှိတယ်။ ကင်းတောင်ရွာက တံတား အနောက်ဘက်ခြမ်းမှာ ရှိတယ်။ ကျနော်တို့ တပ်ဖွဲ့ကလည်း အနောက်ဘက်မှာ ရှိတယ်။ ကျနော်တို့ ပစ်လို့ အဲဒီရွာကို ဘယ်လို လုပ်ကျမှာလည်း အရပ်မျက်နှာလည်း တခြားစီ” ဟု ဧရာဝတီသို့ ပြောသည်။
တပ်မတော်က ပစ်ခတ်သည့် ကျည်လမ်းကြောင်းမှာ အရှေ့မြောက် အရပ်ကိုသာ ပစ်ခတ်ခြင်း ဖြစ်သည့်အတွက် အရပ်မျက်နှာ တဘက်တည်းတွင် ရှိသည့် ကင်းတောင်ရွာထဲသို့ ကျည်ဆန် ကျရောက်စရာ မရှိသည့်အတွက် AA တပ်ဖွဲ့ဝင်များ ပစ်ခတ်လိုက်သည့် ကျည်ကျရောက်ခြင်းသာ ဖြစ်နိုင်ကြောင်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ဆက်လက်ပြောကြားသည်။
AA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကတော့ အဆိုပါ ကျေးရွာအနီးတွင် ၎င်းတို့ တပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲဖြစ်ပွားခြင်း လုံးဝမရှိဘဲ စိုင်းဒင် တံတားအနီးတွင် နေရယူထားသည့် တပ်မတော် စစ်ကြောင်းတခုက ထိုသို့ တဖက်သတ် လှမ်းပစ်ခြင်း၍ ရွာထဲသို့ ကျရောက်ခြင်း ဖြစ်ကြောင်း ပြောသည်။
ဦးခိုင်သုခ က “ကျနော်တို့က ရက္ခိုင့်တပ်တော်အနေနဲ့ ပြည်သူတွေကို ပစ်စရာအကြောင်း ဘာမှ မရှိဘူး။ ဗမာ စစ်တပ်ဘက်က သူတို့ စစ်ရာဇဝတ်မှု ကျူးလွန်တိုင်း သူတို့ လုပ်တာကို ဖုံးကွယ်ဖို့ အတွက် ကျနော်တို့ကို ထိုးချတာရှိတယ်။ သူတို့က ဘယ်သူ သေသေ၊ ရခိုင်ပြည်က ပြည်သူတွေ သေရင်ပြီးရော ဆိုပြီးတော့ လူမျိုးဘာသာ မရွေး၊ လျှောက်ပြီး ရတော့ ပစ်နေတာ ဖြစ်တယ်။ အကောင်းဆုံးကတော့ အပစ်ခံရတဲ့ ရွာသားတွေကို မေးကြည့်လိုက်ပေါ့။ ဘယ်သူ ပစ်တာလဲ၊ သူတို့ရွာအနားမှာ ဘယ်စစ်တပ် ရှိသလဲဆိုတာ သူတို့ အသိဆုံးပဲ” ဟု ဧရာဝတီသို့ ပြောသည်။
ယခုကဲ့သို့ ဖြစ်ရပ်များသည် တရုတ်သမ္မတ ရှီကျင့်ဖျင် ပြန်သွားပြီး တပတ်ကျော်အကြာတွင် ပြန်ဖြစ်ကြသော ပစ်ခတ်မှုများ ဖြစ်သည်။ တရုတ်သမ္မတ ရှီကျင့်ဖျင်၏ မြန်မာပြည် ခရီးစဉ် ကာလက ရခိုင်ပြည်နယ် အပါအဝင် တရုတ်မြန်မာ နယ်စပ်တလျှောက်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း မရှိပါ။
ယခုလ ဇန်နဝါရီလ ၇ ရက်နေ့က ဘူးသီးတောင်မြို့နယ်၊ ကျောက်ရန်ကျေးရွာအုပ်စု၊ ထိပ်ထူးပေါက် မွတ်ဆလင် ကျေးရွာသားများမှာ ကျေးရွာအနီးရှိ တောင်ပေါ်သို့ ထင်းခုတ်ရန် သွားရောက်စဉ် မိုင်းပေါက်ကွဲမှု တခုဖြစ်ပွားခဲ့သည့်အတွက် ကလေးငယ် ၄ ဦး သေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
You may also like these stories:
ရခိုင်တိုက်ပွဲ ဘယ်လို ရပ်တန့်နိုင်မလဲ
ရခိုင်တိုက်ပွဲများ ရဟတ်ယာဉ်သုံး တိုက်ရသည်အထိ ပိုပြင်းထန်လာ
ရခိုင် စစ်ဘေးရှောင် ကလေးငယ် ၂သောင်းခန့် ပညာသင်ကြားရန် အခက်အခဲဖြစ်နေ