တရုတ်အစိုးရသည် ဖြစ်ပေါ်နေသော အကျပ်အတည်းကို အလေးအနက် မည်သို့တုန့်ပြန်သည်ကို ပြသရန်အတွက် ဝန်ကြီးချုပ် လီခါချောင်သည် ဇန်နဝါရီလ ၂၇ ရက်နေ့က ကိုရိုနာဗိုင်းရပ်ပိုးသစ် ကူးစက်ခံ ရသည့် အဓိကနေရာဖြစ်သော ဝူဟန်သို့ သွားရောက်ခဲ့သည်။ ထိုဗိုင်းရပ်ပိုးသစ်ကြောင့် လူ ၈၀ သေဆုံးပြီး ကူးစက်ခံရသူ ၂၇၀၀ ကျော်ရှိပြီဖြစ်သည်။
ဝူဟန်အပါအဝင် ဟူဘေးပြည်နယ်တွင် တုပ်ကွေးနှင့်တူသော ထိုဗိုင်းရပ်ကြောင့် သေဆုံးသူ အရေအတွက်မှာ ၅၆ ဦးမှ ၇၆ ဦးသို့ ညတွင်းချင်း တက်သွားခဲ့ကြောင်း၊ တရုတ်နိုင်ငံအခြားနေရာများတွင် လေးဦး သေဆုံးကြောင်း ကျန်းမာရေးကော်မရှင် အရာရှိများက ပြောသည်။
ဝူဟန်မှ ဘာသာရေးနှင့်လူမျိုးစုရေးရာဌာန ညွှန်ကြားရေးမှူး ဝေါင်ရှန်လျှောင်သည် ကိုရိုနာဗိုင်းရပ်ကူးစက်မှုကြောင့် သေဆုံးသော ပထမဆုံး အစိုးရအရာရှိဖြစ်လာကြောင်း တရုတ်ဘဏ္ဍာရေး သတင်းဌာန Caixin က ဖော်ပြသည်။ သူသည် ဇန်နဝါရီလ ၂၆ ရက်နေ့က သေဆုံးခြင်းဖြစ်သည်။
အခြားနိုင်ငံ ဆယ်နိုင်ငံကျော်တွင် ထိုရောဂါကူးစက်မှု အနည်းငယ်ဖြစ်ပွားခဲ့သော်လည်း အသက် သေဆုံးခြင်း မရှိသေးပေ။
တရုတ်နိုင်ငံတွင်း ရောဂါကူးစက်မှုသည် ၃၀ ရာခိုင်နှုန်းတိုးလာပြီး လူ ၂၇၄၄ ဦးကိုကူးစက်ကာ ၎င်းတို့အနက် ထက်ဝက်မှာ ဟူဘေး ပြည်နယ်တွင်ဖြစ်သည်။
ရောဂါပိုးကူးစက်ချိန် နောက်ပိုင်း ဝူဟန်သို့ လာရောက်သူများတွင် ရာထူးအမြင့်ဆုံးဖြစ်သော လီသည် ကူးစက်ရောဂါ ထိန်းချုပ်ရေး အားထုတ်မှုများကို စစ်ဆေးပြီး လူနာများ၊ ဆေးဝန်ထမ်းများနှင့် တွေ့ဆုံ စကားပြောဆိုခဲ့ကြောင်း တရုတ်အစိုးရ၏ ကြေညာချက်တစောင်အရ သိရသည်။
ဗိုင်းရပ်ပိုးကူးစက်မှု နှေးကွေးသွားစေရန်အတွက် ရက်သတ္တပတ် ရှည်ကြာသည့် နှစ်သစ်ကူး အားလပ်ရက်ကို သုံးရက်တိုးပြီ ဖေဖော်ဝါရီလ ၂ ရက်နေ့အထိ သတ်မှတ်ကြောင်း တရုတ်အစိုးရက တနင်္ဂနွေနေ့တွင်ကြေညာသည်။
နှစ်သစ်ကူး အားလပ်ရက်သည် ထုံးစံအားဖြင့် တရုတ်လူမျိုး သန်းပေါင်းများစွာတို့ ခရီးသွားသောကာလ ဖြစ်သော်လည်း ဗိုင်းရပ်နှင့် ပတ်သက်သည့် ခရီးသွားလာမှု ကန့်သတ်ချက်များကြောင့် အားလပ်ရက် ခရီးသွားအစီအစဉ်များကို ဆိုင်းငံ့ခဲ့ ရသည်။
ဝူဟန်မြို့ ပိတ်ဆို့ထားပြီးဖြစ်ကာ တင်းကျပ်သောသွားလာမှု ကန့်သတ်ချက်များကိုလည်း တရုတ်နိုင်ငံ အခြားမြို့ကြီးများတွင် ချမှတ်ထားပြီးဖြစ်သည်။
