မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် မြို့သာစက်မှုဥယျာဉ်မြို့တော်၌ ဆေးခြောက် စိုက်ပျိုးသည်ဟုဆိုကာ တရားစွဲ ထားသည့် အမှု၌ အာမခံဖြင့် လွတ်မြောက်သွားသည့် အမေရိကန်နိုင်ငံသား မလာရောက်သည့်အတွက် ၎င်းအား ကျပ် သိန်း ၃ထောင်ဖြင့် အာမခံခဲ့သူအား မြင်းခြံတရားရုံးက အမှုဖွင့်လိုက်သည်။
အသက် ၆၃ နှစ်ရှိ အမေရိကန်နိုင်ငံသား Mr. John Fredric Todoroki ကို ရုံးချိန်းများ ပျက်ကွက်သဖြင့် ယမန်နေ့က ရုံးချိန်းတွင် ရုံးတော်ရှေ့ အရောက်ပို့ရန် ပြီးခဲ့သည့် ဇန်နဝါရီ ၁၃ ရက်နေ့ ရုံးချိန်းကတည်းက တရားရုံးဆင့်စာဖြင့် ညွှန်ကြား ထားသော်လည်း မပို့နိုင်သဖြင့် အာမခံခဲ့သူ ဒေါက်တာ ခင်မောင်ဝင်းအား ရာဇဝတ်ကျင့်ထုံး ၅၁၄ အရ ရာဇဝတ် အထွေ ထွေအမှုဖြင့် မြင်းခြံခရိုင်တရားရုံးက အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။
မြင်းခြံခရိုင် တရားရုံး ပြန်ကြားရေး အရာရှိ ဒေါ်တင်သန်းက “တရားခံ ၁ ဖြစ်တဲ့ မစ္စတာဂျွန်ကို အာမခံတဲ့ ဒေါက်တာ ခင်မောင်ဝင်း ရုံးရှေ့ကို ရောက်ပါတယ်။ ဒီနေ့ရုံးချိန်းမှာ တရားခံ မစ္စတာဂျွန်ကို ရုံးရှေ့အရောက်ပို့ဖို့ ချိန်းဆိုထားပေမယ့် တင်ပို့လာနိုင်ခြင်း မရှိတဲ့အတွက် မစ္စတာဂျွန်ကို အာမခံထားတဲ့ ဒေါက်တာခင်မောင်ဝင်းကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၅၁၄ အရ ရာဇဝတ် အထွေထွေအမှု ဖွင့်လှစ်ပြီး ဆောင်ရွက်ခဲ့ ပါတယ်” ဟု ပြောသည်။
အမေရိကန်နိုင်ငံသား Mr. John Fredric Todoroki ရုံးတော်သို့ လာရောက်ရေးအတွက် နောက်ထပ် တလ အချိန်ပေးရန် အာမခံခဲ့သူ ဒေါက်တာခင်မောင်ဝင်းက တောင်းဆိုထားကြောင်း၊ သို့သော် တရားရုံးအနေဖြင့် လာမည့် ဖေဖေါ်ဝါရီလ ၃ ရက်နေ့ ရုံးချိန်းတွင် တရားခံအား တင်ပို့ပေးရန်သာ ထပ်မံချိန်းဆိုကြောင်း၊ အကယ်၍ တင်ပို့နိုင်ခြင်း မရှိပါက အာမခံ ခံဝန်ချုပ်ပါ စည်းကမ်းအတိုင်း ရာဇဝတ်ကျင့်ထုံး ၅၁၄ အရ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း တရားရုံး ပြန်ကြားရေး အရာရှိက ပြောသည်
