ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဆင်မကြိုးဝိုင်းအတွင်း၌ အရေခွံနှင့် နှာမောင်းဖြတ်ယူခြင်း ခံထားရသည့် အသက် ၂၈ နှစ်အရွယ် တောဆင်ရိုင်း အမတကောင်ကို ဒေသအုပ်ချုပ်ရေး တာဝန်ရှိသူများနှင့် သစ်တောဌာနတို့က ယမန်နေ့က တွေ့ရှိခဲ့သည်။
ပုသိမ် – မော်တင်ကားလမ်း၊ မိုင်တိုင် (၄၁/၄) အနီးရှိ ဆင်မကြိုးဝိုင်းအတွင်း တောဆင်ရိုင်းများ ပြေးလွှားနေကြောင်း ဒေသခံများ၏ သတင်းပို့ချက်အရ ရဲတပ်ဖွဲ့၊ သစ်တောဌာန၊ သစ်တောရဲတပ်ဖွဲ့နှင့် ဒေသအုပ်ချုပ်ရေး တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ရာ ဆင်သတ်မုဆိုးများ လက်ချက်ဖြင့် သေဆုံး နေသည့်တောဆင်ရိုင်းကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေ က “တောဆင်ရိုင်းက ဆင်သတ်မုဆိုးတွေရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့တာ ဖြစ်ပါတယ်။ ပူးပေါင်းအဖွဲ့တွေ ကွင်းဆင်းချိန်မှာ ဆင်သတ်တရားခံတွေ ထွက်ပြေးသွားတဲ့အတွက် တရားခံများ ဖမ်းဆီးရမိရေးကို ရဲတပ်ဖွဲ့ အနေနဲ့ ဆက်လက် ဆောင်ရွက်နေပါတယ်” ဟု ဧရာဝတီကို ပြောသည်။
သေဆုံးနေသည့် တောဆင်ရိုင်းမှာ အမြင့် ၇ ပေ ၆ လက်မ၊ အလျား ၇ ပေ၊ အသက် ၂၈ နှစ် (ခန့်မှန်း) အရွယ်ခန့်ရှိသည့် တောဆင်ရိုင်းအမ ဖြစ်ပြီး ခန္ဓာကိုယ် ဘယ်ဘက်ပိုင်းတွင် မြှားဒဏ်ရာတွေ့ရှိရကာ တစောင်း အနေအထားဖြင့် လဲကျသေဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တောဆင်ရိုင်းမှာ ဆင်သတ်မုဆိုးများ၏ အဆိပ်လူးမြှားဖြင့် ပစ်သတ်သတ်ဖြတ်မှုကြောင့် သေဆုံးရခြင်း ဖြစ်ကြောင်း သစ်တောဌာနမှ ဆင်ဆရာဝန်က မှတ်ချက်ပြုထားပြီး ဆင်သေ၏ နှာမောင်းနှင့် အရေပြားများအား ခွာယူထားသည်ကို တွေ့ရှိရကြောင်း ရဲမှတ်တမ်းအရ သိရသည်။
တောဆင်ရိုင်း ထိမ်းသိမ်းကာကွယ်ရေး သူရဲကောင်းဆုရှင် တင်းချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်ထွန်း က “ဒေသခံတွေ သတင်းပေးချက်အရ ကျနော်တို့ ပူးပေါင်းအဖွဲ့တွေ ကွင်းဆင်းခဲ့တယ်။ ဆင်သတ် မုဆိုးတွေက ဆင်ကိုအရေခွံခွာပြီး သယ်ဖို့ပြင်ဆင်နေချိန်မှာ ကျနော်တို့အဖွဲ့ကိုလည်းတွေ့ရော ချက်ခြင်း ပစ္စည်းတွေ ထားပြီး တောထဲ ထွက်ပြေးသွားတယ်။ တောဆင်ရိုင်းတွေ အသတ်မခံရအောင် ကျနော်တို့လည်း အတတ်နိုင်ဆုံး ကြိုးစား လုပ်ဆောင်နေတဲ့ အချိန်မှာပဲ အခုလို ဆင်သတ်ခံရမှုတွေဖြစ်တော့ ကျနော်တို့ စိတ်မကောင်းဖြစ်ရတယ်”ဟု
ပြောသည်။