လူဦးရေ ၁၁ သန်းရှိသော တရုတ်နိုင်ငံအလယ်ပိုင်း မြို့ကြီးဖြစ်သည့် ဝူဟန်တွင် ထပ်မံကန့်သတ်ချက်များကို တနင်္လာနေ့က ထုတ်ပြန်ခဲ့ပြီး တရုတ်နိုင်ငံသားများ အတွက် ပြည်ဝင်ခွင့်နှင့် နိုင်ငံကူးလက်မှတ် ဝန်ဆောင်မှုများကို ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ဆိုင်းငံ့ ထားမည်ဟု ကြေညာသည်။
ထိုသို့ပိတ်ပင်ထားသော်လည်း ဝူဟန် မြို့သား ၅ သန်းသည် အားလပ်ရက်နှင့် အခြား အကြောင်းများကြောင့် မြို့မှထွက်ခွာသွားပြီး ဖြစ်ကြောင်း ဝူဟန်မြို့တော်ဝန်က တနင်္ဂနွေနေ့တွင်ပြောသည်။
ဆေးရုံ စင်္ကြန်တွင် ရောဂါကုသမှု ခံယူမည့်သူများနှင့် ပြည့်ကျပ်နေသည့် ဝူဟန်မှ ဓာတ်ပုံများသည် တရုတ် လူမှုကွန်ရက်တွင် ပျံ့နှံ့နေပြီး ဟင်းသီးဟင်းရွက်ကဲ့သို့ အခြေခံစားကုန်များ ဈေးနှုန်းမြင့်တက်သောကြောင့် မကျေနပ်မှု များလည်း များပြားနေသည်။
ပြင်းထန်သော အသက်ရှူလမ်းကြောင်း ရောဂါဖြစ်သည့် SARS ကို ဖုံးကွယ်ထားခဲ့သောကြောင့် လူထုယုံကြည်မှု ကင်းမဲ့ခံရပြီးနောက် အကျပ်အတည်းကို ကိုင်တွယ်ရာတွင် ပွင့်လင်းမြင်သာမှုရှိရန် တရုတ်ခေါင်းဆောင်များက တောင်းဆိုသည်။ SARS ရောဂါသည် ကိုရိုနာဗိုင်းရပ်ကြောင့် တရုတ်နိုင်ငံမှ စတင်ဖြစ်ပွားပြီး ၂၀၀၂ နှင့် ၂၀၀၃ ခုနှစ်များအတွင်း ကမ္ဘာတဝှမ်း လူ ၈၀၀ နီးပါး သေဆုံးစေသည်။
ယခုအသစ်တွေ့ရှိသော ကိုရိုနာဗိုင်းရပ်နှင့် ပတ်သက်ပြီး မည်မျှ အန္တရာယ်ကြီးသည် မည်မျှ ပျံ့နှံ့လွယ်သည် စသည်တို့ကို အနည်းငယ်သာ သိရသေးသောကြောင့် တုန်လှုပ်မှုများ ဖြစ်စေခဲ့သည်။ ၎င်းသည် နမိုးနီးယား ရောဂါကို ဖြစ်စေပြီး ထိုရောဂါသည် အချို့ဖြစ်ပွားမှုများတွင် အသက်ဆုံးရှုံးစေသည်။
ပိုးပေါက်ဖွားသည့်အချိန်မှစ၍ ၁ ရက်မှ ၁၄ ရက်အထိကြာနိုင်ကြောင်း SARS ရောဂါကဲ့သို့မဟုတ်ဘဲ ပိုးပေါက်ဖွားချိန်တွင် ကူးစက်တတ်ကြောင်း တရုတ်အမျိုးသား ကျန်းမာရေး ကော်မရှင် ဝန်ကြီး မာရှောင်ဝေက တနင်္ဂနွေနေ့တွင်ပြောသည်။
