ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှု ဖြစ်ပွားပြီးနောက် သားရဲတိရစ္ဆာန် ရောင်းဝယ်မှုကို တရုတ်နိုင်ငံတွင် ပိတ်ပင်လိုက်ကြောင်း တရုတ်စိုက်ပျိုးရေး ဝန်ကြီးဌာနက ကြေညာသည်။
သားရဲတိရစ္ဆာန်များ စားသုံးခြင်းကြောင့် ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသည်ဟု ယုံကြည်သည့် အတွက် စိုက်ပျိုးရေး ဝန်ကြီးဌာနသည် ဈေးများ၊ ဆူပါမားကက်များ၊ စားသောက်ဆိုင်များနှင့် အွန်လိုင်းမှနေ၍ သားရဲတိရစ္ဆာန် အသေသို့ မဟုတ် အရှင်ရောင်းချခြင်းသာမက သယ်ယူပို့ဆောင်ခြင်းကိုပါ ပိတ်ပင်လိုက်ခြင်းဖြစ်သည်။
ထို့အပြင် တိရစ္ဆာန်များ မွေးမြူသည့် နေရာများ အားလုံးကိုလည်း ရောဂါ မကူးစက်စေရေးအတွက် သီးခြား ပိတ်ပင်ထားရန် လည်း အမိန့်ထုတ်ပြန်ထားကြောင်း ယင်းကြေညာချက်တွင် ဖော်ပြထားသည်။
လက်ရှိအချိန်တွင် ကိုရိုနာ ဗိုင်းရပ်စ်ဟု အမည်ပေးထားသည့် အဆုတ်ရောင် ရောဂါဆန်းကြောင့် တရုတ်နိုင်ငံတွင် သေဆုံး သူ ၈၀ ဦး၊ ကူးစက်ခံရသူများမှာ ၂၀၀၀ ကျော်ရှိပြီး၊ အမေရိကန်နိုင်ငံတွင် ရောဂါဖြစ်ပွားသူ ၅ဦးတွေ့ရှိခဲ့သည်။
ကိုရိုနားဗိုင်းရပ် စတင်သည့်နေရမှာ စက်မှုမြို့ ဖြစ်သည့် ဝူဟန် ပင်လယ်စာဈေးနှစ်ဈေးမှ စတင်သည်ဟု ယူဆပြီးထိုဗိုင်းရပ် သည် တုတ်ကွေးနှင့် တူသောရောဂါလက္ခဏာများကို ဖြစ်စေပြီး လူလူချင်းကူးစက်နိုင်သည်။
လူသားများသို့ ကူးစက်စေသော တိရစ္ဆာန်မျိုးစိတ် အတိအကျကို ဖေါ်ထုတ်နိုင်ခြင်းမရှိသေးဘဲ လင်းနို့များနှင့် မြွေများ ဖြစ်ဖွယ်ရှိသည်ဟုသာ လတ်တလောကောက်ချက်ချထားသည်။
ပြီးခဲ့သည့် အင်္ဂါနေ့အစောပိုင်းကမူ အထက်ပါ ဝန်ကြီးဌာနသည် ဝူဟန်ကိုအဓိကထားပြီး သားရိုင်းတိရစ္ဆာန်များကို ထိန်းချုပ်လိုက်သော်လည်း တနိုင်ငံလုံးတွင်ပိတ်ပင်ခြင်းမရှိပေ။ သားရိုင်းတိရစ္ဆာန်ပါဝင်သော ဟင်းလျှာများသည် ခံတွင်းတွေ့စေသည်ဟု တရုတ်နိုင်ငံအနှံ့အပြားတွင် ယုံကြည်ကြသည်။
ထိုသို့စားသုံးခြင်းကို ဘေ့ဂျင်းကဲ့သို့သော မြို့ကြီးများတွင် လက်ခံခြင်းမရှိတော့သော်လည်း အခြားပြည်နယ်များတွင် နှိုင်းယှဉ်ချက်အားဖြင့် ဝယ်လိုအားမြင့်မားနေဆဲဖြစ်သည်။
သားရိုင်းတိရစ္ဆာန်များကို စားသုံးခြင်းသည် မှောင်ခိုကူးခြင်းကို အားပေးသောကြောင့် ဇီဝမျိုးကွဲမျိုးစုံအတွက် ဆိုးကျိုးဖြစ် စေသည်ဟု သားရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးသမားများက ပြောသည်။ လိုင်စင်ချထားပေးခြင်းနှင့် ပတ်သက်သည့် စည်း မျဉ်းများ၊ သက်ရှိ သတ္တဝါရောင်းဝယ်မှု တားမြစ်ချက်များနှင့် အခြားကန့်သတ်ချက်များကို ကုန်သည်များက အကြီးအကျယ် လျစ်လျှူရှုသောကြောင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာပြဿနာများလည်း ရှိနေသည်။
၂၀၀၂-၂၀၀၃ SARS ရောဂါဖြစ်ပွားပြီးနောက် ထိုသို့သော သားရိုင်းတိရစ္ဆာန် စားသုံးမှုကို ကိုင်တွယ်ရန်ပျက်ကွက်သော ကြောင့် တရုတ်အစိုးရသည် ဝေဖန်ခံနေရသည်။ ထိုရောဂါသည်လည်း နိုင်ငံတောင်ပိုင်း ကွမ်ကျိုးတွင် သားရိုင်းတိရိစ္ဆာန် စား သုံးရာမှ စတင်ဖြစ်ပွာခြင်းဖြစ်ကြောင်း ခြေရာခံမိသည်။ ထိုရောဂါသည် နိုင်ငံ ၁၇ နိုင်ငံမှ လူ ၈၀၀၀ ကျော်ကိုကူးစက်ပြီး ၎င်းတို့အနက် ၈၀၀ ခန့်သေဆုံးစေသည်။
ထို ဗိုင်းရပ်သစ် ကူးစက်မှုကို ထိန်းချုပ်ရန် တရုတ်အစိုးရက အကြီးအကျယ်လုပ်ဆောင်နေသည်။ လူဦးရေ ၁၁ သန်းရှိ သော ဝူဟန် ကို သီးခြားပိတ်ဆို့ထားပြီး ဟူဘေးပြည်နယ်တခုလုံးတွင် ခရီးသွားလာခွင့် ပိတ်ပင်ထားသည်။
You may also like these stories:
ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် ဟောင်ကောင် Disneyland နဲ့ Ocean Park ပိတ်ထားရ
ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ် မြို့ကြီး ၁၃ မြို့မှ လူ ၃၅ သန်းကို ခရီးသွားခွင့် ပိတ်ထားရ
မြန်မာတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ မရှိသေးဟု ကျန်းမာရေး ဝန်ကြီးဌာန အတည်ပြု