ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်လာမည်ကို စိုးရိမ်သဖြင့် တရုတ်နိုင်ငံနှင့် ဆက်စပ်နေသည့် ကချင် ပြည်နယ်၊ ကန်ပိုက်တည်ရှိ မြန်မာ-တရုတ် ချစ်ကြည်ရေး ဥမင်လိုဏ်ခေါင်းကို မြန်မာနိုင်ငံဘက်က ယနေ့မှစ၍ ယာယီပိတ်လိုက်ပြီဟု သတင်းရရှိသည်။
အဆိုပါ သတင်းအချက်အလက်ကို ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်၊ ဝန်ကြီးအချို့က ဧရာဝတီကို အတည်ပြု ပြောဆိုခြင်း ဖြစ်သည်။
ကချင်ပြည်နယ်၊ လူမှုရေး ဝန်ကြီး ဦးနေဝင်း က “ကျနော်တို့ ရရှိတဲ့ သတင်းအရတော့ ကန်ပိုက်တည်ကို ပိတ်ထားပြီလို့ ကြားပါတယ်။ ဂိတ်တွေကို ပိတ်ဖို့ကလည်း ကျနော်တို့ ကချင်ပြည်နယ် အစိုးရအဖွဲ့ကနေ ပြည်ထောင်စုအစိုးရကို တင်ထားတာလည်း ရှိပါတယ်” ဟု ပြောသည်။
ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မည့် အန္တရာယ်ကာကွယ်ရန် ကချင်ပြည်နယ်ပိုင်နက် အတွင်းရှိ တရုတ်၊ မြန်မာ နှစ်နိုင်ငံ နယ်စပ်ဂိတ်များဖြစ်သည့် ကန်ပိုက်တည်ဂိတ်နှင့် လွယ်ဂျယ်ဂိတ်တို့ကို ပိတ်ခွင့် ပေးရန် ကချင်ပြည်နယ်အစိုးရအဖွဲ့က ဇန်နဝါရီ ၂၅ ရက်ကတည်းက ပြည်ထောင်စု အစိုးရကို တင်ပြထားသည်ဟု သိရသည်။
ဦးနေဝင်း က “ကျန်းမာရေးဌာနက ညွှန်မှူး ဦးဆောင်ပြီးတော့ လည်း စစ်ဆေးရေးတွေ လုပ်ပါတယ်။ အဖျားတိုင်းတာတို့ ကျန်းမာရေးဌာနက အကုန် လုပ် နေပါတယ်” ဟု ပြောသည်။
တရုတ်နိုင်ငံနှင့် နယ်နိမိတ် ထိစပ်နေသည့် အခြားမြို့များတွင်လည်း နယ်စပ်ဂိတ် အဝင် အထွက် ပြုလုပ်နေသူများကို အဖျားတိုင်း ကိရိယာများဖြင့် တိုင်းတာခြင်းများ ပြုလုပ်နေသည်ဟု သိရသည်။
တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ရွှေလီမြို့နှင့် နယ်နိမိတ်ထိပ်စပ်နေသည့် မူဆယ်မြို့တွင် နှစ်နိုင်ငံ နယ်စပ်ဂိတ် အဝင်အထွက်ပြုလုပ်သူများကို အဖျားတိုင်းတာသည့် ကိရိယာများဖြင့် တိုင်းတာပြီး ကြပ်မတ်နေသည်ဟု မူဆယ်မြို့နယ်၊ ပြည်နယ်လွှတ်တော်အမတ် ဦးစိုင်းကျော်သိန်းက ပြောသည်။
ဦးစိုင်းကျော်သိန်းက “မူဆယ်ဘက်မှာက ကျနော်တို့ဒီဘက်က ဝင်ပေါက် ၃ ပေါက်ရှိတာပေါ့။ အလယ်ပေါက် ဆိုတဲ့ နန်းတော်ပေါက် စာအုပ်ထုတ်ပေးတဲ့ အပေါက်မှာ thermo scanner စက်ကို ထားပြီး ဝင်လာတဲ့ လူတွေရဲ့ အပူချိန်ကို အဖျားရှိမရှိ စစ်ဆေးတာ ရှိပါတယ်။ ကျန်တဲ့ ၂ပေါက် ဆင်ဖြူပေါက်နဲ့ မန်ဝိန်းပေါက်မှာကျတော့ လက်နဲ့ ထောက်တဲ့ ဂန်း၊ အပူချိန်တိုင်းကိရိယာနဲ့ စစ်ဆေးတာ ရှိပါတယ်” ဟု ပြောသည်။
ဇန်နဝါရီ ၂၆ ရက်တွင် တရုတ်နိုင်ငံဘက်မှ မူဆယ်သို့ ပြန်လာသည့် မြန်မာနိုင်ငံသား ၂ ဦးကို အပူချိန်တိုင်းရာ ဖျားနာနေသဖြင့် မူဆယ်မြို့ဆေးရုံတွင် ကုသပေးနေရသည်ဟုလည်း ဦးစိုင်းကျော်သိန်း က ပြောသည်။
