ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဖြစ်ပွားနေသည့် တရုတ်နိုင်ငံ ဟူပေပြည်နယ် ဝူဟန်မြို့တွင် ရောက်ရှိနေသော ဌာနဆိုင်ရာ ပညာသင်များကို မြန်မာနိုင်ငံသို့ ပြန်လည် ခေါ်ယူနိုင်ရေး အတွက် ၂ နိုင်ငံ တာဝန်ရှိသူများ ညှိနှိုင်းနေဆဲ ဖြစ်ကြောင်း သတင်း ရရှိသည်။
မြန်မာ အစိုးရအနေဖြင့် ဟူပေပြည်နယ်တွင် ပညာသင်ကြားနေသည့် ဌာနဆိုင်ရာ ပညာသင် အားလုံးကို အမြန်ဆုံး ခေါ်ယူနိုင်ရေး တတ်စွမ်းသမျှ ညှိနှိုင်း ဆောင်ရွက်လျက် ရှိကြောင်း၊ ၎င်းတို့၏ စားရေး၊ သောက်ရေး အတွက်လည်း သက်ဆိုင်ရာ ကျောင်းများ၊ ပြည်နယ် တာဝန်ရှိသူများကို မေတ္တာရပ်ခံခဲ့သည့် အတွက် ယနေ့ ဆိုလျှင် တချို့ဈေးဝယ် စင်တာများ၊ ကျောင်းများရှိ စားသောက်ဆိုင်များ ပြန်လည် ဖွင့်လှစ်ပေးခဲ့ကြောင်း တရုတ် နိုင်ငံရှိ မြန်မာသံရုံးမှ ဒုတိယ အတွင်းဝန် ဦးစိုးပြည့်ဝင်းက ပြောပြသည်။
ဦးစိုးပြည့်ဝင်းက“သူတို့ဘက်က ၁၄ ရက် စောင့်ကြည့်ရမယ်လို့ ပြောထားတာကြောင့် ကျနော်တို့က သူတို့ကို ဒီ ဝူဟန် မြို့ကနေ နေရာရွှေ့ဖို့ရော၊ အမြန်ဆုံး မြန်မာပြည် ထွက်ခွာနိုင်ဖို့ရော ဆက်ညှိတုန်းပဲ။ သူတို့အားလုံးကတော့ လက်ရှိ အချိန်အထိ ကျန်းမာရေးကောင်းပါတယ်။ စားရေးသောက်ရေး အတွက်လည်း လက်ရှိအချိန်အထိ အဆင်ပြေ နေပါတယ်။ သူတို့ကို ကျန်းမာရေး စစ်ဆေးပြီး အမြန်ဆုံး ပြန်လာနိုင်အောင် လုပ်နေပါတယ်”ဟုလည်း ပြောသည်။
ဟူပေပြည်နယ်တွင် မြန်မာသံရုံးသို့ သတင်းပို့သည့် ပညာသင် အားလုံးသည် ဌာနဆိုင်ရာ ဝန်ထမ်းများ ဖြစ်ကြပြီး ခန့်မှန်းခြေ ၁၃ဝ ဝန်းကျင် ရှိကြောင်း၊ တရက်နှင့်တရက် အဝင်အထွက်များ ရှိနေခဲ့သည့် အတွက် စာရင်း အတိအကျ ရရှိရေး ဆောင်ရွက်နေကြောင်း သူက ဆက်လက် ပြောဆိုသည်။
ထို့ပြင် တရုတ်နိုင်ငံရှိ တခြားမြို့များမှ ကျောင်းသားကျောင်းသူများ အနေဖြင့်လည်း ကိုယ့်အစီအစဉ်ဖြင့်ကိုယ် မြန်မာနိုင်ငံ သို့ ပြန်သွားသည်များလည်း ရှိကြောင်း သိရသည်ဟု ဦးစိုးပြည့်ဝင်းက ပြောသည်။
ဦးစိုးပြည့်ဝင်းက“ဝူဟန်မြို့က မြန်မာကျောင်းသား တဝက်လောက်ကတော့ မြန်မာနိုင်ငံကို ပြန်သွားနေပါပြီ။ အခု ကျန် နေတာက တဝက်လောက် ကျန်နေတာ။ ဒါပေမယ့် ဌာနဆိုင်ရာ ဝန်ထမ်းတွေကတော့ မဖြစ်မနေ သတင်း ပို့ရတဲ့ အတွက်ကြောင့် ကျနော်တို့ သံရုံးမှာ စာရင်းရောက်တယ်။ ကျန်တဲ့ မြန်မာတွေက သတင်းမပို့တာတွေလည်း ရှိတော့ ခန့်မှန်းရ ခက်နေပါတယ်”ဟု ဆိုသည်။
