ချင်းပြည်နယ် ပလက်ဝမြို့နယ် ရှင်းလက်ဝရွာမှ မတရားအသင်းဆက်သွယ်မှုဖြင့် တရားစွဲခံထားရသော ရွာသား ၁၃ ဦးကို ယမန်နေ့ ဇန်နဝါရီလ ၂၄ ရက်နေ့က စစ်တွေမြို့နယ် တရားရုံးမှ စွဲချက်မတင်မီ လွှတ်ပေးလိုက်ကြောင်း သတင်း ရရှိသည်။
အဆိုပါ အမှုမှလွတ်မြောက်လာသူများမှာ ရှင်လက်ဝရွာသား ၁၁ ဦးနှင့် ကျောက်တော်မြို့ပေါ်မှ ဦးသန်းစိုးတို့ ဇနီးမောင်နှံ ၂ ဦး တို့ ဖြစ်ကြောင်း အမှုအား လိုက်ပါဆောင် ရွက်သူ ရှေ့နေ ဦးထွန်းလှက ပြောသည်။
ရှေ့နေဦးထွန်းလှ “ မနေ့က ရှင်းလက်ဝက ရွာသားတွေကို တရားရုံးက စွဲချက်မတင်မီ လွတ်ပေးလိုက်ပါတယ်။ အမှုကို လည်း မှားယွင်းစွဲဆိုမှု ဖြစ်တယ်ဆိုပြီး ရုံးက အမိန့်ချမှတ်ပါတယ် ” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ရွာသား ၁၃ ဦးအမှုကို ကျောက်တော်အခြစိုက် အမှတ် ( ၃၇၅ ) တပ်ရင်းမှ ဗိုလ်မှူး နိုင်အောင်ဖြိုးက တရားလို လုပ်ကာ တရားစွဲဆိုခဲခြင်း ဖြစ်ပြီး တရားလိုနှင့် တရားလို ပြသက် သေ ၁၀ ဦးကို တရားရုံးတော်၌ စစ်ဆေးခဲ့ကြောင်းလည်း သိရသည်။
အမှုမှလွတ်မြောက်လာသူ ရှင်းလက်ဝကျေးရွာသား ဦးမောင်စောလှိုင်က “အမှုနဲ့ ပတ်သက်ပြီး ကျနော်ဘာမှတော့ မပြော ချင်ဘူး။ ကျနော်တို့ ဖြစ်ချင်တာက ကိုယ့်ရပ်၊ ကိုယ့်ရွာမှာ အေးအေးဆေးဆေး လုပ်ကိုင်စားသောက်ချင်တယ်။ အခု အခြေ အနေရတော့ ကျနော်တို့ ရွာပြန်ရင်လည်း လုံခြုံမယ့် အနေအထား မရှိဘူး။ အခု ရွာလည်း မပြန်ရဲဘူး။ မြို့ပေါ်မှာပဲ ကျနော် တို့ မိသားစု အလုပ်တခုခု ရှာပြီး လုပ်ကိုင်စားသောက်မယ်လို့ စဉ်းစားထားတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ်အတွင်း တပ်မတော်နှင့် AA အဖွဲ့တို့၏ တိုက်ပွဲများကြောင့် ရှင်းလက်ဝ ကျေးရွာသား ၂၄ ဦးသည် ပြီးခဲ့သည့်နှစ် ဇန်နဝါရီလအတွင်းက ကျောက်တော်မြို့ပေါ်သို့ ခေတ္တတိမ်းရှောင်လာခဲ့ရာ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့နှင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ထံတွင် တရားဝင် အကြောင်းကာ ဦးသန်းစိုးတို့ ဇနီးမောင်နှံအိမ်တွင် တည်းခိုနေထိုင်ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ရှင်းလက်ဝ ရွာသားများက ဆိုသည်။
သို့သော်လည်း ဖေဖော်ဝါရီလ ၄ ရက်နေ့ မနက်ပိုင်းတွင် ၎င်း ၂၄ ဦးနှင့်အတူ အိမ်ရှင်လင်မယား ၂ ဦးတို့ ကိုပါ ရခိုင် စစ်တပ် ( AA ) ပတ်သက်ဆက်နွယ်မှု ရှိသည်ဟုဆိုကာ အာဏာပိုင်များက မတရား အသင်းဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇ (၁) ၊ ၁၇ ( ၂ ) တို့ဖြင့် ဖမ်းဆီးတရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
ထိုသို့ အမျိုးသမီး ၁ ဦး အပါအဝင် အရပ်သား ၂၆ ဦး ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးခဲ့ စဉ်ကာလအတွင်းက အရပ်သား ၁၃ ဦးကို အာမခံဖြင့် ပြန်လွတ်ပေးခဲ့ပြီး ကျန် ၁၃ ဦးကို ကျောက်တော်အခြေစိုက် အမှတ် ( ၃၇၅ ) တပ်ရင်းမှ ဗိုလ်မှူး နိုင်အောင်ဖြိုးက တရားလိုလုပ်ကာ တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းလည်း ဖြစ်သည်။
You may also like these stories:
ကျောက်တော်တွင် ရခိုင်တိုင်းရင်းသား ၂၆ ဦး ဖမ်းဆီးခံရ
ဖမ်းဆီးခံ ရခိုင်တိုင်းရင်းသား ၂၅ ဦးကို ရဲအထူးအမှုစစ် အဖွဲ့ဖြင့် စစ်ဆေးနေ