ဦးစိုင်းကျော်သိန်းက “တယောက်က ဆေးရုံကို ရောက်လာပြီး စစ်ဆေးတော့ အဖျားတော့ ကျသွားပါတယ်။ သူ့ကိုတော့ ပြင်ပလူနာဌာနမှာ ထားထားပါတယ်။ နောက်တယောက်က အဖျား သိပ်မကျသေးလို့ ၂၄ နာရီစောင့်ကြည့်တဲ့ ဆေးရုံမှာ ထားထားပါတယ်။ ဆေးရုံအုပ်ကြီးရဲ့ ပြောပြ ချက် အရတော့ ကိုရိုနာဗိုင်းရပ်ရဲ့ လက္ခဏာတော့ မပေါ်ဘူးပေါ့။ ကိုယ့်နိုင်ငံသားဖြစ်တဲ့ အတွက်ကြောင့် ကြပ်မတ်ပြီး ဆေးကုသပေးနေတယ်လို့တော့ ပြောပါတယ်” ဟု ဆိုသည်။
တရုတ်နိုင်ငံ၊ ဝူဟန်မြို့၏ တောရိုင်းတိရစ္ဆာန်ဈေးကွက်မှ လူသို့ ကူးစက်ပြီး ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ တွင် စတင်ဖြစ်ပွားလာသည့် ကိုရိုနာဗိုင်းရပ် ခေါ် ပြင်းထန်အဆုတ်ရောင်ရောဂါ မှာ ယခုအခါ တရုတ်နိုင်ငံရှိ အခြားမြို့သို့ ကူးစက်လာပြီး ရောဂါ ကူးစက်ခံရသူ ၃၀၀၀ ထိ မြင့်တတ် လာကာ သေဆုံးသူ ဦးရေ ၈၀ ကျော် ရှိနေပြီ ဖြစ်သည်။
ဇန်နဝါရီ ၂၆ ရက်တွင် မူဆယ်နှင့် ကပ်လျက်ရှိသည့် ရွှေလီမြို့တွင်း ဗိုင်းရပ် ကူးစက်ခံရသူများရှိနေ ပြီးဟု သတင်းစကားများ ပြန့်နှံ့နေပြီး ရွှေလီမြို့အာဏာပိုင်များက အများပြည်သူ သွားလာသည့် ပန်းခြံ၊ ဟိုတယ်၊ လောင်းကစားဝိုင်းများကို ကြေငြာချက် ထုတ်ကာ ပိတ်ချလိုက်ပြီ ဖြစ်သည်။
ရွှေလီမြို့တွင်း ရောက်ရှိနေသည့် ဧည့်သည်များလည်း မိမိတို့ နေရပ်သို့ပြန်ရန် တိုင်တွန်းကြောင်း နှင့် အခြေအနေများ ပြန်တည်ငြိမ်မှသာ ပြန်လည်လာရောက် လည်ပတ်ရန် တရုတ်၊ မြန်မာ နှစ်ဘာသာ ဖြင့် ကြေငြာထားသည်။
တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်နှင့် နယ်နိမိတ် ထိစပ်နေသည့် “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) အုပ်ချုပ်ရာ ဒေသတွင်းသို့ ဖျားနာနေသူများ၊ ကိုယ်အပူချိန် မြင့်တတ်နေသူ များ နယ်စပ်ဂိတ်မှ အဝင်အထွက် မပြုလုပ်ရန် ကြေငြာချက် ထုတ်ထားသည်ဟု သိရသည်။
UWSA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်း က “ရုပ်ရှင်ရုံတွေ လူစုလူဝေးရှိတဲ့ နေရာတွေကို အတတ်နိုင်ဆုံး ရှောင်ကျဉ်ကြဖို့ ခရီးမထွက်ကြဖို့ တကိုယ်ရည်သန့်ရှင်းရေးတွေ ဂရုစိုက် ကြဖို့၊ တောရိုင်း တိရစ္ဆာန်တွေ အရောင်း အဝယ်ဖောက်ကားမှုတွေ စားသုံးတာတွေ မလုပ်ဖို့ ကောလဟာလ သတင်းတွေ မဖြန့်ဖို့ မယုံကြည်ကြဖို့ သတိပေးထုတ်ပြန်ကြေငြာတာတွေ ရှိပါတယ်” ဟု ပြောသည်။
ယနေ့အချိန်ထိ ဝ ဒေသတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ မရှိသေးပါဟုလည်း ဦးညီရမ်းက ဆိုသည်။
ကူးစက်ခံရသူရှိလာပါကလည်း ကုသနိုင်ရန် ဝ ဒေသတွင်း ကျန်းမာရေးဆိုင်ရာ ပညာရှင်များ၊ ရောဂါပျံ့နှံ့မှု တားဆီးနှိမ်နင်းရေးအဖွဲ့များ ရှိသည့်အပြင် လိုအပ်လာပါက မြန်မာနိုင်ငံ၊ ဗဟိုအစိုးရ သို့မဟုတ် တရုတ်နိုင်ငံဘက်နှင့် ပူးပေါင်းပြီး ဆောင်ရွက်ပါမည်ဟုလည်း ဦးညီရမ်းက ပြောသည်။