အာမခံပေးခဲ့သည့် ဒေါက်တာခင်မောင်ဝင်းကလည်း “ကိုယ် အာမခံ ပေးထားတဲ့ ငွေအတွက်တော့ ပူပင်သောက ရောက် တာတော့ ရှိတာပေါ့၊ ဒါပေမယ့်လည်း အလုပ်တခုကို တာဝန်ယူထားရင် တာဝန်ယူထားတဲ့ အတိုင်းတော့ ဖြစ်ရမှာပေါ့နော်။ သူ့ ဥပေဒေ အတိုင်းတော့ လိုက်နာရမှာပေါ့၊ အဲဒီအပေါ်မှာ ကျနော်တို့ ကွန်ပလိန်း တက်လို့ မရပါဘူး။ ပြီးတော့ သူ့ကို အာမခံပေးတဲ့ ငွေကြေးက ကျနော့် ကိုယ်ပိုင်ငွေကြေးလည်း မဟုတ်ဘူး၊ ဘဏ်ချေးငွေနဲ့ လုပ်ပေးထားတာပါ” ဟု ပြောပြသည်။
ဆက်လက်၍ “အခုလုပ်ငန်းက မြန်မာပြည်မှာတော့ မူးယစ်ဆေးဝါး ဥပဒေနဲ့ ငြိတာမှန်တယ်၊ နိုင်ငံတကာမှာက ကွန်ဖရန့်တွေ လုပ်ပြီးတော့ Research တွေ လုပ်နေတာ၊ ကျနော်တို့က အဓိက အဲဒါကို အားပေးတာ၊ လူပုဂ္ဂိုလ်ကို အားပေးတာ မဟုတ်ဘူး၊ ပြီးတော့ သူလုပ်နေတဲ့ လုပ်ငန်းက စီးပွားရေးလုပ်ငန်း သဘောအရလည်း တိုင်းပြည်အတွက် တကယ် အကျိုးရှိနေတဲ့ဟာကို ဝိုင်းပိတ်ပင်တယ်ဆိုတော့ ကျနော်တို့က ဘာပြောရမလဲ။ အဲဒီအချိန်က သူက ကျန်းမာရေးအရ ဆိုးရွားနေပြီး သေရမယ့် အခြေအနေ ကျနော်တို့က မေတ္တာနဲ့ စေတနာနဲ့ လုပ်သင့်လုပ်ထိုက်တာကို ကိုယ်ကျိုးစွန့်ပြီး လုပ်ပေးခဲ့တာပါ”ဟု ဒေါက်တာခင်မောင်ဝင်းက ပြောသည်။
ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၅၁၄ ပြဌာန်းချက်များအရ မိမိတို့ အာမခံထားသော တရားခံ ထွက်ပြေးသွားလျှင် သို့မဟုတ် အကြောင်းမဲ့ ရုံးချိန်းပျက်ကွက်လျှင် အာမခံသူများအား ရာဇဝတ် အသေးအဖွဲ့မှု ဖွင့်လှစ် အရေးယူ ခံရနိုင်သလို ပုဒ်မ ၅၁၄ အရ တရားရုံးသည် ခံဝန်ချုပ်ပါ တာဝန်ရှိသူ မည်သူ့ကိုမဆို ၎င်းခံဝန်ချုပ်တွင် ချုပ်ဆိုထားသော အာမခံကြေးငွေကို ပေး ဆောင်ရန် သို့မဟုတ် မည်သည့်အတွက် မပေးဆောင်သင့်ကြောင်းကို အကြောင်းပြ ထုချေရန် ဆင့်ဆိုနိုင်ကြောင်း သိရသည်။
“ကျင့် ၅၁၄ ဆိုတာက အာမခံသူ အနေနဲ့ သူအာမခံတဲ့ စွပ်စွဲခံရသူက ရုံးရှေ့ကို မှန်မှန် ရောက်ပါမယ်ဆိုတဲ့ဟာမျိုး အာ မခံစဉ် အခါက အာမခံလိုက်ရတာ ရှိတယ်လေ၊ အဲဒီလို အနေအထားမှာ သူက ရုံးချိန်းပျက်တာတွေ များလာရင် သူ့မှာ တာဝန် ရှိလာတယ်၊ သူ့မှာ တာဝန်ရှိလာတဲ့ အပိုင်းက သူအာမခံ တင်ထားတဲ့ ငွေကြေးပမာဏကို ရုံးက သတ်မှတ် ပေး ထားတာ ရှိတယ်။ အဲဒီဟာကို လျော်ပေးဖို့ လုပ်ငန်းစဉ်ပါပဲ”ဟု တရားခံ၏ အကျိုးဆောင် တရားလွှတ်တော်ရှေ့နေ ဦးထင်အောင်က ပြောသည်။
