အခြေခံ ပညာကျောင်းများတွင် စာသင်ချိန် ၁ လတိုးခြင်းကို မကျေနပ်သဖြင့် ဖဲကြိုးစိမ်း လှုပ်ရှားမှုများ ပြုလုပ်လျက်ရှိသော် လည်း ပညာရေး ဝန်ကြီးဌာနကမူ ဆက်လက် အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း ပြောကြားလိုက်သည်။
ပညာရေး ဝန်ကြီးဌာနမှ ဒုဝန်ကြီး ဦးဝင်းမော်ထွန်းက “အခု လောလောဆယ်တော့ သတ်မှတ်ထားတဲ့ အတိုင်းပဲ ဆက်ပြီး ဆောင်ရွက်နေပါတယ်။ မတ်လမှ အကောင်အထည်ဖော်ရမှာ။ လိုပါသေးတယ်” ဟု ယနေ့ အမျိုးသားလွှတ်တော် အစည်း အဝေးသို့ တက်ရောက်လာစဉ် ဧရာဝတီသို့ ပြောသည်။
ယခုနှစ်၂၀၁၉ -၂၀၂၀ ပညာသင်နှစ်မှ စ၍ မြန်မာ တနိုင်ငံလုံးရှိ အခြေခံပညာကျောင်းများ မတ်လ ၃၁ ရက်အထိ ကျောင်း တက်ရမည် ဖြစ်ကြောင်း၊ အခြေခံပညာဦးစီးဌာနမှ ၂၀၁၉ အတွင်းက ကြေညာချက် တစောင်ထွက်ထားခြင်း ဖြစ်သည်။
ပြီးခဲ့သည့်နှစ်များက မတ်လ၌ ၄ တန်း၊ ၈ တန်းနှင့် ၁၀ တန်း စာမေးပွဲများ ရှိသည့်အတွက် ကျန်သည့် အတန်းများကို ဖေဖော်ဝါရီလမှစ၍ ကျောင်းပိတ်ခြင်း ဖြစ်သည်။
မတ်လ ၃၁ ရက်အထိ ကျောင်းတက်ရန် ဆောင်ရွက်ရခြင်းမှာ စာသင်ချိန် ပြောင်းလဲ သတ်မှတ်ခြင်း မဟုတ်ဘဲ မူလသတ် မှတ်ထားသည့် ကာလအတိုင်း အပြည့်အဝ ကျောင်းတက်နိုင်ရန် အတွက် စီစဉ်ခြင်း ဖြစ်ကြောင်း၊ ပညာရေးဝန်ထမ်းများ အ နေဖြင့် သင်ရိုးညွှန်းတမ်း တခုပြောင်းတိုင်း သင်တန်းတက်ရသဖြင့် အလုပ်ပိုခြင်းကို နားလည်ကြောင်း ဦးဝင်းမော်ထွန်း က ဆိုသည်။
ထို့ပြင် ကမ္ဘာတွင် အာဖရိကနှင့် မြန်မာနိုင်ငံမှလွဲ၍ ကျန်သည့်နိုင်ငံများမှာ အခြေခံပညာ မူလတန်းကျောင်း သင်ရိုးများကို တနှစ်တွင် ၁၀ လ သင်ကြားပို့ချကြောင်း၊ မြန်မာနိုင်ငံတွင် ထိုသို့ ရေးဆွဲထားသော်လည်း ခေတ်အဆက်ဆက်က ၁၀ လ ပြည့်အောင် မတက်ရောက်ခဲ့ရသဖြင့် ယင်းအချက်ကို ပြုပြင်ပြောင်းလဲနိုင်ရန်အတွက် ကြိုးစားရခြင်းဟု ၎င်းက ရှင်းပြသည်။
ထိုသို့ စာသင်ချိန် ၁ လ တိုးမြှင့်လိုက်ခြင်းကြောင့် ကလေးများကို စာသင်ကြားမှုအပြင် စာစစ်ခြင်း၊ စာရင်းဇယားများပြုလုပ် ခြင်း အပိုင်းကို တွဲလုပ်မည် ဖြစ်ကြောင်း ပျဉ်းမနားမြို့ မူလွန်မြို့မကျောင်းမှ (လယ်ပြ – ၃) မှ ဆရာမ ဒေါ်သက်ငုံဖူး က ပြောသည်။
ဒေါ်သက်ငုံဖူး က “ကလေးတွေ ပိတ်လည်း ဆရာမတို့က နှစ်တိုင်း မတ်လကုန်ထိ တက်ရတာပဲ။ ဒီနှစ် ကလေးတွေပါ တက်ရမယ်ဆိုတော့ စိုးရိမ်တာက ရာသီဥတုက ပူတော့ ဝက်သက်၊ ဂျိုက်သိုး ပေါက်ရင် အကုန် ကူးကုန်မှာ။ ဒါမျိုးတွေ တော့ စိတ်ပူတယ်” ဟု ပြောသည်။
အခြေခံပညာ ကျောင်းများမှ ဆရာ/ဆရာမများက ထပ်တိုးမည့် အချိန် ၁ လတွင် စတုတ္ထ တန်း၊ အဋ္ဌမတန်းနှင့် တက္ကသိုလ် ဝင်တန်း စာမေးပွဲများ ကျင်းပရန်အတွက် စာမေးပွဲခန်း ပြင်ဆင်ခြင်း ကြီးကြပ်ခြင်း၊ အဖြေလွှာ စစ်ဆေးခြင်း၊ အောင်စာရင်း ပြုစုခြင်း စသည့် တာဝန်များကို တပြိုင်နက်တည်း ထမ်းဆောင်ရမည် ဖြစ်သည့်အတွက် ဆရာ၊ ဆရာမများကို ပိုမို၍ ဝန်ပိ စေကြောင်းနှင့် ဆရာ၊ ဆရာမများ၏ လက်ရှိ အင်အားမှာ လုံလောက်မှု ဟုဆိုကာ အနယ်နယ် အရပ်ရပ်၌ ဖဲကြိုးစိမ်း လှုပ် ရှားမှုများ ပြုလုပ်လျက် ရှိသည်။
