သတင်း

ရခိုင်စစ်ပွဲကြောင့် စစ်ဘေးရှောင် ၁သိန်း ၆သောင်းကျော်ရှိလာဟု REC ထုတ်ပြန်

Want create site? Find Free WordPress Themes and plugins.

တနှစ်ကျော်ပြီဖြစ်သည့် တပ်မတော်နှင့် AA တို့၏ တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ်များ၌ စစ်ဘေး ရှောင် အရေအတွက် ၁၆၀၀၀၀ ကျော်အထိ တိုးလာကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်စု အစည်းအရုံး (Rakhine Ethnic Congress ) က ဇန်နဝါရီလ ၂၅ ရက် နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။

စစ်ဘေးရှောင် အများဆုံးတိုးလာသည့် မြို့နယ်များမှာ အမ်း၊ မြေပုံ၊ မင်းပြား၊ ရသေ့တောင်၊ ပေါက်တော စသည့်မြို့နယ် များဖြစ်ပြီး ၎င်းတို့မှာ ကျေးရွာအတွင်း စစ်ကြောင်းများ ဝင်ရောက်လာခြင်း၊ ကျေးရွာအနီး လက်နက်ကြီး ကျရောက်ခြင်း၊ နယ်မြေ မတည်မငြိမ်၍ စိုးရိမ်ကြောင့်ကြမှုများကြောင့် ထွက်ပြေးတိမ်းရှောင်လာကြသူများ ဖြစ်များကြောင်း ရခိုင်တိုင်းရင်း သား မျိုးနွယ်စု အစည်းအရုံး (REC )မှ ဥက္ကဌ ဦးရွှေဖော်စိန်က ပြောသည်။

ဦးရွှေဖော်စိန်က “ကျနော်တို့ လက်ရှိ ကောက်ယူထားတဲ့ စာရင်းအရ စစ်ဘေးဒုက္ခသည် အရေအတွက်က ၁၆၀၀၀၀ ကျော်လောက်ရှိသွားပြီး။ လက်ရှိမြေပြင် အခြေအနေအရဆိုရင် ဒီထက်လည်း ထပ်တိုးလာမယ့် အနေအထားရှိတယ်။ ဘာကြောင့်လည်းဆိုရင် ရွာကို စစ်ကြောင်း ဝင်လာတာတို့ ၊ ရွာအနီးအနား နှစ်ဘက် ပစ်ခတ်တာတို့ ၊ မသင်္ကာမှုနဲ့ ရွာတွေ ကို ဝင်ရောက် စစ်ဆေးတာတို့ ရှိနေတဲ့အတွက် ဒေသခံပြည်သူတွေ အရမ်းစိုးရိမ်မှုတွေ ဖြစ်နေကြတယ်” ဟုဧရာဝတီသို့ ပြောသည်။

လက်ရှိ ရခိုင်မြောက်ပိုင်းက စစ်ဘေးဒုက္ခသည်များမှာ အစိုးရအဖွဲ့၏ ကူညီထောက်ပံ့မှု မဖြစ်စလောက်သာရပြီး အရပ် ဘက် လူမှုအဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှု အများစုနှင့် စားသောက်နေထိုင် ရကြောင်းလည်း စစ်ဘေးဒုက္ခသည်များ အရေး ကူညီဆောက်ရွက်သူများက ဆိုသည်။

ဦးရွှေဖော်စိန်က “သူတို့မှာ လိုအပ်ချက်တွေကတော့ အများကြီး ရှိတယ်၊ အစိုးရအဖွဲ့အစည်းတွေရဲ့ကူညီမှုကို ကားလမ်းမနဲ့ နီးတဲ့ စခန်းတွေ၊ ပြီးရင် သူတို့ အသိအမှတ်ပြုတဲ့ စခန်းတွေလောက်ပဲ ရကြတာရှိတယ်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲ့တဲ့ နေရာတို့၊ တချို့ ဝေးလံခေါင်းဖျားတဲ့နေရာ၊ ကျေးရွာတွေမှာ ဘုန်းကြီးကျောင်းတို့ ၊ ချောင်းကမ်းဘေးလို နေရာမျိုးတွေမှာ တဲထိုးပြီး ခိုလူံနေကြတဲ့ လူတွေကတော့ တခါတလေ အရပ်ဘက်အဖွဲ့အစည်းတွေ ရောက်ရင် အကူအညီရတယ်။ မရောက်ရင် ကျေးရွာလူထု အကူအညီနဲ့ ဖြစ်သလို စားသောက် နေထိုင်ရတာ ရှိတယ်” ဟု ဆက်လက် ပြောကြားသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ်များတွင် နှစ်ဘက်တိုက်ပွဲကြောင့် ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့အထိ ကောက် ယူထားသော စာရင်းအရ စုရပ်စစ်ဘေးရှောင်ခန်းပေါင်း ၁၂၅ ခု ၊ လူဦးရေ ၄၉၂၂၁ ဦးရှိ ကြောင်း လူမှုဝန်ထမ်း ကယ် ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ရခိုင်ပြည်နယ် ဘေးအန္တရာယ် စီမံခန့်ခွဲရေး ဦးစီးဌာနမှ ပြည်နယ် ဦးစီးမှူး ဦးရဲမင်းဦးက ဧရာဝတီသို့ ပြောသည်။