ဆက်လက်ပြီး တရားလွှတ်တော်ရှေ့နေ ဦးထင်အောင်က “ဒီကြားထဲမှာ ၁ လလောက် အချိန်ရနိုင်တာကြောင့် စွပ်စွဲခံရသူ တရားခံ ပြန်ရောက်လာတယ် ဆိုရင်တော့ လျော်စရာ မလိုဘူးပေါ့။ မရောက်လာဘူး ဆိုရင်တော့ အာမခံသူက လျော်ပေးရ မယ့်အပြင် တရားခံကိုလည်း ကျင့် ၅၁၂ အရ တရားခံပြေး ကြေညာပြီး ဖမ်းဝရမ်း ထုတ်သွားမှာပေါ့”ဟု ရှင်းပြသည်။
ထို့အပြင် ၎င်းအမှုတွင် ပါဝင်သည့် မရွန်းလဲ့မြတ်နိုးသည် ကျန်းမာရေး ကောင်းမွန်မှု မရှိခြင်းကြောင့် အာမခံပေးရန် လျှောက်ထားမှုတွင် အထောက်အထား ပြည့်စုံစွာ တင်ပြနိုင်မှု မရှိခြင်းကြောင့်ဟုဆိုကာ အာမခံ လျှောက်ထားမှုအား ပယ်ချခဲ့သည်။
“၄၉၇(၁) ခြွင်းချက်အရ အမျိုးုသမီးဖြစ်မယ်၊ သက်ကြီးရွယ်အိုဖြစ်မယ်။ ကျန်းမာရေး ကောင်းမွန်မှု မရှိတာမျိုးတွေဆိုရင် အာမခံ ပေးလို့ရမယ်။ ဒါပေမယ့် စွဲဆိုထားတဲ့ ပုဒ်မတွေက သေဒဏ်၊ ကျွန်းဒဏ် ထိုက်တဲ့ ပုဒ်မတွေတော့ မဖြစ်ရဘူး။ အခုအမှုတွေမှာက သေဒဏ်၊ ကျွန်းဒဏ်ထိုက်တဲ့ ပုဒ်မတွေ ပါတာ ဖြစ်တဲ့အတွက် ၄၉၇(၁)ထဲမှာ ဝင်ရင်တောင်မှ တရားသူကြီးရဲ့ ဆင်ခြင်တုံတရားနဲ့ ပေးလို့ရတယ်ပေါ့၊ ကျန်းမာရေးအရ ဘာဖြစ်နေတယ်ဆိုတဲ့ ဆေးလက်မှတ် အထောက်အထား မပါလာတဲ့အတွက်ဆိုပြီး သုံးသပ်ပြီးတော့မှ အာမခံကို ပယ်ချခဲ့တာပါ”ဟု တရားလွှတ်တော်ရှေ့နေ ဦးထင်အောင်က ဆက်လက်ပြောသည်။
ထိုအမှုတွင် အမေရိကန်အခြေစိုက် IIIM ကုမ္ပဏီတာဝန်ရှိသူ အခြားအမေရိကန်နိုင်ငံသား ၅ ဦးကိုလည်း အမှုဖွင့်ထားပြီး ၎င်းတို့ မျက်ကွယ်တွင် အမှုကို စစ်ဆေးခဲ့ကာ တရားလိုပြသက်သေ ၂၉ ဦး တင်သွင်းထားပြီး ၁၈ ဦး စစ်ဆေးရန် ကျန်ရှိနေသည်။
လက်ရှိတွင် အဆိုပါ အမှုမှ ကျန်ရှိနေသည့် တရားလိုပြ သက်သေ ၁၈ ဦးကို ဆက်လက်စစ်ဆေးမှု မပြုလုပ်တော့ဟု ယမန်နေ့ ဇန်နဝါရီ ၂၇ ရက်နေ့ ရုံးချိန်းက တရားလိုရှေ့နေ အဖြစ် လိုက်ပါ ဆောင်ရွက်နေသည့် ဥပဒေအရာရှိက ပယ်ချ ခဲ့ခြင်းကြောင့် လာမည့် ဖေဖော်ဝါရီ ၃ ရက်နေ့ ရုံးချိန်းတွင် စွဲချက် တင်သင့်၊ မတင်သင့် နှစ်ဘက်လျှောက်လဲချက်များကို ကြားနာသွားမည်ဟု သိရသည်။
၂၀၁၉ ခုနှစ် ဧပြီ ၂၃ ရက်နေ့က မြို့သာစက်မှုဥယျာဉ်အတွင်း ဆေးခြောက် စိုက်ပျိုးသည်ဟုဆိုကာ စိုက်ပျိုးသူ အမေရိကန်နိုင်ငံသား Mr. John Fredric Todoroki၊ စိုက်ခင်း တာဝန်ခံ ရှိန်းလတ်နှင့် မရွှန်းလဲ့မြတ်နိုး တို့ကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