ထိုဗိုင်းရပ်ပိုးသည် လွန်ခဲ့သောနှစ်က ဝူဟန်မှ သားရိုင်းတိရစာ္ဆန် မှောင်ခိုရောင်းသည့် ပင်လယ်စာ ဈေးတခုမှ စတင်ခဲ့သည်ဟု ယူဆရသည်။ ထိုရောဂါသည် ဝူဟန်မှတဆင့် ဘေဂျင်းနှင့် ရှန်ဟိုင်း ကဲ့သို့သော မြို့ကြီးများနှင့် ပြင်သစ်၊ ဂျပန်၊ သြစတြေးလျ၊ ဟောင်ကောင်နှင့် အမေရိကန်ပြည်ထောင်စု အပါအဝင် အခြား ဆယ်နိုင်ငံကျော်သို့ ပျံ့နှံ့ခဲ့သည်။
ကမ္ဘာတဝှမ်းမှလေဆိပ်များသည် တရုတ်နိုင်ငံမှ လာသော ခရီးသည်များကို ရောဂါရှာဖွေမှု ပြုလုပ်ရန် အသင့်ပြင်ထားသော်လည်း ထိုကဲ့သို့သော အားထုတ်မှုများ၏ ထိရောက်မှုကို အချို့သော ကျွမ်းကျင်သူများက မေးခွန်းထုတ်နေသည်။
တချိန်တည်းတွင် ရှန်ဟိုင်းရှိ ဖူတုံနိုင်ငံတကာလေဆိပ်သည် အင်္ဂါနေ့မှစတင်ပြီး လေဆိပ်မှ မြို့တွင်း ခရီးဝေးသွားဘတ်စ်ကား ဝန်ဆောင်မှုကို ဆိုင်းငံ့တော့မည်ဖြစ်ကြောင်း ထိုလေဆိပ်မှ ဘတ်စ်ကားဝန်ဆောင်မှု ပေးသော လုပ်ငန်း၏ ကြေညာချက်တွင် ဖော်ပြထားသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထိုရောဂါဖြစ်ပွားခြင်းကို ကမ္ဘာ့ကျန်းမာရေး အရေးပေါ်အခြေအနေဟု လွန်ခဲ့သော အပတ်အထိ သတ်မှတ်ခြင်းမရှိသေးသော်လည်း ထိုရောဂါကို ထိန်းချုပ်ရန် တရုတ်နိုင်ငံ၏ စွမ်းရည်ကို အချို့သော ကျွမ်းကျင်သူများက မေးခွန်းထုတ်နေကြသည်။
ကိုရိုနာဗိုင်းရပ် ပြဿနာကို ကိုင်တွယ်နေသည့် အရာရှိများနှင့် ကျန်းမားရေး ကျွမ်းကျင်သူများ တွေ့ဆုံရန် ဘေဂျင်းသို့ သွားမည်ဖြစ်ကြောင်း WHO ညွှန်ကြားရေးမှူးချုပ် တက်ဒရော့ အက်ဒ်ဟန်နွမ် ဂျီဘရေးရီးစပ်က စနေနေ့တွင်ပြောသည်။
တရုတ်နိုင်ငံက အုပ်ချုပ်သည့် ဟောင်ကောင်တွင် ရောဂါဖြစ်ပွားမှု ၈ ခု အတည်ပြုနိုင်ခဲ့ပြီး ဟူဘေးပြည်နယ်သို့ လွန်ခဲ့သော ၁၄ ရက်အတွင်း သွားရောက်ခဲ့သူ များကို တနင်္လာနေ့မှ စတင် ပိတ်ပင်မည်ဖြစ်သည်။ ထိုသို့ ပိတ်ပင်ရာတွင် ဟောင်ကောင်ဒေသခံများ ပါဝင်ခြင်းမရှိပေ။
ဝူဟန်မှ ၎င်းတို့၏ နိုင်ငံသားများကို ဘေးကင်းရာသို့ ရွှေ့ပြောင်းရေးအတွက် လုပ်ဆောင်နေကြောင်း ပြင်သစ်၊ အီတလီ၊ ဂျပန်၊ သြစတြေးလျနှင့် အမေရိကန်ပြည်ထောင်စုတို့က ပြောသည်။
ဂျပန်နိုင်ငံသည် အင်္ဂါနေ့ အစောဆုံးထားပြီး ဝူဟန်မှ ပြန်လိုသည့် မည်သည့် ဂျပန်နိုင်ငံသားကိုမဆို စင်းလုံးငှား လေယာဉ်ဖြင့် ခေါ်ထုတ်မည်ဟု ကျိုဒိုသတင်းဌာနက ဖော်ပြခဲ့သည်။
ပြင်သစ်နိုင်ငံကလည်း ဝူဟန်ဒေသတွင် နေထိုင်သည့် ပြင်သစ်နိုင်ငံသား ၈၀၀ အနက် ရာဂဏန်း အနည်းငယ်ကို နေရပ်ပြန်ခေါ်ရန် ရည်မှန်းထားသည်။