“ကျနော်တို့စာရင်းကတော့ မြို့နယ်၊ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေကို အခြေခံပြီး အစိုးရအဖွဲ့က ကောက်ယူတားတဲ့ စာရင်းသာဖြစ်ပါတယ်။ တိုက်ပွဲရှောင်စခန်းတွေကိုလည်း အစိုးရအဖွဲ့ရဲ့ ပုံမှန်ကူညီ ထောက်ပံနေကျအတိုင်း ကူညီပေး နေပါတယ်” ဟု ပြောသည်။

အစိုးရအဖွဲ့၏ ကောက်ယူထားသော စာရင်းအရ စစ်တွေမြို့နယ်အတွင်း စခန်း ၉ ခု ၊ လူဦးရေ ၆၀၅ ဦး ၊ ပုဏ္ဏားကျွန်း မြို့နယ်အတွင်း စခန်း ၇ ခု၊ လူဦးရေ ၁၇၇၆ ဦး ၊ ရသေ့တောင်မြို့နယ်အတွင်း စခန်း ၂၈ ခု၊ ၁၂၂၁၂ ဦး၊ ပေါက်တောမြို့ နယ်အတွင်း စခန်း ၄ ခု၊ လူဦးရေ ၂၉၄ ဦး၊ မြောက်ဦးမြို့ နယ်အတွင်း စခန်း ၂၆ ခု၊ လူဦးရေ ၁၄၇၂၀ ဦး ရှိကြောင်း သိရသည်။

ယင်းအပြင် မင်းပြားမြို့နယ်အတွင်း စခန်း ၁၆ ခု၊ လူဦးရေ ၄၄၄၁ ဦး၊ ကျောက်တော်မြို့နယ်အတွင်း စခန်း ၄ ခု၊ လူဦးရေ ၂၂၄၃ ဦး ၊ မြေပုံမြို့နယ်အတွင်း စခန်း ၆ ခု၊ လူဦးရေ ၄၃၃၈ ဦး၊ ဘူးသီးတောင်မြို့နယ်အတွင်း စခန်း ၂၀ ခု လူဦးရေ ၈၂၂၀ ဦး၊ အမ်းမြို့နယ်အတွင်း စခန်း ၅ ခု၊ လူဦးရေ ၆၇၂ ဦးတို့ ဖြစ်ကြောင်းလည်း သိရသည်။

ယင်းစစ်ဘေးရှောင်စခန်းများအား အစိုးရအနေဖြင့် ပုံမှန်ထောက်ပံ့ ကူညီဆောက်ရွက်လျက်ရှိပြီး လက်ရှိအချိန်အထိ စားနပ်ရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများ အပါအဝင် စုစုပေါင်း ကျပ်ငွေ ၂ ဒသ မ ၅ ဘီလီလံကျော် ကူညီ ထောက်ပံ့ ပေးထားကြောင်းလည်း ဦးစီးမှူး ဦးရဲမင်းဦးက ဆိုသည်။

အစိုးရအဖွဲ့၏ စစ်ဘေးဒုက္ခသည်များအား ကူညီထောက်ပံ့မှု လုပ်ငန်းများတွင် အောက်ခြေစစ်ရှောင်စခန်းများသို့ ကူညီ ထောက်ပံ့မှုများ ပြည့်ပြည့်စုံစုံ အမှန်တကယ် ရောက်မရောက်ကို ပြန်လည် စိစစ်သင့်ကြောင်း စစ်ဘေးဒုက္ခသည် အရေး ဆောင်ရွက်နေသူများက ဝေဖန် ထောက်ပြသည်။

အိမ်ထောင်စု ၈၄၅ စု၊ လူဦးရေ ၃၂၅၀ ရှိသည့် မြောက်ဦးမြို့နယ် တိမ်ညို စခန်းတွင် ယခုအခါ သောက်သုံးရေနှင့် စားနပ်ရိက္ခာများ အကူအညီ လိုအပ်နေကြောင်းလည်း စခန်းတာဝန်ခံ ဦးဝေလှအောင်က ပြောသည်။