ရန်ကုန်ပညာရေး တက္ကသိုလ် ကျောင်းသား သမဂ္ဂမှ ဖဲကြိုးစိမ်း လှုပ်ရှားမှု ဦးဆောင် ကော်မတီဝင် ကိုနောင်ထက်အောင်က “သူတို့ ဒီလို ပြောင်းလဲတယ်ဆိုတဲ့ အချိန်ကစပြီး ဒီအချိန်ထိ သူတို့ ကိုယ်တိုင် ဘယ်ဆရာ/ ဆရာမကို မျက်နှာချင်းဆိုင်ပြီး မေးဖူးလဲ” ဟု ဧရာဝတီသို့ ပြောသည်။
ဖဲကြိုးစိမ်း လှုပ်ရှားမှုကို ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်း စသည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားမဂ္ဂများ အဖွဲ့ချုပ်၊ ရန်ကုန် ပညာရေး တက္ကသိုလ် ကျောင်းသားသမဂ္ဂများ အဖွဲ့၏ ကိုယ်စားပြု ကော်မတီ စသည်တို့ဖြင့် ၂၆ ကျောင်းကို ကိုယ်စားပြု ဖွဲ့စည်း လုပ်ဆောင်နေခြင်း ဖြစ်သည်။
ကိုနောင်ထက်အောင်က “ကျနော်တို့က အခြေခံပညာက ဆရာ/မတွေရော၊ လူထု၊ မိဘ၊ ကျောင်းသား အားလုံး တိုင်ပင် ပြီးမှ ဒီကိစ္စကို ပြောနေတာ” ဟု ဆိုသည်။
တနိုင်ငံလုံးတွင် အခြေခံပညာ ကျောင်းသား/သူပေါင်း ၉ သန်းကျော် ရှိပြီး ထိုသို့ ပြောင်းလဲ သတ်မှတ်လိုက်ခြင်းကြောင့် ယခင် နွေရာသီကျောင်း ၃ လပိတ်ချိန်တွင် ယခုအခါမှာ ၂ လသာ ပိတ်တော့မည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာနက သိရသည်။
ပညာရေးဝန်ကြီးဌာန အနေဖြင့် စာသင်နှစ် ၁ လတိုးခြင်းသည် ကျောင်းသား မိဘများ စီးပွားရေး အောင်မြင်စွာ လုပ်ကိုင် နိုင်ရန်အတွက် အာရုံစိုက်စေလိုသဖြင့်ဆိုသည့် မှတ်ချက်ကို သင့်တော်သည့် မှတ်ချက် မဟုတ်ကြောင်း ဖဲကြိုးစိမ်း လှုပ်ရှား သည့် ဆောင်ရွက်သည့် ဆရာ/ဆရာမများက ပြောဆိုလျက် ရှိသည်။
ထို့ကြောင့် ဆရာ၊ ဆရာမများ၏ သဘောထားအပေါ် လျစ်လျူရှုနေမည် ဆိုပါက လာမည့်၂ဝ၂ဝ ရွေးကောက်ပွဲတွင် သင် ကြားရေးနှင့် မဆိုင်သည့် နိုင်ငံ့တာဝန်ခိုင်းစေမှုများကို ဥပဒေနှင့်အညီ မပူးပေါင်း၊ မကူညီတော့မည်ဟု မြန်မာနိုင်ငံလုံးဆိုင် ရာ ဆရာ/ဆရာမများ အဖွဲ့ချုပ်မှ ဇန်နဝါရီလအတွင်းက ကြေညာထားသည်။
အဆိုပါ မူဝါဒချမှတ်မှုနှင့် ပတ်သက်ပြီး ဖဲကြိုးစိမ်း လှုပ်ရှားမှုများဖြင့် ကန့်ကွက်နေသည့်ကြားမှ အခြေခံ ပညာကဏ္ဍမှ ဆရာ အဖွဲ့အစည်းများနှင့် တွေ့ဆုံ ဆွေးနွေးကာ နှစ်ဖက် သဘောတူညီမှုရမှသာ ဆက်လက် အကောင်အထည်ဖော်ရန်၊ ဗဟို ချုပ်ကိုင်မှုဖြင့် မလျော်သြဇာ သုံးကာ ဖိနှိပ်ပြောဆိုမှုများ ဆက်လက် လုပ်နေမည်ဆိုလျှင် တရားဥပဒေနှင့်အညီ ကန့်ကွက်မှု များကို အရှိန်မြှင့် လုပ်ဆောင်သွားမည်ဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ဆက်စပ်ဖတ်ရှုရန်
စာသင်ကာလ တိုးမြှင့်ခြင်းကို အမြန်ဆုံးဖျက်သိမ်းပေးရန် မုံရွာတွင် ဆန္ဒပြ
စာသင်ချိန် တိုးမည့် အပေါ် ကျောင်းသားမိဘများထံ သဘောထားလက်မှတ် တောင်းမည်
ဟင်္သာတနှင့် ငပုတောမြို့နယ်တို့တွင် ဖဲကြိုးစိမ်းကမ်ပိန်း၂ ရက် ဆက်တိုက် ပြုလုပ်