တိုင်းရင်းသားပါတီတချို့က တပ်မတော်ကို နိုင်ငံရေးမှ လုံးဝဖယ်ထုတ်ရန် သဘောထား ရှိသော်လည်း လွှတ်တော်ထဲတွင် တပ်ကိုယ်စားလှယ် ၅ ရာခိုင်နှုန်းခန့် ရှိသင့်ကြောင်း အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) ပါတီမှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုးက ဇန်နဝါရီလ ၂၇ ရက် နေပြည်တော်တွင် သတင်းထောက်များကို ပြောသည်။
“၅ ရာခိုင်နှုန်းလောက်ကတော့ ရှိသင့်တယ်။ ဘယ်ခေတ် ဘယ်အခါ ဘယ်အချိန် လွှတ်တော်မှာ ဖြစ်ဖြစ်ပေါ့နော်။ ဒီလိုမျိုး တပ်မတော်သား ကိုယ်စားလှယ်တွေ ရှိနေခြင်းအားဖြင့် အရပ်ဘက်နဲ့ တပ်မတော်ဘက်နဲ့ လက်တွဲပြီးတော့ လုပ်ရမယ့် လုပ်ငန်းတွေလည်း ရှိတယ်”ဟု ဖွဲ့ စည်းပုံ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ အတွင်းရေးမှူးဟောင်းလည်း ဖြစ်သူ ၎င်းက ပြောသည်။
NLD ပါတီက တင်ပြထားသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဒုတိယ အကြိမ် ပြင်ဆင်သည့် ဥပဒေတွင်လည်း တပ် ကိုယ်စားလှယ်များကို အဆင့်လိုက် လျော့ချထားရာ လွှတ်တော် တတိယအကြိမ်တွင် ၁၅ ရာခိုင်နှုန်း၊ စတုတ္ထအကြိမ် တွင် ၁၀ ရာခိုင်နှုန်း၊ ပဉ္စမအကြိမ်တွင် ၅ ရာခိုင်နှုန်း သတ်မှတ်ထားပြီး လုံးဝ ဖယ်ထုတ်ရေး မပါဝင်ဟု သိရသည်။
“ဆဌမအကြိမ် သက်တမ်းမှာ လုံးဝ ပယ်ဖျက်ပါလို့ မပါဘူး။ ဆိုလိုတဲ့ သဘောကတော့ တပ်မတော်ရဲ့ အခန်းကဏ္ဍကို ပယ်မထားဘူး။ တပ်မတော်ကလည်း နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးတာဝန်တွေကို သက်စွန့်ကြိုးပမ်းပြီးတော့ ထမ်းဆောင်ခဲ့တာ”ဟု ဧရာဝတီသို့ ဒေါက်တာ မြတ်ဉာဏစိုးက ပြောသည်။
တပ်မတော်ကို နိုင်ငံရေးမှ လုံးဝဆုတ်ခွာရန် သဘောထားရှိသည့် ပါတီများမှာ ရခိုင်အမျိုးသားပါတီ (ANP)၊ ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ ချုပ် (SNLD)၊ မွန်အမျိုးသား ပါတီနှင့် အမျိုးသား ညီညွှတ်သော ဒီမိုကရက်တစ်ပါတီတို့ ဖြစ်သည်။
၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီရှိ နိုင်ငံရေးပါတီ အစုအဖွဲ့ အသီးသီးနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်တို့၏ ပြင်ဆင်၊ ဖြည့်စွက် အကြံပြုချက်များတွင် ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသားပါတီ အများစုက တပ်မတော်၏ လွှတ်တော်တွင်း ပါဝင်မှုကို လုံးဝ ပယ်ဖျက်ရန် အကြံပြုခဲ့ကြသည်။
သို့သော် ယင်းကော်မတီအတွင်း ဆုံးဖြတ်ချက်များကို မဲစနစ်နှင့် ဆုံးဖြတ်သည့်အခါ အာဏာရ NLD ပါတီ၏ အဆိုပြုချက် ဖြစ်သည့် တပ်မတော်ကို နိုင်ငံရေးမှ တဆင့်ချင်း လျော့ချမည့် အစီအစဉ်သာ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြချက်တွင် ပါဝင်လာသည်ကို တွေ့ရသည်။