၎င်းတို့ ၃ ဦးအား စွဲဆိုထားသော ပုဒ်မများသည် နှစ်အကန့်အသတ်မရှိ ထောင်ဒဏ် ချနိုင်သည့် ပုဒ်မများ၊ သေဒဏ် ကျခံရမည့် ပုဒ်မများ ဖြစ်သည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဥပဒေ ပုဒ်မ ၁၆(က)၊ ၁၉(က)(ခ)၊ ၂၀(က)(ခ)၊ ၂၁ စသည့် ပုဒ်မများဖြင့် မူးယစ်ရဲတပ်ဖွဲ့မှ တရားလိုလုပ်၍ မြင်းခြံခရိုင်တရားရုံး၌ တရားစွဲဆို စစ်ဆေးနေခြင်း ဖြစ်သည်။
ယခင်က အချုပ်ဖြင့် အမှု ရင်ဆိုင်နေရသော အမေရိကန်နိုင်ငံသား Mr. John Fredric Todoroki ကို ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့က ကျန်းမာရေးကောင်းမွန်ခြင်း မရှိမှုကြောင့် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၉၂(၁) ခြွင်းချက်အရ မြင်းခြံခရိုင်တရားရုံးက ကျပ်သိန်း ၃၀၀၀ တန် အာမခံပေးခဲ့သည်။
၎င်းမှာ အာမခံပေးပြီးနောက်ပိုင်း ရုံးချိန်းများတွင် ပျက်ကွက်နေသည့်အတွက် အာမခံပေးထားသူ ဒေါက်တာခင်မောင်ဝင်း အနေဖြင့် ခံဝန်ချုပ်ပါ ဒဏ်ကြေးကို မည်သည့်အတွက်ကြောင့် မပေးဆောင်သင့်ကြောင်း အကြောင်းပြ ထုချေရန် မြင်းခြံ ခရိုင်တရားရံုံးက ဆင့်ဆိုခေါ်ယူမှုကို ပြုလုပ်ထားသည်။
တရားရုံး၏ ဆင့်ခေါ်မှုတွင် အာမခံသူက အကြောင်းလုံလောက်အောင် မတင်ပြနိုင်လျှင်ဖြစ်စေ သို့မဟုတ် အာမခံ ကြေးငွေကို မပေးဆောင်လျှင်ဖြစ်စေ ထိုသူပိုင်ပစ္စည်းများကို လည်းကောင်း၊ ထိုသူ သေဆုံးပြီး ဖြစ်ပါက ထိုသူပိုင် ကျန်ရစ်သော ပစ္စည်းများကိုလည်းကောင်း ဝရမ်းစွဲကပ်၍ အာမခံကြေးငွေကို ရယူနိုင်သည်။
ထို့ပြင်ပစ္စည်းကို ဝရမ်း စွဲကပ် ရောင်းချ၍ မရနိုင်ပါက ခံဝန်သူအား ဝရမ်းထုတ်သည့် တရားရုံး၏ အမိန့်ဖြင့် အလုပ်မဲ့ ထောင်ဒဏ် ၆ လအထိ ချမှတ် ခံရနိုင်သလို တရားရုံးသည် ခံဝန်ချုပ်ပါ အာမခံကြေးငွေအချို့ကို လွတ်ငြိမ်းခွင့်ပြု၍ အချို့ကို ရအောင် အတင်းအကြပ် တောင်းခံနိုင်ခွင့်လည်းရှိကြောင်း ပြဌာန်းချက်များအရ သိရသည်။
လူမှုကွန်ရက် စာမျက်နှာတွင် ဆေးခြောက် စိုက်ခင်းဟု နာမည်ကြီးခဲ့သည့် မြို့သာ စက်မှုဇုန် အတွင်း စိုက်ပျိုးထားသည့် စိုက်ခင်း ဧက ၃၀ ကျော်သည် ၁ နှစ်နီးပါး ရှိပြီဖြစ်ပြီး ကင်ဆာ ရောဂါ ပျောက်ဆေး ထုတ်လုပ်ရန် ရည်ရွည်၍ စိုက်ပျိုးခြင်း ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် ဧပြီ ၂၂ ရက်က မန္တလေးတိုင်း ရဲတပ်ဖွဲ့၊ FDA၊ မြင်းခြံခရိုင် အုပ်ချုပ်ရေးမှူး နှင့် ဓာတုဗေဒ စစ်ဆေးရေး ဌာနခွဲ (မန္တလေး) တို့က သွားရောက် စစ်ဆေးခဲ့သည်။