လက်ရှိ ပညာရေး ဝန်ကြီးဌာနမှ တရုတ်နိုင်ငံသို့ ပညာတော်သင် သွားရောက်ကြသည့် ဝန်ထမ်း ၁ဝဝ ကျော်ရှိ ကြောင်း၊ အဆိုပါ ကူးစက်ရောဂါကြောင့် ပညာရေး ဝန်ကြီးဌာနသို့ တရားဝင် သတင်းပေးပို့မှုသည် ၃ဝ ဝန်းကျင် သာ ရှိနေကြောင်း ပညာရေး ဝန်ကြီးဌာန နိုင်ငံခြား ပညာသင်ဌာနမှ တာဝန်ရှိသူ တဦးက ပြောသည်။
တချို့ ကိုယ့် အစီအစဉ်ဖြင့် ကိုယ် ပြန်လာသူများက ဌာနသို့ သတင်းပေးပို့မှုမရှိဘဲ ပြန်ရောက်ပြီးကာမှ ပေးပို့မှုများ လည်း ရှိနေကြောင်း သူက ဆက်လက် ပြောဆိုသည်။
အဆိုပါ တာဝန်ရှိသူက“ဟိုမှာ(ဝူဟန်မြို့)မှာ ကျန်နေတာ ၇ဝ လောက် ရှိမယ်လို့တော့ ခန့်မှန်းတယ်။ အတိအကျက ကျမတို့ဆီ တရားဝင် သတင်းပို့မှ သိရမှာ။ အခုက သံရုံးကိုတော့ အကြောင်းကြားတယ်။ ကျမတို့ ပညာရေးဌာနကို အကြောင်းမကြားဘူး။ အဲ့ဒီတော့ ကျမတို့ အတိအကျ မသိရဘူး။ သံရုံးဘက်ကလည်း ကျမတို့ဆီ ဘယ်သူပြန်လာ တယ် ဆိုတာ အကြောင်းမကြားတော့ ကျမတို့မှာ အဲ့ဒီစာရင်းတွေ အတိအကျ မလုပ်နိုင်ဘူး ဖြစ်နေတယ်”ဟုလည်း ပြောသည်။
ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) ၏ ညွှန်ကြားချက်များ အတိုင်း ဝူဟန်မြို့ရှိ ကျောင်းသား၊ ကျောင်းသူများကို ၁၄ ရက် စောင့်ကြည့်ရမည် ဖြစ်သောကြောင့် လတ်တလောတွင် ၎င်းတို့ နေရပ်ပြန်လာရေး အဟန့်အတား ဖြစ်နေသေး ကြောင်း၊ ထို့ပြင် WHO အဖွဲ့က စေခိုင်းသည့်အတိုင်း ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့်လည်း ၎င်းတို့ မြန်မာနိုင်ငံ သို့ ပြန်ရောက်လာသည့်တိုင် သတ်မှတ်ထားသော နေရာတွင် ၁၄ ရက် စောင့်ကြည့်စစ်ဆေးမည့် သဘောမျိုးလည်း ရှိသည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ဒုတိယ အမြဲတမ်း အတွင်းဝန် ဦးအောင်ကျော်ဇံက ပြောပြသည်။
ဦးအောင်ကျော်ဇံက“ကျောင်းသား မိဘတွေရော၊ ပြည်သူတွေရောက စိုးရိမ်ကြမှာပါ။ ကျနော်တို့လည်း သူတို့ အတွက် အတတ်နိုင်ဆုံး ထောက်ပံ့ပေးနေပါတယ်။ ဒီနေ့ ပေကျင်းမြို့မှာ တရုတ်အစိုးရက သံတမန်တွေကို ခေါ်ယူရှင်းလင်းပွဲ လုပ်နေတယ်။ အဲ့ဒီ အစီရင်ခံစာတော့ ကျနော်တို့ဆီ မရောက်သေးပါဘူး။ ကျိန်းသေတာက သူတို့အားလုံး ကျန်းကျန်း မာမာနဲ့ ရှိနေတယ်ဆိုတာပါပဲ”ဟု ပြောသည်။
