ဝူဟန်ဗိုင်းရပ်ကူးစက်မှု အရှိန်မြင့်လာခြင်းကို ကိုင်တွယ်ရန်အတွက် တရုတ်နိုင်ငံသည် တရုတ်ခရီးသွားအုပ်စုများ နိုင်ငံမှ ထွက်ခွာခြင်းကို တားမြစ်ခြင်းအပါအဝင် ပိုမိုကျယ်ပြန့်ပြင်းထန်သည့် အစီအစဉ်များ ချမှတ် လုပ်ကိုင်နေရသည်။
ရောဂါကူးစက်မှုနှုန်းမှာ ၆ ရက်အတွင်း ဆယ်ဆတိုးလာပြီး တရုတ်နိုင်ငံတွင် လူသေဆုံးမှုနှုန်းမှာ ၈၀ ဦးရှိကာ ရောဂါကူးစက်မှု ၂၈၀၀ ရှိလာသည်။
ဟူဘေးပြည်နယ်ရှိ မြို့ကြီးပေါင်း ၂၀ နီးပါးကို လုံး၀ သို့မဟုတ် တစိတ်တပိုင်းအားဖြင့် ပိတ်ဆို့ထားရသောကြောင့် လူပေါင်း သန်း ၅၀ ခန့်ကို ထိန်းချုပ်ထားခြင်းဖြစ်သည်။
တရုတ်နိုင်ငံအလယ်ပိုင်း မြို့ကြီးဖြစ်သော ဝူဟန်တွင် စတင်ခဲ့သည့် ထိုရောဂါကူးစက်မှုသည် အမျိုးသားအကျပ်အတည်း ဖြစ်လာပြီး တရုတ် သမ္မတ ရှီကျင့်ဖျင်က ပြင်းထန်သော အခြေအနေဖြစ်ကြောင်း ဖော်ပြသည်။

စနေနေ့က တိုင်းပြည်ထိပ်တန်းခေါင်းဆောင်များနှင့် ပြုလုပ်သော အစည်းအဝေးတွင် ရှီက ထိုရောဂါဖြစ်ပွားမှုကို ကိုင်တွယ်ရေးက ၎င်းတို့၏ ဦးစားပေးဖြစ်ရမည်ဟု ပြောသည်။
“အသက်က အရေးအကြီးဆုံးပဲ။ ကူးစက်ရောဂါဖြစ်ပွားရင် အမိန့်ထုတ်ပြန်ရမယ်။ ကျနော်တို့တာဝန်က ဒါကို တားဆီးထိန်းချုပ်ဖို့ဖြစ်တယ်” ဟု သူက ပြောသည်။
ယနေ့စတင်သည့် ပြင်ပသို့ခရီးသွားခွင့်ပိတ်ပင်ခြင်းနှင့် အတူ အာဏာပိုင်များသည် အမျိုးသား ကူးစက်ရောဂါအခြေအနေ ကုန်ဆုံးသည်အထိ သားရိုင်းတိရစာ္ဆန် ရောင်းဝယ်ခြင်းကို ပိတ်ပင်ကြောင်းလည်း ကြေညာထားသည်။
ထိုဗိုင်းရပ်ပိုးသည် ဝူဟန်မြို့ ဈေးတခုတွင် တရားမဝင်ရောင်းသော သားရိုင်းတိရစာ္ဆန်တကောင်မှ စတင်ခဲ့သည်ဟု ယုံကြည်ရသည်။
ထို အသက်ရှူလမ်းကြောင်း ရောဂါပျံ့နှံ့မှုကို တားဆီးနိုင်ရေးအတွက် တရုတ်နှစ်သစ်ကူး ရုံးပိတ်ရက်ကို ဇန်နဝါရီလ ၃၀ ရက်ထက် ကျော်လွန်သတ်မှတ်မည်ဖြစ်ကြောင်း တရုတ်ဝန်ကြီးချုပ် လီခါချောင် ဦးဆောင်သည့် ကူးစက်ရောဂါ တုန့်ပြန်ဆောင်ရွက်ရေးအဖွဲ့က ယမန်နေ့က ကြေညာထားသည်။
တရုတ်အစိုးရသည် ကျောင်းများ ပြန်လည်ဖွင့်လှစ်ခြင်းကို နောက်လလယ်အထိ ဆိုင်းငံ့ထားပြီး ဆူကျို ကုန်ထုတ်လုပ်ရေး အချက်အခြာဒေသတွင် လုပ်ငန်းကြီးများအနေဖြင့် ဖေဖော်ဝါရီလ ၈ ရက်မတိုင်မီ ပြန်မဖွင့်ရန် တားမြစ်ထားသည်။