ဧပြီ ၂၂ ရက်က ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် စက်မှုဇုန်၌ ချဉ်ပေါင်လျှော် နွယ်ဝင် ဆေးခြောက် အာနိသင် ပါရှိသည်ဟု ယူဆရသော စိုက်ခင်း ဧက ၆၀ ခန့်၊ အလျား ပေ ၁၂၀၊ အနံ ပေ ၂၀ ရှိ အခန်း ၃ ခန်းပါ ဂိုထောင် ၁ လုံး၊ အဆိုပါ ဂိုထောင်အတွင်းမှ အရွက်မှုန့် အိတ် ၅၅ အိတ်ခန့်နှင့် အစေး ကုန်ချော ၁ ကီလိုခန့်အား စစ်ဆေးတွေ့ရှိခဲ့ကြောင်း ပါရှိသည်။
ထို့အပြင် ချဉ်ပေါင် လျှော်နွယ်ဝင် ဆေးခြောက် အာနိသင် ပါရှိသည်ဟု ယူဆရသော အရွက်ခြောက်မှုန့် ၅ ကီလိုခန့် နှင့် အရက် (ဘီအီး) ၅ ဂါလန်တို့ ရောစပ်၍ အဝတ်လျှော်စက်ထဲ ထည့်မွှေပြီး ပေါင်းခံပါက တဆေး ပုံသဏ္ဌာန် အစေး ၂၅၀ ဂရမ်ခန့် ရရှိကြောင်း၊ အစေ့အား ကြိတ်၍ ရရှိသော အဆီကို ပေါင်းခံ၍လည်း ထုတ်လုပ်နိုင်ကြောင်း၊ ကင်ဆာ ပျောက်ဆေး ထုတ်လုပ်ရန် ရည်ရွယ်၍ စိုက်ပျိုးခြင်း ဖြစ်နိုင်ကြောင်း စစ်ဆေးတွေ့ရှိရကြောင်း ပြည်ထဲရေး ဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
အဆိုပါ စိုက်ခင်းပြုလုပ်ရန်အတွက် ၂၀၁၈ ခုနှစ် မေလခန့် က စိုက်ခင်း ဧက ၆၀ ခန့်အား အမေရိကန် နိုင်ငံသား John Fredric ၊ Thomas နှင့် Alexandra Skemp တို့ ၃ ဦးက သဘာဝ ဆေးဘက်ဝင် လျှော်ပင် စိုက်ပျိုးရန် အတွက် တိုင်းအစိုးရအဖွဲ့၏ တရားဝင်ခွင့်ပြုချက်ဖြင့် Mandalay Myotha Industrial Development Public Co,Ltd (MMID) ထံမှ ငှားရမ်း လုပ်ကိုင်ခဲ့ခြင်းဟု ဖြေရှင်းထားသည်။
ထို့အပြင် စိုက်ခင်းမှ အပင်များတွင် မူးယစ်ဆေးဝါးပါဝင်မှု ရာခိုင်နှုန်းကို ပြန်လည်ဓာတ်ခွဲ စစ်ဆေးပေးရန် တရားစွဲဆို ခံထားရသည့် အမေရိကန် ကုမ္ပဏီဘက်က ထပ်မံလျှောက်ထားမှု ပြုလုပ်ထားကြောင်း သိရသည်။
ဆက်စပ်လင့်–
ဆေးခြောက်လျှော်အမှု အမေရိကန်နိုင်ငံသား ရုံးချိန်းထပ်ပျက်လျှင် အာမခံကြေးဆုံးမည်
မြို့သာဆေးခြောက်စိုက်ခင်းအမှု ချေဖျက်ပေးရန် လျှောက်ထားချက် တိုင်းတရားလွှတ်တော်လက်ခံ
ဆေးခြောက်လျှော်ပင် တရားဝင်စိုက်ခွင့်ရရေး လွှတ်တော်အဆိုတင်မည်
ဆေးခြောက်ပင် အမျိုးအစားအချို့ကို တားမြစ်ပစ္စည်းအဖြစ်ကနေ ပယ်ထုတ်လိုက်တဲ့ ထိုင်းနိုင်ငံ