တရုတ်နိုင်ငံ၊ ဆစ်ဆောင်ပနား ပြည်နယ်နှင့် နယ်နိမိတ် ထိစပ်နေသည့် အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) ထိန်းချုပ်ရာ အထူးဒေသ (၄) တွင်လည်း ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရခြင်း မရှိစေရန် နယ်စပ်ဂိတ်မှ ဝင်ထွက်သူများကို အဖျားတိုင်းတာ စက်များဖြင့် စစ်ဆေးမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
ထို့ပြင် ရောဂါဖြစ်ပွားနေသည့် ဒေသများမှ ခရီးသွားများကို အထူးဒေသ(၄)သို့ ဝင်ခွင့် ယာယီပိတ် ထားမည်ဖြစ်ပြီး ရောဂါဖြစ်ပွားနေသည့် ဒေသမှ အထူးဒေသ (၄) သို့ ဇန်နဝါရီ ၁၀ ရက်နောက်ပိုင်း ဝင်ရောက်နေထိုင်နေသူများကိုလည်း လိုက်လံစစ်ဆေးမည်ဟု သတင်းထုတ်ပြန်ထားသည်။
ဒေသတွင်းရှိ လောင်းကစားဝိုင်းများ၊ ကာစီနိုရုံများ၊ အများပြည်သူ ပျော်ရွှင်ရာ နေရာများကို ယာယီရပ်နားထားမည်ဖြစ်ပြီး အာဏာပိုင်များ ပြန်လည်ကြေငြာမှသာ ဖွင့်လှစ်ရမည်ဟု ရေးသား ထားကာ မြို့မဈေးနှင့် စားသောက်ဆိုင်များတွင် တောရိုင်းတိရစ္ဆာန်များ ရောင်းချခြင်း မပြုရဟူ၍လည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ဖျော်ဖြေပွဲများ၊ ပျော်ပွဲရွှင်ပွဲများနှင့် လူအများစုဝေးကျင်းပသည့် ဘာသာရေးဆိုင်ရာ ပွဲများ ကျင်းပခြင်းကိုလည်း ဖျက်သိမ်းရမည်ဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သတ်၍ သတင်း အမှားများ၊ ကောလဟာလများ ဖြန့်ပါက ဥပဒေအရ ပြင်းထန်စွာ အရေးယူမည်ဟုလည်း သတင်းထုတ်ပြန်ထားသည်။
ကိုရိုနာဗိုင်းရပ်စပ် ကူးစက်ခံရသူသည် မောပန်းခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှုရခက်ခဲခြင်း နှင့် ကိုယ်အပူချိန် မြင့်တတ်ခြင်းစသည့် လက္ခဏာများ ဖြစ်ပေါ်သဖြင့် အဆိုပါ လက္ခဏာများ ဖြစ်လာပါက နီးစပ်ရာ ဆေးခန်းနှင့် ဆေးရုံများသို့သွားကာ ဆေးကုသမှု ခံယူရန်လည်း မြန်မာနိုင်ငံတွင်း ဒေသအသီးသီးမှ ကျန်းမာရေးဌာနများက ကြေငြာထားသည်။
လက်ရှိတွင် ကိုရိုနာဗိုင်းရပ်စပ်မှာ တရုတ်နိုင်ငံအပြင် ထိုင်း၊ ဂျပန်၊ တောင်ကိုရီးယား၊ ဗီယက်နမ်၊ သြစတေးလျ၊ အမေရိကန်၊ စင်ကာပူ၊ မလေးရှားနှင့် နီပေါ နိုင်ငံတို့တွင် ကူးစက်ခံရသူ စုစုပေါင်း ၂၃ ဦး တွေ့ရှိ ထားပြီ ဖြစ်သည်။
ယနေ့ထိ မြန်မာနိုင်ငံတွင် ရောဂါကူးစက်ခံထားရသူ တွေ့ရှိခြင်း မရှိသေးပါ။
You may also like these stories:
ဝူဟန်တွင် ပိတ်မိနေသော မြန်မာများကို ကူညီမည်ဟု ဘေဂျင်းရှိ မြန်မာသံရုံးပြော
မြန်မာတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ မရှိသေးဟု ကျန်းမာရေး ဝန်ကြီးဌာန အတည်ပြု
ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ် မြို့ ၃ မြို့ဝင်ထွက်ခွင့်ပိတ်