တရုတ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများ ကန့်သတ်ထားသဖြင့် မူဆယ်မှတဆင့် တရုတ်သို့ ဖရဲသခွား တင်ပို့ရောင်းချနေသော တောင်သူများ အခြေအနေ တည်ငြိမ်သည်အထိ စောင့်ဆိုင်းရန် မူဆယ် သစ်သီးဝလံ ကနု်စည်ဒိုင်က ဇန်နဝါရီ ၂၇ ရက်တွင် ထုတ်ပြန်သည်။
မူဆယ် ကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ ဦးစိုင်းခင်မောင် က “သူတို့(တရုတ်)ဘက်ကလဲ အသွားအလာ ပိတ်ထားတော့ ဒီဘက်ကို လာတဲ့သူ မရှိသလောက် ဖြစ်သွားတယ်။ ဒီနေ့ဆို အရောင်းအဝယ် မဖြစ်သလောက်ဘဲ၊ ရောင်းမယ့်သူရှိပြီး ဝယ်မယ့် သူ မရှိလို့လေ” ဟု ဧရာဝတီကို ပြောသည်။
တရုတ် နှစ်သစ်ကူးကာလ မူဆယ် ၁၀၅ မိုင်ရှိ သစ်သီး အရောင်းကွင်းကို ဇန်နဝါရီ ၂၄၊ ၂၅၊ ၂၆ ရက် ၃ ရက် ပိတ်ထား ပြီး ဇန်နဝါရီ ၂၇ ရက်တွင် ပြန်လည် ဖွင့်လှစ်ခဲ့သော်လည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံတွင် ဒေသတွင်း သယ်ယူ ပို့ဆောင်ရေး လမ်းကြောင်းများအား ကန့်သတ်ထား၍ သစ်သီး အရောင်းကွင်းသို့ လာရောက် ဝယ်ယူမည့် ကုန်သည် မရှိသလောက် နည်းပါးသွားသည်ဟု သိရသည်။
ထို့ကြောင့် ဗိုင်းရပ်စ်ကူးစက်မှု အခြေအနေအရ လတ်တလောတွင် ဖရဲ သခွား အရောင်းအဝယ် ယာယီ ရပ်တန့် နေမည့် အနေအထားရှိသဖြင့် တောင်သူများအနေဖြင့် ဆုံးရှုံးနစ်နာမှု မဖြစ်စေရန်အတွက် ပြည်တွင်းရှိ နယ်အသီးသီးမှ မူဆယ်သို့ တင်ပို့လျက်ရှိသော ဖရဲသခွားများအား မတင်ပို့သေးဘဲ အခြေအနေ စောင့်ဆိုင်းကြည့်သင့်သည်ဟု မူဆယ် သစ်သီးဝလံ ကုန်စည်ဒိုင်က အသိပေး နှိုးဆော်ထားသည်။
တရုတ် နှစ်ကူးမတိုင်ခင်က အရောင်းအဝယ်သွက်ခဲ့သော မူဆယ် ဖရဲသခွား ဈေးကွက်သည် တရက်လျှင် သစ်သီး ကား အစီးရေ ၇၀၀ ဝန်းကျင် ဝင်ရောက်ခဲ့ကြောင်း၊ သစ်သီးအရောင်းကွင်း ပြန်ဖွင့်သည့် ဇန်နဝါရီ ၂၇ ရက်တွင် သစ်သီး ကား အစီး ၃၀၀ ခန့် ဝင်ရောက်လာသော်လည်း အရောင်းအဝယ် ယာယီတန့်နေသဖြင့် သီးနှံပေါက်ဈေးလည်း မရှိကြောင်း မူဆယ် သစ်သီးဝလံ ကုန်စည်ဒိုင်မှ သိရသည်။
ပဲခူးတိုင်းမှ ဖရဲသခွား တောင်သူ ကိုနိုင်လင်းထက်က “ဒီနေ့ မူဆယ်တင်မယ့် အသီးကားနှစ်စီးက မူဆယ်ဘက်မှာ ရောင်းလို့မရဘူး ဆိုတော့ ရန်ကုန်ဈေးကွက်မှာ ရသလောက်ဈေးနဲ့ ရောင်းရမှာပေါ့။ မခူးရသေးတဲ့ အသီးတွေကိုတော့ ဒီတိုင်းပဲ ထိုင်ကြည့်နေရုံပဲ ရှိတာပါပဲ။ အခြေအနေက သူတို့နိုင်ငံမှာတောင် အရေးပေါ်ဖြစ်နေတာဆိုတော့ ကိုယ်က ဘာတတ်နိုင်မှာလဲ” ဟု ဧရာဝတီကို ပြောသည်။
ဝူဟန်မြို့တွင် စတင် ဖြစ်ပွားသော ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်၌ ကုန်ကားများနှင့် ကုန်သွယ် ရေး လမ်းကြောင်းများ မပိတ်သေးသော်လည်း နယ်စပ်ဂိတ်များတွင် လူအဝင်အထွက် ပိုမိုကြတ်မတ် စစ်ဆေးလျက် ရှိသည်ဟု မူဆယ် ဒေသခံများထံမှ သိရသည်။
ယခုရာသီသည် မူဆယ်မှတဆင့် တရုတ်နိုင်ငံဈေးကွက်သို့ မန္တလေး၊ စစ်ကိုင်း၊ ပဲခူး၊ ကရင်၊ မွန်၊ ရန်ကုန် အစရှိသည့် ဒေသ အသီးသီးက ဖရဲသခွား သီးနှံများ တင်ပို့ရောင်းချလျက်ရှိရာ ဖရဲသခွားရာသီသည် လာမည့် ဧပြီလဆန်းပိုင်းတွင် ကုန်မည် ဖြစ်ကြောင်း တောင်သူများက ပြောပြသည်။
You may also like these stories:
တရုတ် We Chat ယဉ်ကျေးမှုနှင့် မန္တလေး ကျောက်ဈေးကွက်
တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် အခက်အခဲ ပိုများလာ ဟုဆို