ဆေးရုံများတွင် လူနာများပြည့်ကျပ်နေပြီး ဆေးဝါးများ အပြင်းအထန်လိုနေသောကြောင့် ဝူဟန်တွင် အင်းအားဖြည့်ဆည်းမှုများ အကြီးအကျယ်လုပ်ဆောင်ထားသည်။
လွန်ခဲ့သော ရက်သတ္တပတ်ကုန်က အမျိုးသားကျန်းမာရေး ကော်မရှင်သည် လူနာများကို ကူညီကုသပေးရန် ပြည်နယ်အသီးသီးမှ ဆေးကျွမ်းကျင်သူနှင့် အလုပ်သမား ၁၂၃၀ ကို စေလွှတ်ခဲ့ပြီး ဆေးတပ်ကလည်း ဆေးဝန်ထမ်း ၄၅၀ ကို ဝူဟန်သို့စေလွှတ်ခဲ့သည်။
ပိုးပေါက်ဖွားသည့်အချိန်မှ စရေလျှင် တရက်မှ ၁၄ ရက်အထိကြာနိုင်ကြောင်း၊ SARS ရောဂါကဲ့သို့မဟုတ်ဘဲ ပိုးပေါက်ဖွားချိန်တွင် ကူးစက်တတ်ကြောင်း တရုတ်အမျိုးသား ကျန်းမာရေးကော်မရှင် ဝန်ကြီး မာရှောင်ဝေက တနင်္ဂနွေနေ့တွင်ပြောသည်။
SARS ရောဂါကို ကိုရိုနာဗိုင်းရပ်က တရုတ်နိုင်ငံတွင် စတင် ဖြစ်စေခဲ့ပြီး ၂၀၀၂ နှင့် ၂၀၀၃ ခုနှစ်များအတွင်း ကမ္ဘာတဝှမ်း လူ ၈၀၀ နီးပါးသေဆုံးစေခဲ့သည်။
“ကုသမှု သတင်းအချက်အလက်တွေအရ ဒီဗိုုင်းရပ်ရဲ့ ကူးစက်နိုင်တဲ့ စွမ်းရည်က ပိုတောင် ကောင်းလာပုံရတယ်” ဟု မာက သတင်းစာရှင်းလင်းပွဲ တခုတွင်ပြောသည်။
“ပျံ့နှံ့နှုန်းတိုးလာတဲ့ လက္ခဏာတွေရှိနေပြီး ဒါကြောင့် ထိန်းချုပ်တားဆီးရတာ ခက်နေတယ်။ ရင်းမြစ်ကို ကျနော်တို့သိပြီးပြီ။ ကျနော်တို့ ရှင်းရှင်းလင်းလင်း မသိသေးတာက သူ့ရဲ့ မျိုးဗီဇ ပြောင်းလဲပုံပဲ” ဟုလည်း သူကပြောသည်။

နောက်လာမည့် ရက်ပိုင်းအတွင်း ဝူဟန်တွင် ရောဂါဖြစ်ပွားမှု တိုးလာမည်ဟု မျှော်လင့်ကြောင်း ဝူဟန်မြို့တော်ဝန် ကျို ရှန်ဝေါင် က ယမန်နေ့နှောင်းပိုင်းက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
ထို ရောဂါကာကွယ်ဆေးကို ထုတ်လုပ်ရန်အတွက် စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း တရုတ် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာနက ယမန်နေ့က ကြေညာပြီး ဘေ့ဂျင်း မြူနီစပယ်ကျန်းမာရေးကော်မရှင်က ၎င်းတို့မြို့ရှိ ထိုရောဂါဖြစ်ပွားသူများကို HIV ဗိုင်းရပ်တိုက်ဖျက်ဆေးများဖြင့် စတင်ကုသနေကြောင်း သီးခြားကြေညာသည်။
ထိုရောဂါဖြစ်ပွားမှုကြောင့် နိုင်ငံတဝှမ်းမှ ကြီးမားသည့် အခမ်းအနားအများအပြားကို ပယ်ဖျက်ခဲ့ပြီး ဘေဂျင်းနန်းတော်ပြတိုက်မှ ရှန်ဟိုင်းဒစ္စနေလန်း အထိ ကမ္ဘာလှည့်ခရီးသည် ဆွဲဆောင်သော နေရာများကို ပိတ်ထားရသည်။
ကူးစက်ရောဂါကို နောက်လကုန်အထိ ထိန်းချုပ်နိုင်ခြင်းမရှိပါက တရုတ်နိုင်ငံသည် မတ်လအစောပိုင်းတွင် နှစ်စဉ်ကျင်းပသည့် လွှတ်တော်နှင့် ၎င်း၏ အကြံပေးအဖွဲ့ ပူးတွဲအစည်းအဝေးကိုလည်း ရွှေ့ဆိုင်းရမည့် အခြေအနေရှိကြောင်း ခေါင်းဆောင်ပိုင်းနှင့် အဆက်အသွယ်ရှိသည့် အမည်မဖော်လိုသော ရင်းမြစ်တခုက ပြောသည်။
ကိုးကား။ ။ The Straits Times, Reuters
You may also like these stories:
ဝူဟန်သို့ တရုတ်ဝန်ကြီးချုပ် သွားရောက်
ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ် မြို့ကြီး ၁၃ မြို့မှ လူ ၃၅ သန်းကို ခရီးသွားခွင့် ပိတ်ထားရ
ဝူဟန်တွင် လူ ၁၇ ဦးသေဆုံးခဲ့ရသည့် ဗိုင်းရပ်၊ မြွေများမှတဆင့် ကူးစက်ခြင်း ဖြစ်နိုင်ဟုဆို