“စခန်းမှာ လိုအပ်ချက်တွေကတော့ အကုန်လိုအပ်နေတာတွေချည်းပဲ။ ရိက္ခာတွေလည်း ICRC က ထောက်ပံ့ပေးထားတာ ရှိတယ်။ အဲဒီရိက္ခာကလည်း ကုန်တော့မယ်။ နောက်တခါ စခန်းမှာ လူတွေက အရမ်းများတော့ သောက်သုံးရေတွေလည်း အခက်များနေတာတွေ ရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ယခုလ ဇန်နဝါရီလ ၂၄ ရက်နေ့ကလည်း တပ်မတော်စစ်ကြောင်း ရွာထဲသို့ ဝင်လာရာ ရသေ့တောင်မြို့နယ်အတွင်းက ရေဘုတ်၊ ငစံဘော်၊ မောင်ဖြူ၊ ကျောက်ရံ စသည့်ရွာများမှာ ကျေးရွာသားများ စိုးရိမ်ကြောင့်ကြ၍ ရသေ့တောင်မြို့ပေါ်နှင့် နီးစပ်ရာ ကျေးရွာများသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရကြောင်း သိရသည်။

အလားတူ မြေပုံမြို့နယ် စညှင်းကျေးရွာမှ လူဦးရေ ၅၀၀ ကျော်ရှိသည့် ဒုက္ခသည်စခန်းကို ဇန်နဝါရီလ ၂၅ ရက်နေ့ ည ၁၀ နာရီခန့်က တပ်မတော် စစ်ကြောင်းတကြောင်း လာရောက်ကာ ထိုနေရာတွင် စခန်းမချရန် လာရောက် ဖိအားပေးကာ ယာယီတဲတချို့ကိုလည်း ဖျက်စီးသွားခဲ့ကြောင်း စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။

ယမန်နေ့လည်း တပ်မ ၆၆မှ တပ်ဖွဲ့ဝင်များနှင့် ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ထိုနေရာတွင် စခန်း ချခွင့်မပြုသည့်အတွက် ဖယ်ရှားပေးရန် လာရောက်ပြောဆိုမှု ရှိကြောင်းလည်း စစ်ဘေးရှောင်အရေးအား ကူညီ ဆောင်ရွက်ပေးနေသူ သဘာဝနဒီ ဆရာတော်က မိန့်သည်။

သဘာဝနဒီ ဆရာတော်က“မနေ့ကတော့ တပ်မ ၆၆ က တပ်ဖွဲ့ဝင်တွေ စခန်းကို လာပြီး လူဦးရေစာရင်းတွေ စစ်ဆေးတာ ရှိတယ်။ ဒီနေရာမှာ ဒုက္ခသည်စခန်း ဖွင့်လို့မရဘူးလို့ ပြောတယ်။ နယ်/လုံ ဝန်ကြီးက ခွင့်မပြုဘူးလို့ပြောတယ်။ အဲဒီ ခွင့် မပြုတဲ့ တရားဝင် အထောက်အထားနဲ့ စာကို ပြပါ။ စခန်းချဖို့ မြေနေရာသတ်မှတ်ပေးပါ ဆိုတော့ သူတို့ အထက်ကို တင်ပြ ပေးမယ်ဆိုပြီး ပြောတယ်။ ကိုယ်တော်တို့ မြင်တာက ဒုက္ခသည်တွေကို သက်သက်လာပြီးတော့ ကြောက်လန့်အောင် ခြိမ်းခြောက်တာလို့ မြင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

တပ်မတော်နှင့် AA အဖွဲ့တို့၏ နှစ်ဘက်တိုက်ပွဲကြောင့် စညှင်းဒုက္ခသည် စခန်းတွင် လာရောက်နေ ထိုင်သူများမှာ ဟင်းခရော် ၊ အင်းကြင်း ၊ လီသွန်စသည့်ကျေးရွာများက ဖြစ်ပြီး ယမန်နေ့က တပ်မတော် စစ်ကြောင်းက ဝင်ရောက်မှုကြောင့် အဆိုပါ စညှင်းကျေးရွာသားများကပါ ဒုက္ခသည်စ ခန်းသို့ လာရောက်နေထိုင်မှု ရှိကြောင်းလည်း သိရသည်။