“တပ်မတော်ကတော့ နိုင်ငံတော် ကာကွယ်ရေးကိုပဲ အထူး ဦးစားပေး ဆောင်ရွက်တဲ့ အင်စတီကျူးရှင်းတခုပဲ ဖြစ်စေချင်တယ်။ နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍမှာ မလွဲမသွေ ပါဝင်ရမယ်ဆိုတာမျိုးကတော့ ကျနော်တို့က သဘောမတူ ဘူး။ တပ်မတော်သည် တပ်မတော်အလုပ်ပဲ လုပ်ရမယ်”ဟု SNLD ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းအေးက ပြောသည်။
တပ်မတော်ကို နိုင်ငံရေး အခန်းကဏ္ဍမှ လျော့ချမှုနှင့် ပတ်သက်၍ ဒုဗိုလ်မှူးကြီး မျိုးထက်ဝင်းက ၎င်းတို့အနေဖြင့် ယခုကိစ္စကို ပြန်လည် ဆွေးနွေးရဦးမည်ဟု သတင်းထောက်များကို ပြောသည်။
“တတ်သိနားလည်တဲ့သူတွေ၊ ပညာရှင်တွေ ယခင်ကလည်း ဖွဲ့ စည်းပုံ အခြေခံ ဥပဒေကို ဆွဲထားတဲ့ ရည်ရွယ်ချက်တွေနဲ့ အခု လက်ရှိ အနေအထားတွေ နောင်ဖြစ်လာနိုင်မယ့် အနေအထားတွေ ညှိနှိုင်းပြီးတော့မှ ဒီဟာကို ဘယ်လို ဆွေးနွေးသင့်သလဲ။ ဘယ်လို လုပ်မလဲဆိုတာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။
တပ်မတော်သည် လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်း ယူထားသည်မှာ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ချင်ပါက ၇၅ ရာခိုင်နှုန်းကျော်မှ ပြင်ဆင်နိုင်မည်ဖြစ်၍ တပ်မတော်က လွှတ်တော်၏ ဆောင်ရွက်ချက်များကို ထိန်းကျောင်းနိုင်ရန် ၂၅ ရာခိုင်နှုန်း အပြည့် လိုသဖြင့် တဆင့်ချင်း လျော့ချပေးမည် မထင်ကြောင်း နိုင်ငံရေး အသိုင်းအဝိုင်းက သုံးသပ်သည်။
တပ်မတော်ကမူ လွှတ်တော်တွင် တပ်မတော်က ၂၅ ရာခိုင်နှုန်း ပါဝင်နေခြင်ကြောင့် ပြည်သူလူထုတွင် မည်သည့် ထိခိုက်နစ်နာမှုမျှ မရှိကြောင်း လွှတ်တော်တွင်း တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့ ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် မောင်မောင်က ၂၀၁၈ ခုနှစ်၊ မေလအတွင်းက နေပြည်တော်တွင် သတင်းထောက်များကို ပြောဆို ထားသည်။
တပ်မတော်သည် ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေကို ကာကွယ်စောင့်ရှောက်ခြင်းသည် နိုင်ငံ၏ အချုပ်အခြာ အာဏာ ယိမ်းယိုင် မသွားစေရန်နှင့် ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ လိုသလို ပြင်ပြီး ယိုင်နဲ့ မသွားအောင် ကာကွယ် စောင့်ရှောက်နေခြင်း ဖြစ်ကြောင်း ၎င်းတို့က ပြောဆိုထားသည်။
လက်ရှိ ပြည်ထောင်စု လွှတ်တော်တွင် NLD ပါတီမှ ကိုယ်စားလှယ် ၅၉ ရာခိုင်နှုန်း၊ တိုင်းရင်းသား ပါတီ အသီးသီးမှ ကိုယ်စားလှယ် ၁၁ ရာခိုင်နှုန်း၊ ကြံ့ခိုင်ရေး ပါတီမှ ကိုယ်စားလှယ် ၅ ရာခိုင်နှုန်းနှင့် တပ်မတော်မှ ၂၅ ရာခိုင်နှုန်း အသီးသီး ပါဝင်ပြီး ကိုယ်စားလှယ် စုစုပေါင်း ၆၅၇ ဦး ရှိသည်။
You may also like these stories:
အစိုးရ ပေးပို့သည့် ICOE အစီရင်ခံစာ အသေးစိတ် လေ့လာရမည်ဟု တပ်မတော် ပြော
ရှမ်းမြောက်တွင် လက်နက်ခဲယမ်း အမြောက်အမြား ထပ်မံ သိမ်းဆည်းရမိ
တနိုင်းရှိ ပယင်း လုပ်ကွက်များ ကွင်းဆင်း စိစစ်နိုင်ရန် တပ်ချုပ်ထံ အကူအညီတောင်း