ဟူဘေးပြည်နယ်အုပ်ချုပ်ရေးမှူး ဝေါင်ရှောင်တုံက ရောဂါဖြစ်ပွားမှုအတွက် တာဝန်ရှိကြောင်းနှင့် နာကျင်ခံစားရကြောင်း တနင်္ဂနွေနေ့က သတင်းစာရှင်းလင်းပွဲတွင် ပြောသော်လည်း သူ၏ ပြောဆိုမှုကြောင့် တရုတ်နိုင်ငံမှ တွစ်တာကဲ့သို့သော လူမှုကွန်ရက်ဖြစ်သည့် ဝေဘောင်တွင် ဒေါသတကြီး ဝေဖန်မှုများကို ဖြစ်စေခဲ့သည်။
“တောင်းပန်စကားလေးတခွန်းနဲ့ ပြဿနာကို ဖြေရှင်းနိုင်မယ်လို့ သူထင်နေတယ်။ တနိုင်ငံလုံးက ပြည်သူတွေရဲ့ အဆုံးအဖြတ်ကို စောင့်ကြည့်ကြစို့” ဟု ထို လူမှုကွန်ရက်သုံးစွဲသူ တဦးက ရေးသားသည်။
တိုင်းပြည်၏ တင်းကျပ်စွာထိန်းချုပ်ထားသော လူမှုကွန်ရက်တွင် တရုတ်အရာရှိများကို ထိုသို့ဝေဖန်သည်ကို တရုတ် အာဏာပိုင်များက ခွင့်ပြုခဲလှသည်။
ထိုရောဂါဖြစ်ပွားမှုကြောင့် ကမ္ဘာ့ဈေးကွက်တွင် တနင်္လာနေ့အထိ ရိုက်ခတ်နေပြီး ဘေးကင်း လုံခြုံသော ပိုင်ဆိုင်မှုများအတွက် ဝယ်လိုအားမြင့်မားနေပြီး စင်ကာပူကလည်း ၎င်း၏စီးပွားရေး၊ လုပ်ငန်းများနှင့် စားသုံးသူယုံကြည်မှုကို ဆိုးကျိုးသက်ရောက်မည်ဟု သတိပေးသည်။
ရောဂါဖြစ်ပွားမှုကြောင့် အချို့သော တရုတ်လုပ်ငန်းကြီးများကို ထိခိုက်စေပြီး တရုတ်ဟော့ပေါ့ လုပ်ငန်းစုကြီးဖြစ်သော ဟိုင်တီလောင် နိုင်ငံတကာ ဟိုးလ်ဒင်းက နိုင်ငံတဝှမ်းရှိဆိုင်များကို ဇန်နဝါရီလ ၂၆ ရက်မှ ၃၁ ရက်အထိ ပိတ်ထားမည်ဖြစ်ကြောင်း ကြေညာသည်။
ဂိမ်းလုပ်ငန်းကြီးဖြစ်သော တန်းဆင့်ကလည်း ၎င်းတို့ဝန်ထမ်းများကို ဖေဖော်ဝါရီလ ၇ ရက်နေ့ အထိ နေအိမ်မှ အလုပ်လုပ်ရန် အကြံပေးထားပြီး အီးကောမာ့စ်လုပ်ငန်းဖြစ်သော အလီဘာဘာ ကလည်း ဈေးအလွန်အကျွံမြင့်မားနေသည့် မျက်နှာဖုံးများကို ၎င်း၏ ထောင်တောင်ဈေးကွက် အရောင်းစာရင်းမှ ပယ်ဖျက်ခဲ့ရသည်။
ကိုးကား။ ။ The Straits Times, Reuters
You may also like these stories:
ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ် မြို့ကြီး ၁၃ မြို့မှ လူ ၃၅ သန်းကို ခရီးသွားခွင့် ပိတ်ထားရ
မြန်မာတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ မရှိသေးဟု ကျန်းမာရေး ဝန်ကြီးဌာန အတည်ပြု
ဝူဟန်တွင် ပိတ်မိနေသော မြန်မာများကို ကူညီမည်ဟု ဘေဂျင်းရှိ မြန်မာသံရုံးပြော