စညှင်းစစ်ဘေးရှောင်စခန်းတွင် ဝင်ရောက်ခိုလူံနေသည့် လီသွန်ကျေးရွာသူ ဒေါ်မိုးသန်းတင်က “ ကျမတို့ အနီးဝန်းကျင် မှာ ဒီလောက်တိုက်ပွဲတွေ ဖြစ်လို့ ထွက်ပြေးလာကြတာကို။ ဒီမှာ မနေရဘူး ဆိုတော့ ဘယ်မှာ သွားနေရမလဲ။ အခုစား သောက်စရာတွေလည်း မရှိဘူး။ ကူညီမဲ့သူလည်း မရောက်ဘူး။ အဲဒါကို ဟိုတနေ့က စစ်သားတွေ လာပြီး အကြမ်းဖက်သ လို မိုးပေါ်သေနတ်တွေ ထောင်ပစ်ပြီး အကုန်ထွက် ၊ အကုန်ထွက်ဆိုပြီးတော့ နောက်နေ့ ဒီမှာ မမြင်ချင်ဘူးဆိုပြီး တဲတွေ ကို ဖျက်စီးသွားတယ်” ဟု ဧရာဝတီသို့ ပြောသည်။

စညှင်း စစ်ဘေးရှောင်များ၏ အဆိုအရ တပ်မတော်စစ်ကြောင်းက ဝါးဖြင့် ဆောက်လုပ်ထားသည့် ယာယီတဲ ၃ လုံးကို ဖျက်စီးသွားကာ အမိုးများကိုလည်း ဖျက်စီးသွားကြောင်း ပြောသည်။

မြေပုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက အစိုးရအဖွဲ့အစည်းများ အနေဖြင့် စစ်ဘေးရှောင် ပြည်သူများကို ကူညီမပေးသည့် အပြင် ထိုသို့သော ဖိအားပေး လုပ်ဆောင်ချက်များမှာ မလုပ်သင့်သည့် ကိစ္စတခုဖြစ် ကြောင်း ပြောသည်။

ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက “ နိုင်ငံတော်အစိုးရ အနေနဲ့ စစ်ဘေးရှောင် တွေကို ကူညီဖို့တာဝန်ရှိ တယ်။ အခုက စခန်းကို ဖျက်ဖို့ ဖိအားပေးတယ်။ ခြိမ်းခြောက်တယ်ဆိုတာတွေက မဖြစ်သင့်ပေါ့။ ဒါတွေက အစိုးရအဖွဲ့ အစည်းဖြစ်တဲ့ တပ်မတော်ရယ်၊ အစိုးရရယ် သူတို့ရဲ့ ပုံရိပ်တွေကို ထိခိုက်တယ်ပေါ့။ ဒီဟာတွေက မလုပ်သင့်တဲ့ ကိစ္စတွေ ဖြစ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

မြေပုံမြို့နယ်အတွင်းက စညှင်းဒုက္ခသည်စခန်း ဖြစ်စဉ်နှင့် ပတ်သက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောခွင့်ရ ဗိုလ်မှူးကြီး ဝင်းဇော်ဦး အပါအဝင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်း နှင့် ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင် ဝန်ကြီး ဦးဝင်းမြင့်တို့ထံ ယမန်နေ့နှင့် ယနေ့ မနက်ပိုင်းက ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ စစ်ဘေးရှောင်ဒုက္ခသည်များအတွက် အချိန်မီ လူနေအိမ် အဆောင်များ ဆောက်ပေးရန် စီစဉ်ထားပြီ ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားသော်လည်း မြေပြင်အခြေအနေတွင် စစ်ဘေးရှောင် ဒုက္ခသည်များမှာ ကိုယ်ထူ ၊ ကိုယ်ထ ဆောက်လုပ်၍ ဖြစ်သလို နေထိုင်ကြရသည့်အတွက် စစ်ဘေးရှောင် ဒုက္ခသည်အရေးနှင့် ပတ်သက်ပြီး အစိုးရအပေါ် ဝေဖန်မှု မြင့်တက်နေသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့သည် စစ်ရေးပဋိပက္ခ ဖြစ်ပွားနေသော ရခိုင်ပြည်နယ် မြောက်ပိုင်း မြို့နယ်များသို့ ပြီးခဲ့သောနှစ် နွေရာသီကတည်းက အုပ်ချုပ်မှုကိစ္စ အပါအဝင် စစ်ဘေးရှောင်စခန်းများသို့ မသွားဖြစ်တော့ကြောင်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ ပြောခွင့်ရသူ စည်ပင် ဝန်ကြီး ဦးဝင်းမြင့်က ဧရာဝတီသို့ ပြောဆိုထားသည်။

ဆက်စပ်ဖတ်ရှု့ရန်

တိုက်ပွဲကြောင့် ရသေ့တောင် ဒေသခံ ၄၀၀ ကျော် စစ်တွေသို့ တိမ်းရှောင်လာ

ရခိုင်ဒေသ တိုက်ပွဲများကြောင့် စစ်ရှောင်ဒုက္ခသည် ဦးရေ ပိုများလာ

ရခိုင် စစ်ဘေးရှောင်များ အတွက် တပ်မတော် ကျပ် သိန်း ၅၀၀၀ လှူ

Did you find apk for android? You can find new Free Android Games and apps.
Loading