ကိုရိုနာဗိုင်းရပ်စ်ကို အောင်မြင်စွာ ကုသပေးနိုင်ပြီဆိုသည့် တရုတ်နိုင်ငံပိုင် ဆင်ဟွာ သတင်းဌာနက ထုတ်ပြန် ခဲ့သည် ဆိုသော လူမှုကွန်ရက်နှင့် အင်တာနက် စာမျက်နှာ တချို့တွင် ဖော်ပြထားသည့် သတင်းများသည် သတင်း အမှားများသာဖြစ်ပြီး မိမိတို့ နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ တရားဝင် အကြောင်းကြားခြင်း မရှိသေးကြောင်းလည်း ဦးအောင်ကျော်ဇံက ပြောပြသည်။
ဇန်နဝါရီ ၂၅ ရက်နေ့အထိ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိလူနာ ၁၉၇၅ ဦးရှိပြီး ထိုနေ့ တရက်တည်းတွင် ၆၈၈ ဦး အသစ် တွေ့ရှိခဲ့ကြောင်း၊ အဆိုပါ အသစ်တွေ့ရှိသူများထဲမှ ၈၇ ဦးသည် စိုးရိမ်ဖွယ်ရာ လူနာများဖြစ်ကြောင်း၊ ဇန်နဝါရီ ၂၅ ရက် တရက်တည်းတွင် ပိုးတွေ့ရှိသူ လူနာ ၁၆ ဦး သေဆုံးခဲ့သဖြင့် စုစုပေါင်း သေဆုံးသူ ၅၆ ဦး ရှိပြီ ဖြစ်ကြောင်း ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ကူးစက်ရောဂါ တိုက်ဖျက်ရေး ဌာနခွဲမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီး က ၎င်း၏ ကိုယ်ပိုင် လူမှုကွန်ရက် စာမျက်နှာမှ အများပြည်သူ သိရှိရန် မျှဝေခဲ့သည်။
လက်ရှိအချိန်တွင် သံသယရှိ၍ စောင့်ကြည့်လူနာ ၂၁၅၅၆ ဦးရှိပြီး တရုတ်နိုင်ငံပြင်ပ နိုင်ငံ ၁ဝ နိုင်ငံတွင်လည်း လူနာ ၂၃ ဦး တွေ့ရှိခဲ့ကြောင်း၊ ထိုင်း နိုင်ငံတွင် ၄ ဦး၊ ဂျပန် နိုင်ငံတွင် ၂ ဦး၊ တောင်ကိုရီးယားတွင် ၂ ဦး၊ အမေရိကန် တွင် ၂ ဦး၊ ဗီယက်နမ်တွင် ၂ ဦး၊ စင်္ကာပူတွင် ၃ ဦး၊ မလေးရှားတွင် ၃ ဦး၊ နီပေါတွင် ၁ ဦး၊ ပြင်သစ်တွင် ၃ ဦးနှင့် သြစတြေးလျတွင် ၁ ဦးတို့ ဖြစ်ကြောင်း သိရသည်။
You may also like these stories:
ဝူဟန်တွင် ပိတ်မိနေသော မြန်မာများကို ကူညီမည်ဟု ဘေဂျင်းရှိ မြန်မာသံရုံးပြော
မြန်မာတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ မရှိသေးဟု ကျန်းမာရေး ဝန်ကြီးဌာန အတည်ပြု
ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ် မြို့ ၃ မြို့ဝင်ထွက်ခွင့်ပိတ်