ထွက်ပြေးလွတ်မြောက်နေသည့် ဆင်သတ်မုဆိုးများကို ဖမ်းဆီးရမိရေးအတွက် နယ်မြေခံရဲတပ်ဖွဲ့၊ သစ်တော ရဲတပ်ဖွဲ့နှင့် ဒေသအုပ်ချုပ်ရေး တာဝန်ရှိသူများပါဝင်သည့် ပူးပေါင်းအဖွဲ့များဖြင့် ဆင်မကြိုးဝိုင်းနှင့် မဲဇလီ သစ်တော ကြိုးဝိုင်းများအတွင်း တောနင်းရှာဖွေနေကြောင်း သိရသည်။
ဆင်မကြိုးဝိုင်းအတွင်း တွေ့ရှိရသည့် ဆင်သေမှာ ဧရာဝတီတိုင်းဒေသကြီးတွင် ၂၀၂၀ ခုနှစ်အတွင်း ပထမဆုံး သတ်ဖြတ်ခြင်းခံရသည့် တောဆင်ရိုင်းဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်အတွင်း ဧရာဝတီတိုင်း၌ တောဆင်ရိုင်း ၆ ကောင် သေဆုံးခဲ့သည်။ သေဆုံးခဲ့သည့် တောဆင်ရိုင်းများအနက် ၄ ကောင်မှာ ဆင်သတ်မုဆိုးများ
သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်ပြီး တောဆင်ရိုင်း ၂ ကောင်မှာ ရောဂါဖြင့် သေဆုံးခဲ့ကြောင်း ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး စာရင်းများအရ သိရသည်။
ဆင်၏အရေပြားကို ဆေးဖော်စပ်ထုတ်လုပ်ရန်အတွက် တရုတ်နိုင်ငံသို့ အဓိကတင်ပို့ ရောင်းချကြပြီး အဆိုပါ ဈေးကွက် ဝယ်လိုအားရှိနေသည့်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်အတွင်းရှိ ပုသိမ်၊ ငပုတောနှင့်
သာပေါင်းမြို့နယ်များမှ တောဆင်ရိုင်းများကို ဆင်သတ်မုဆိုးများက အမဲလိုက်သတ်ဖြတ်နေကြခြင်း ဖြစ်သည်။
ဆင်သတ်မုဆိုးများ၏ သတ်ဖြတ်မှုကြောင့် မြန်မာနိုင်ငံတွင် တောဆင်ရိုင်းအကောင်ရေ တဖြည်းဖြည်း လျော့နည်း လာကာ မျိုးသုဉ်းပျောက်ကွယ်မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရပြီး လက်ရှိတွင် မြန်မာတနိုင်ငံလုံး၌ တောဆင်ရိုင်း အကောင်ရေ ၁၆၀၀ မှ ၂၀၀၀ ကြားသာ ကျန်ရှိတော့ကြောင်း သစ်တောနှင့်သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေး ဝန်ကြီးဌာနစာရင်းများအရ သိရသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် ၂၀၁၇ ခုနှစ်အတွင်း တောဆင်ရိုင်း ၁၆ ကောင် သတ်ဖြတ်ခံခဲ့ရပြီး ၂၀၁၈ ခုနှစ် အတွင်း၌ တောဆင်ရိုင်း ၈ ကောင် သတ်ဖြတ်ခြင်း ခံခဲ့ရသည်။ ဒေသအုပ်ချုပ်ရေး တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့နှင့် တောရိုင်းတိရိစ္ဆာန်ကာကွယ်စောင့်ရှောက်ရေး အရပ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းကြိုးပမ်းမှုကြောင့် ဧရာဝတီတိုင်း၌ ဆင်သတ်ခံရမှုများ တဖြည်းဖြည်း လျော့ကျလာနေသော်လည်း လုံးဝရပ်တန့်သွားခြင်းမရှိဘဲ ဆက်လက်ဖြစ်ပွား နေဆဲ ဖြစ်သည်။
You may also like these stories:
မတရားအသင်းပုဒ်မဖြင့် တရားစွဲခံ ရှင်းလက်ဝ ရွာသား ၁၃ ဦး စွဲချက်မတင်မီ လွတ်မြောက်
ဘူးသီးတောင် မွတ်ဆလင်ရွာကို လက်နက်ကြီးကျ ၂ ဦးသေ၊ ၇ ဦး ဒဏ်ရာရ